ဖရဲ

ဖရဲစိုက်တောင်သူဦးကြီးများအတွက် ဖရဲသက်တမ်းအလိုက်၊ ပိုးမွှား ရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။

၁။ မူရင်းဒေသ
ဖရဲ၏မူရင်းဒေသမှာ အာဖရိကတိုက်ဖြစ်သည်။ (၁၆) ရာစုနှစ်မှစ၍ အာဖရိကတိုက်မှ ဥရောပတိုက်၊ အာရှတိုက်၊ အမေရိကတိုက်အစရှိသည့် ကမ္ဘာ့အနှံ့အပြားဒေသများသို့ ပျံ့နှံ့ရောက်ရှိသွားသည်။

၂။ အပင်ပုံသဏ္ဍာန်

ဖရဲပင်သည် နွယ်အမျိုးအစားအဖြစ်၍ အပင်ပျော့မျိုးဖြစ်သည်။ အနွယ်ရော အရွက်ပါ အစိမ်းရင့်ရောင်ပို သည်။ အရွက်မှာ (၄) လက်မှ (၆) လက်မခန့် ရှည်လျားသည့် လက်ခြားအရွက်များဖြစ်ကြသည်။ ပင်စည်နှင့် အရွက်များတွင် အမွှေးများ ဖုံးလွှမ်းလျက်ရှိသည်။

၃။ အသီးပုံသဏ္ဍာန်
အသီးပုံသဏ္ဍာန်မှာလည်း လုံးဝိုင်းပုံ၊ လုံးရှည်ပုံ၊ ဘဲဥပုံ အစရှိသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည်။ အသီးအရှည်မှာ မျိုးကိုလိုက်၍ (၉)လက်မမှ (၃၀) လက်မခန့်အထိရှည်ပြီး သီးလုံးအချင်း (၆) လက်မမှ (၁၅) လက်မခန့် အထိရှိသည်။ အတွင်းသားအရောင်မှာလည်း အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်တို့ရှိ ကြပြီး အပြင်အခွံရောင်မှာလည်း အစိမ်းဖျော့ရောင်၊ အစိမ်းရင့်ရောင်၊ အဝါရောင်၊ အစင်းပါစသည်ဖြင့် အရောင် အမျိုးမျိုးရှိကြသည်။ အပြင်ခွံမှာ အစင်းပါနှင့် အစင်းမဲ့ဟူ၍ ကွဲပြားသည်။

၄။ မြေအမျိုးအစား
ဖရဲစိုက်ပျိုးရန် သင့်လျော်သော မြေအမျိုးအစားမှာ သဲနုန်မြေဖြစ်ပါသည်။ မိုးရာသီအကုန် မြစ်ရေကျချိန် မြစ်ကမ်းဘေးရှိ ကျွန်းမြေများတွင်လည်းကောင်း၊ စပါးစရိတ်သိမ်းပြီးသည့် လယ်ကွက်များတွင်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေအချဉ်အငံဓာတ် (၆ မှ ၆.၈)အတွင်း ရှိသည့်မြေတွင် ဖရဲကိုကောင်းစွာ စိုက်ပျိုးနိုင်သည်။ မြေတစ်နေရာတည်းတွင် သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးပါက ရောဂါပိုးမွှား ကျရောက်ဖျက်ဆီးမှုများ သဖြင့် သီးနှံအလှည့်ကျ စိုက်ပျိုးသင့်ပေသည်။ ရေအစိုဓာတ် လိုအပ်သော်လည်း ရေဝပ်ခြင်း၊ စိုထိုင်းဆများခြင်း ကို မနှစ်သက်ပေ။

၅။ မြေနေရာရွေးချယ်ခြင်း
နေရောင်ခြည်ပြည့်ပြည့်၀၀ရရှိနိုင်ပြီး ရေရရှိနိုင်သော နေရာနှင့် သယ်ယူပို့ဆောင်ရန်လွယ်ကူသော နေရာများတွင် ဖရဲကို စိုက်ပျိုးသင့်ပေသည်။

၆။ ရာသီဥတု
အပူချိန် (၂၁-၃၄) ဒီဂရီစင်တီဂရိတ်အတွင်း နေရောင်ခြည်ပြည့်ဝစွာ ရရှိပြီး လေစိုထိုင်းစနည်းသော ဒေသများတွင် ဖရဲသည် ကောင်းစွာဖြစ်ထွန်းပါသည်။

၇။ စိုက်ချိန်
မိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဖရဲကို စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် မေလမှစ၍ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ ပူလွန်းသောအချိန် တွင် စိုက်ပျိုးပါက အချိုဓာတ် လျော့နည်းသွားသည်။

၈။ မျိုးစေ့အညှောက်ဖောက်ခြင်း
ဖရဲစေ့ကို မြေတွင် တိုက်ရိုက်စိုက်၍သော်လည်းကောင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်း၍သော်လည်း ကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေတွင် တိုက်ရိုက်စိုက်ပါက မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ်များသဖြင့် ပျိုးထောင်စိုက်ပျိုးသင့်ပါသည်။ ယခုအခါ အစေ့မဲ့နှင့် အစေ့ပါဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့မဲ့ဖရဲသည် အစေ့ခွန် မာသောကြောင့် မျိုးစေ့အညှောက်ဖောက်ရာတွင် အပင်လောင်းရှိသည့်မျိုးစေ့၏ ထိပ်ချွန်ဘက်ကို လက်သည်း ညှပ်နှင့် အစေ့ခွံအက်ကွဲလာရုံညှပ်ပြီးနောက် အပေါက်ငယ်လေးများဖောက်ထားသော ပလပ်စတစ်အိတ်တွင် ထည့်ရသည်။ ၎င်းအိတ်ကို ရေထဲတွင် နာရီဝက်စိမ်ပြီးနောက် အိတ်ထဲမှ ရေများခါထုတ် ပေးရသည်။ ထို့နောက် မျိုးစေ့ထုတ်ကို မျက်နှာသုတ်ပဝါတွင်ထည့်၍ လိပ်ပြီး အခြားပလပ်စတစ်အိတ်ထဲတွင် ထည့်ကာ (၂) ပေခန့် အမြင့်ရှိသော စက္ကူကပ်ပုံးထဲတွင် ထားရသည်။ မျိုးစေ့ထုတ်အပေါ်မှ (၁) ပေခွဲခန့်အကွာတွင် (၄၀) ဝပ် (သို့မဟုတ်) (၆၀) ဝပ်မီးသီးဖြင့် (၂၄) နာရီကြာအောင် အပူပေးထားရသည်။ မျိုးစေ့ထုတ်ပေါ်တွင် သတင်းစာ စက္ကူုဖြင့် ဖုံးအုပ်ပေးထားခြင်းဖြင့် အလင်းရောင်နှင့် ထိတွေ့ခြင်းမှ ကာကွယ်ပေးပါသည်။

အစေ့ပါ ဖရဲမျိုးစေ့များကိုမူ လက်သည်းညှပ်နှင့် ညှပ်ရန် မလိုဘဲ ရေတွင် (၄)ကြိမ်ကြာ စိမ်ပြီးနောက် ရေများခါပြီး အစေ့မဲ့ ဖရဲစေ့များအတိုင်း မီးသီးအောက်တွင် (၂၄) နာရီအကြားထား၍ အညှောက်ဖာက်ပါသည်။ အညှောက်မပေါက်သေးသော မျိုးစေ့များကို ရေဖြင့်ဆေးပြီး အထက်ပါအတိုင်း ထပ်မံအညှောက်ဖောက်ပေးပြီး ဆက်လက်လုပ်ဆောင်ရသည်။ လျှပ်စစ်မီးမရှိသေးသည့် ဒေသများတွင် မျိုးစေ့ကို ရိုးရိုးရေ (သို့မဟုတ်) ဟိုမိုင်း (Homai) မှိုသတ်ဆေး (၂.၅) ဂရမ်ကို ရေတစ်လီတာတွင် ဖျော်စပ်ပြီး (၄) နာရီကြာရေစိမ်ပြီးနောက် မြေဆွေးများ ရောစပ်ထည့်ထားသော (၄x၄) လက်မအရွယ် ပလပ်စတစ်အိတ်များတွင် လက်မဝက်ခန့်အနက် တွင် ပျိုးထောင်ရပါသည်။
ပျိုးအိတ်တွင် ထည့်ရန် မြေအမျိုးအစားမှာ မြေဆွေး (၃)ဆ၊ ရိုးရိုးမြေ (၃) ဆ၊ နွားချေးဆွေး (၁)ဆ ရောထားသော မြေအရောအဆ (၅၀၀) တွင် တီစူပါဓာတ်မြေသြဇာ (၁၁/၂) ရောစပ်ပြီး အသုံးပြုရပါသည်။ ပျိုး ထောင်ပြီး (၂) ရက်မှ (၃) ရက်အကြာတွင် ပျိုးပင်ငယ်များ ပေါက်လာသည်။ ပျိုးအိတ်တွင် စိုက်ပြီးနောက် နေ့စဉ်နံနက် (၉) နာရီတွင် ရေလောင်းပေးသည်။ ပျိုးပင်ငယ်စဉ်တွင် ခါးရိရောဂါများကျရောက်တတ်သဖြင့် Tarrazole မှိုသတ်ဆေး (၈) စီစီကို ရေ (၁၀) လီတာ (သို့မဟုတ်) Topsin မှိုသတ်ဆေး (၁) ဆ၊ ရေအဆ (၈၀၀) မှ (၁၀၀၀) တွင်ဖျော်၍ ပျိုးပင်များအား ပက်ဖျန်းပေးရသည်။
ပျိုးပင်များကို ပျိုးထောင်ထားသည့်အချိန်တွင် စိုက်ခင်းကို ထယ်ထိုး၊ ထွန်မွှေပြီးနောက် စိုက်ခင်းအား မြေညီညာအောင် ပြုပြင်ပြီး စိုက်ဘောင်များ ဖော်ရပါမည်။

၉။ စိုက်ဘောင်ပြင်ဆင်ခြင်း
စိုက်မြောင်းနေရာကို မှတ်သား၍ ပေါက်ပြား (သို့မဟုတ်) စက်ဖြင့် (၆) လက်မအကျယ် (၆) လက်မအနက်ရှိသော မြောင်းများဖော်ပြီး တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၉၉) ပေါင်၊ တီစူပါ (၉၉) ပေါင်၊ ပိုတက်ရှ် ဓာတ်မြေသြဇာ (၇၇) ပေါင်၊ နွားချေးဆွေး လှည်း (၄၀) စီး၊ Borax (၉) ပေါင်နှင့် Furadan 3% G (၁၁) ပေါင်နှုန်း ထည့်ပေးရသည်။ ထို့နောက် ၎င်းစိုက်မြောင်းပေါ်တါင် (၁၁/၂) ပေ အကျယ်ရှိသော ဘောင်များ ပါသည်။ ဘောင်ပေါ်တွင် ပလပ်စတစ်စ အမဲအုပ်ခြင်းဖြင့် ပေါင်းမြက်များ မပေါက်ရောက်နိုင်သည့်အပြင် အစိုဓာတ်နှင့် မြေသြဇာ မဆုတ်ယုတ်စေနိုင်ပေ။ ပလပ်စတစ်စ အပြင်ဘက်တွင် ငွေရောင်ရှိသဖြင့် အလင်ပြန် ခြင်းကြောင့် အင်းဆက်ပိုးမွှားများ လာရောက်ခြင်းနည်းစေသည်။ မိုးရွာသွန်းပါက ရေအလွယ်တကူ ထွက်စေရန် (၆) လက်မအနက်ရှိသော ဗွီပုံသဏ္ဍာန် ရေထုတ်မြောင်းငယ်ကို ဘောင်နှစ်ခုအကြားတွင် ဖော်ပေးရသည်။ အပင်အကွာအဝေးမှ အောက်ပါအတိုင်း ဖြစ်ပါသည်။

တစ်ပင်နှင့်တစ်ပင် အကွာအဝေး ရိုးရိုးဖရဲ (အလုံးကြီး) – ၃၂ လက်မ
(အလုံးသေး) – ၂၄ လက်မ
အစေ့မဲ့ဖရဲ – ၃၆ လက်မ
တစ်တန်းနှင့်တစ်တန်းအကွာအဝေး ရိုးရိုးဖရဲ (အလုံးကြီး) – ၂၁ ပေ
(အလုံးသေး) – ၁၅ ပေ
အစေ့မဲ့ဖရဲ – ၂၀ ပေ

၁၀။ ရွှေ့ပြောင်းစိုက်ပျိုးခြင်း
ပျိုးထောင်ပြီး (၁၀) ရက်မှ (၁၅) ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

၁၁။ မြေသြဇာထည့်သွင်းခြင်း
(၁) ရွှေပြောင်းစိုက်ပြီး (၃-၅) ရက်အကြာတွင် ရေ (၂၀) လီတာတွင် ယူရီးယားမြေသြဇာ (၄၈) ဂရမ် (လက်ဖက်ရည် ပန်းကန် တစ်ဝက်) ၊ တီစူပါ မြေသြဇာအမှုန့် (၅၂) ဂရမ်၊ (လက်ဖက်ရည် ပန်းကန်တစ်ဝက်) ဖျော်ပြီး အပင်ခြေတွင် တစ်ပင်လျှင် (၁၀) စီစီခန့် လောင်းပေးရမည်။
(၂) စိုက်ပြီး (၂) ပတ်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ်၊ တီစူပါ (၁၈) ကီလိုဂရမ်နှင့် ပိုတက်ရှ်မြေသြဇာ (၁၄) ကီလိုဂရမ်နှုန်း ထည့်ပေးရမည်။
(၃) စိုက်ပြီး (၃) ပတ်အကြာတွင် ရေ (၂၀) လီတာ (သို့မဟုတ်) (၄.၅) ဂါလံတွင် ယူရီးယား (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ တီစူပါ (၂၉) ဂရမ် (ဟင်းခတ်ဇွန်း ၁၁/၂ ဇွန်း) ပိုတက်ရှ် (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ မြေသြဇာကြီး Boyfolan (၄၀) စီစီနှင့် Borax (၄၀) ဂရမ်ကို ဖျော်ပြီး အပင်များအား ပက်ဖျန်းပေးရ မည်။ Borax ကို ရေနွေးနှင့် ပျော်အောင်ဖျော်ပြီးမှ ရေနှင့် ရောပါသည်။
(၄) စိုက်ပြီး (၄) ပတ်အကြာတွင် Borax မှ အပ အထက်ပါအတိုင်း မြေသြဇာအရောကိုဖျော်၍ ပက် ဖျန်းပေးရမည်။
(၅) အသီးတင်ပြီး (၁၄) ရက်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ် (၁၅) ပြည်၊ တီစူပါမြေသြဇာ (၁၈) ကီလိုဂရမ် (၇ ပြည်ခွဲ) နှင့် ပိုတက်ရှ် မြေသြဇာ (၂၇) ကီလိုဂရမ် (၁၅) ပြည်နှုန်း ထည့်ပေးရမည်။

၁၂။ အပင်ပြုစုခြင်း
ဖရဲပင်များ စိုက်ပျိုးပြီးနောက် အပင် (၁၁/၂) ပေခန့် ရှိလာချိန်တွင် နွယ်များကို ဖြောင့်တန်းပေးပြီး၊ တန်းကြားတွင် ကောက်ရိုးခြောက်များကို ဖုံးအုပ်ဖြန့်ထားပေးရမည်။ ကောက်ရိုးဖုံးထားခြင်းဖြင့် ပေါင်းမြက်များ ကင်းရှင်းခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုလျော့နည်းခြင်း၊ ဖရဲပင်မှ နှာမောင်းများက ကောက်ရိုးကို ကုတ်တွယ်ထားခြင်း ဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့လျားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရစေနိုင်ပါသည်။

၁၃။ ဝတ်မှုန်ကူးပေးခြင်း
ပျိုးပင်များရွှေ့ပြောင်းစိုက်ပြီး (၂၀-၃၀) ရက်အကြာတွင် ပန်းပွင့်ပါသည်။ အစေ့ပါ ဖရဲမျိုးများတွင် ပျား များက ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင်သည်။ ဝတ်မှုန်ကူးခြင်းဖြင့် အရည်အသွေးကောင်းသော ဖရဲသီးများ ရနိုင်သည်။ အစေ့မဲ့ဖရဲတွင် အဖိုမြုံသောကြောင့် ပင်တည်း ဝတ်မှုန်ကူးပြီး အသီးမတင်နိုင်ပေ။ အစေ့မဲ့ဖရဲ အမပွင့်ကို ရိုးရိုးအစေ့ပါဖရဲပင်မှ အဖိုဝတ်မှုန်ဖြင့် နံနက် (၇-၉) နာရီအတွင်း ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင် သည်။ အစေ့မဲ့ဖရဲ အဖိုပွင့်မှ ဝတ်မှုန်ကို အသုံးမပြုရပေ။ ပန်းပွင့်ချိန်တွင် ဆေးဖျန်းရန်လိုအပ်ပါက ညနေပိုင်း တွင် ပက်ဖျန်းသင့်သည်။

၁၄။ အသီးခြွေခြင်း
ပထမဆုံးအပွင့်မှ သီးသောအသီးသည်အသီးအရည်အသွေးမကောင်းသဖြင့် ထိုပထမအပွင့်ကို ခြွေပေး ရသည်။ ပင်ခြေမှ (၂) ပေခွဲ (၃) ပေအကွာတွင်ရှိသော အသီးကိုယူခြင်းဖြင့် အရည်အသွေးကောင်းသော အသီး များကို ရရှိနိုင်သည်။ ဖရဲအလုံးကြီးမျိုးတွင် တစ်ပင်လျှင် တစ်လုံးအလုံးလတ်မျိုးတွင် (၂-၃) လုံး၊ အလုံးငယ်မျိုး တွင် (၄) လုံး ယူနိုင်သည်။

၁၅။ ဆွတ်ခူးခြင်း
သင်လျင်မျိုးနှင့် အလုံးသေးမျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးဆွတ်ခူးနိုင်သည်။ အလုံးကြီးမျိုးနှင့် အစေ့မဲ့မျိုးတွင် ပန်းပွင့်ပြီး (၃၅) ရက်အကြာတွင် ဆွတ်ခူးနိုင်သည်။ သက်လျင်မျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးညှာ၍ အနီးဆုံး နှာမောင်းအရောင်သို့ ပြောင်းလာလျှင် ဆွတ်ခူး နိုင်သည်။ သို့မဟုတ် အသီးကိုလက်နှင့် ပုတ်ကြည့်ပါက ရင်ခေါင်းသံမြည်လျှင် အသီးရင့်မှည့်ပြီဖြစ်၍ ဆွတ်ခူး နိုင်ပြီဖြစ်သည်။ အတွင်းသား အဝါရောင်မျိုးသည် အနီရောင်မျိုးထက်စော၍ မှည့်ပြီး အလုံးသေးမျိုးသည်လည်း အလုံးကြီးမျိုးထက်စော၍ မှည့်သည်။ အစေ့မဲ့ဖရဲမျိုးသည် အစေ့ပါ ဖရဲမျိုးထက် (၅-၁၀) ရက်ခန့် နောက်ကျပြီးမှ ရင့်မှည့်သည်။ ဖရဲအပြင်ခွံအရောင်ရင့်မျိုးသည် အရောင်နုမျိုးထက် စော၍ ရင့်မှည့်သည်။

Source – မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း

မြေသြဇာအသုံးပြုရန်အတွက်

ဖရဲစိုက်ခင်းအတွက် မြေဩဇာကို သီးနှံသက်တမ်းအလိုက် အောက်ပါအတိုင်း အသုံးပြုနိုင်ပါတယ်

မြေခံ

တစ်ဧကလျှင် ကောမက်စွမ်းအား ၁၀၀ ကီလို+ကောမက်ဂျစ်ပဆမ် ၅၀ ကီလို အသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း – ကောမက်စွမ်းအား, ကောမက်ဂျစ်ပဆမ်

ပင်ပိုင်းကြီးထွားချိန် (၂၅-၃၀) ရက်သား

တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၁၀၀ ကီလို+ကောမက်ထွက်တိုး ဂျီ-၄၅ (၂၅) ကီလို အသုံးပြုပါ။

ပန်းပွင့်ချိန်

တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို+ကောမက်ထွက်တိုး ဂျီ-၄၅ (၂၅) ကီလို အသုံးပြုပါ။

အသီးဖမ်းပြီးချိန်(၄၅-၅၀)ရက်သား

တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို+ကောမက်ထွက်တိုး ဂျီ-၄၅ (၂၅) ကီလို အသုံးပြုပါ။

ပေါင်းသတ် ဆေးအသုံးပြုရန်အတွက်

ဖရဲစိုက်ခင်းအတွက် ပေါင်းသတ်ဆေးကို ပေါင်းအမျိုးအစားပေါ်မူတည်ပြီး အောက်ပါအတိုင်း အသုံးပြုနိုင်ပါတယ်

ရွှေ့မစိုက်မီ မြေပြင် ဖျန်းရသောဆေး

ရွှေ့မစိုက်မီ ၁-၃ ရက်ကြိုတင်ပြီး ပိုလာ ၁၀ စီစီနှုန်း ဖြင့်မြေပြင်ကိုဖျန်းပါ။ စိုက်ပြီးမှ မဖျန်းရ။ နှုန်းထားမများစေရ။

အသုံးပြုရမည့်ပစ္စည်း – ပိုလာ

ရွှေ့စိုက်ပြီး ဖျန်းရသောဆေး

မြက်အုပ်စုများနှိမ်နင်းနိုင်ရန် ဆေးတစ်ပုံးလျှင် ဖော်ကျွန်း ၃၀-၅၀စီစီ ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း

မှိုသတ်ဆေး အသုံးပြုရန်အတွက်

ဖရဲစိုက်ခင်းအတွက် မှိုသတ်ဆေးကို ကျရောက်သော ရောဂါပေါ်မူတည်ပြီး အောက်ပါအတိုင်း ရွေးချယ်အသုံးပြုနိုင်ပါတယ်

ဖားဥမှိုရောဂါ

ကာကွယ်လိုပါက ကလောက်ဒီ ဆေးတစ်ပုံးလျှင် ၈၀ ဂရမ်နှုန်းဖြင့် နှံ့စပ်အောင်ဖျန်းပါ။ ရောဂါဆိုးရွားလာပါက ဆေးတစ်ပုံးလျင် ယူနတီ ၂၀စီစီ အား နှံ့စပ်အောင်ဖျန်းပေးပါ၊၊

အသုံးပြုရမည့်ပစ္စည်း – ယူနတီ, ကလောက်ဒီ

အရိုးကွဲအစေးထွက်ရောဂါ

ဆေးတစ်ပုံးလျှင် နီဗိုစူပါ ၃- ၁၀ ဂရမ်ဖြင့် နှံ့စပ်အောင်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – နီဗိုစူပါ

ဒေါင်းနီးရွက်ခြောက်ရောဂါ

ဆေးတစ်ပုံးလျှင် ပရိုပါ ၅၀ စီစီနှင့် အိန်ဂျယ် ၄၀ဂရမ် ကို တစ်လှည့်စီ အလှည့်ကျ သုံးပါ။ ပရိုပါ ၊ အိန်ဂျယ် ဖျန်းတိုင်း မန်ကိုမဂ် ၆၀ ဂရမ်ထည့်သုံးပါက ပိုမိုထိရောက်သည်။

အသုံးပြုရမည့်ပစ္စည်း – ပရိုပါ, အိန်ဂျယ်, မန်ကိုမက်ဂ်

ဘက်တီးရီးယားရွက်ခြောက်ရောဂါ

ဆေးတစ်ပုံးလျှင် ဘီလီယံ ၁၀၀ဂရမ်နှင့် ကာဆူဂါ ၁၀၀စီစီ ကို (၃)ရက်ခြား တစ်ကြိမ် အလှည့်ကျဖျန်းပါ။ ရောဂါဆိုးရွားပါက တွဲသုံးလျှင်အကောင်းဆုံးဖြစ်သည်။

အသုံးပြုရမည့်ပစ္စည်း – ဘီလီယံ, ကာဆူဂါ

ဘက်တီးရီးယားရွက်ပုပ်ရောဂါ

ဆေးတစ်ပုံးလျှင် ဘီလီယံ ၁၀၀ဂရမ်နှင့် ကာဆူဂါ ၁၀၀စီစီ ကို (၃)ရက်ခြား တစ်ကြိမ် အလှည့်ကျဖျန်းပါ။ ရောဂါဆိုးရွားပါက တွဲသုံးလျှင်အကောင်းဆုံးဖြစ်သည်။

အသုံးပြုရမည့်ပစ္စည်း – ဘီလီယံ, ကာဆူဂါ

ဘက်တီးရီးယားပင်ညှိုးရောဂါ

ဆေးတစ်ပုံးလျှင် ဘီလီယံ ၁၀၀ဂရမ်နှင့် ကာဆူဂါ ၁၀၀စီစီ ကို (၃)ရက်ခြား တစ်ကြိမ် အလှည့်ကျဖျန်းပါ။ ရောဂါဆိုးရွားပါက တွဲသုံးလျှင်အကောင်းဆုံးဖြစ်သည်။

အသုံးပြုရမည့်ပစ္စည်း – ဘီလီယံ, ကာဆူဂါ

မှဲ့ပြောက်စွန်းရောဂါ

ဆေးတစ်ပုံးလျှင် ယူနတီ ၁၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း –  ယူနတီ

ရွက်ပြောက်ရောဂါ

ဆေးတစ်ပုံးလျှင် ယူနတီ ၁၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ယူနတီ

ခါးရိရောဂါ

ဆေးတစ်ပုံးလျှင်ရီဗိုက် ၂၀စီစီနှင့် သမားတော် ၁၀၀ ဂရမ် အားရောစပ်၍ နှံ့စပ်အောင်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်, သမားတော်

မြစ်ဖုနီမတုတ်ရောဂါ

ဩဘာမြေကောင်း တစ်ဧက ၅ကီလိုအသုံးပြု၍ စိုက်ကျင်းတစ်လျှောက် မစိုက်မီ ထည့်သွင်းအသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း – မြေကောင်း

ပိုးသတ်ဆေး အသုံးပြုရန်အတွက်

ဖရဲစိုက်ခင်းအတွက် ပိုးသတ်ဆေးကို ကျရောက်သော ဖျက်ပိုးပေါ်မူတည်ပြီး အောက်ပါအတိုင်း ရွေးချယ်အသုံးပြုနိုင်ပါတယ်

ပျ၊ ယင်ဖြူ ၊ ဖြုတ်

ဆေးတစ်ပုံးလျှင် ဇွန်ဘီ ၃၀ ဂရမ် ၊ ပိုင်ဒီ ၁၀ ဂရမ်၊ ဘလိတ် ၂၀ ဂရမ် ကို တစ်လှည့်စီ အလှည့်ကျဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ဇွန်ဘီ, ပိုင်ဒီ, ဘလိတ်

လှေး

ဆေးတစ်ပုံးလျှင် ဘက်တား ၂၀ ဂရမ် ၊ တော်ပီဒို ၄၀ စီစီ ၊ ဘလိတ် ၂၀ ဂရမ် ကို တစ်လှည့်စီ အလှည့်ကျသုံးပါ။

အသုံးပြုရမည့်ပစ္စည်း – ဘက်တား, တော်ပီဒို, ဘလိတ်

ရွက်ထွင်းပိုး

ဆေးတစ်ပုံးလျှင် ဒီမွန် ၁.၈ ၂၀ စီစီ + ဆာဗို ၁၀ ဂရမ်ထည့်သွင်းပြီး အသုံးပြုပေးပါ

အသုံးပြုရမည့်ပစ္စည်း – ဒီမွန်, ဆာဗို

မွှားပင့်ကူနီ

ဆေးတစ်ပုံးလျှင် ဒီမွန် ၃.၆ ၂၀ စီစီ အသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း – ဒီမွန်

ဖိုးလမင်း ၊ ခြ

ဩဘာမြေကောင်း တစ်ဧက ၅ ကီလိုအသုံးပြု၍ စိုက်ကျင်းတစ်လျှောက် မစိုက်မီ ထည့်သွင်းအသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း – မြေကောင်း

သီးထိုးယင်

ဆေးတစ်ပုံးလျှင် ပိုင်ဒီ ၁၀ ဂရမ် နှင့် ဖိုင်းရား ၅၀ စီစီ ကို တစ်လှည့်စီ အလှည့်ကျ ပက်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ပိုင်ဒီ, ဖိုင်းရား

ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်

ဖရဲစိုက်ခင်းအတွက် ရွက်ဖျန်းအားဆေးကို ဖရဲစိုက်ခင်းရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အောက်ပါအတိုင်း ရွေးချယ်အသုံးပြုနိုင်ပါတယ်

အပင်ကြီးထွားစေရန်

ဆေးတစ်ပုံးလျှင် ကောမက်ဇီတာ ၄၀ ဂရမ် + မိုရယ်မုန်း ၂၀ စီစီ ထည့်သွင်းအသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း – ကောမက်ဇီတာ, မိုရယ်မုန်း

အသီး၊အပွင့်များစေရန်

ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်

အသီးအောင်စေရန်အတွက်သုံးစွဲရန်

ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်

အသီး၊ အပွင့်၊ အပင်၏ အရည်အသွေးကောင်းစေရန်

ဆေးတစ်ပုံးလျှင် ကယ်ဘိုမဂ်စူပါ ၄၀ စီစီ ၊ ကောမက်ပီဖိုလန် ၅၀ ဂရမ် ၊ ကောမက်ထရေ့စ် ၂၀ ဂရမ် ရောစပ်အသုံးပြုပါ။

အပင်ဟုန်ခြင်းကိုကာကွယ်၍ အသီး ကြီးထွားမှုကိုအားပေးစေရန်

ဆေးတစ်ပုံးလျှင် ဂိုးလ်  ၄၀ စီစီ သုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဂိုးလ်

သုံးစွဲသောဆေးများကို အာနိသင်ပိုကောင်းစေရန်

ဆေးတစ်ပုံးလျှင် ဝမ်းဒါး (‌ကော်ရည်) ၁၀ စီစီ သုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး

မတ်ပဲက  ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ  ပြည်ပဝယ်လိုအားကျဆင်းမှု ၊ မိုးနှင့်ဆောင်းမတ် ပဲအသစ်တွေ ပေါ်လာမှုတွေကြောင့်  စျေးကွက် ဆက်တိုက်ကျဆင်း နေတယ် လို့သိ ရပါတယ်။

 

လက်ရှိမှာ စျေးကွက်အတွင်း မိုးမတ်ပဲအသစ်တွေဝင်ရောက်နေသလို  ဆောင်းမတ်ပဲအသစ်တွေ လည်း စတင်ရိတ်သိမ်းနေကြပြီဖြစ်တာကြောင့် မတ်ပဲစျေးတန်းကျလာသလို မတ်ပဲကိုအဓိက ဝယ်ယူတဲ့ အိန္ဒိယနိုင်ငံ ကလည်း မတ်ပဲဝယ်လိုအားလျော့ကျတဲ့အတွက် မြန်မာမတ်ပဲ စျေးကွက်ကျဆင်း နေ တာဖြစ်တယ်လို့သိရပါတယ်။

 

 

" အိန္ဒိကလည်း. သူတို့နိုင်ငံမှာ ပဲအသစ်တွေပေါ်နေတော့ မြန်မာကနေဝယ်လိုအားနည်းနေတယ်။ အိန္ဒိယမှာ လည်းမတ်ပဲစျေးကွက်ကျတယ်။မတ်ပဲက အိန္ဒိယက ဝယ်လိုအားကောင်းရင်စျေးတက်တယ်။ ဝယ်လိုအားနည်းရင်စျေးကကျတာပဲ။အခုဆိုပြည်တွင်းမှာလည်းပဲအသစ်တွေပေါ်နေတော့စျေးကကျနေတာ။" လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ 

 

လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၁၉၀၀၀၀ ကျပ်ဝန်းကျင်သာ စျေးတန်းရှိပြီး နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပြည်မြို့ကုန်စည်ဒိုင်မှာ ပိဿာ ၂၀ တစ်တင်းကို ၁၀၅၀၀၀ ဝန်းကျင်ရှိကာ ဟင်္သာတကုန်စည်ဒိုင်မှာ ပိဿာ ၂၀ ကို ၉၅၀၀၀ မှ ၁၀၀၀၀၀ ကျပ်၊ အောင်လံကုန်စည်ဒိုင် မှာတော့ ၈၃၀၀၀ မှ ၅၈၀၀၀ ကျပ်သာစျေးရှိပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ တုန်းက နှစ်သစ်ကူးရုံးပိတ်ရက် ကုန်စည်ဒိုင်တွေမပိတ်ခင် ၂၇ ရက်နေ့အ ထိ မတ်ပဲ FAQ တစ်တန်ကို ၃၃၂၀၀၀၀ ကျပ်အထိရှိခဲ့ပါတယ်။

 

ဒီဇင်ဘာလ ၁၅ ရက်နေ့ကဆိုရင် မတ်ပဲ FAQ တစ်တန်ကို ၃၅ သိန်းရှိခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှာဆိုရင် မတ်ပဲတစ်တန်ကို ၃၅၄၀၀၀၀ ကျပ်အထိရှိခဲ့ပါတယ်။

 

"ဒီလောက်အထိပြန်ကျမယ်မထင်ခဲ့မိဘူး။ဒါကြောင့်ပဲတွေကို အချိန်ကုန်တဲ့အထိလှောင်ထားတာ။ အခုတော့ ကျစျေးနဲ့ ရောင်းရပြီးရှုံးတာပေါ့။အရင်အတက်စျေးနဲ့ယှဥ်ရင် ပဲတစ်တင်းကို ၃၀၀၀၀ လောက်နစ်နာ သွားတယ်။" လို့ တောင်သူကိုစိုးအေးကပြောပါတယ်။

 

မနှစ်က ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ   မတ်ပဲ (FAQ )တစ်တန်ကို ၄၁ သိန်းကျော် အထိစံချိန်တင်မြင့်တက်ခဲ့ပြီး ပိဿာ၂၀ကို ၁၃၆၀၀၀ ကျပ်အထိစျေးတန်း ရှိခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီနောက်မှာတော့ ပြည်းတွင်း မတ်ပဲစျေးကွက်ကဆက်တိုက်ကျဆင်းလာပြီး ဒေသအလိုက် စျေးနှုန်း ကွာဟမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

 

လက်ရှိမှာမိုးမတ်ပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်နေသလို  ဆောင်းမတ်ပဲအသစ်တွေလည်းစတင်ရိတ်သိမ်းနေကြပြီး ဆောင်းမတ်ပဲလှိုင်လှိုင်ပေါ်တာကတော့ ဖေဖော်ဝါရီလလောက်မှာပေါ် မှာဖြစ် တယ် လို့ သိရပါတယ်။

 

မတ်ပဲကိုပဲခူးတိုင်းနဲ့ဧရာဝတီတိုင်း၊ရန်ကုန်မှာအဓိကအများဆုံးစိုက်ပျိုးပြီးကျန်ဒေသအချို့မှာလည်း

အနည်းငယ်စိုက်ပျိုးမှုရှိကြပါတယ်။

 

ချစ်ခွန်းချို(AMIA)

 

 

 

နိုင်ငံတကာ ဝယ်လိုအားလျော့ခြင်းကြောင့် လယ်ယာထွက်ကုန် အများစုဈေးကျ

နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအား ကျသလို ပြည်တွင်းငွေလဲနှုန်းကလည်း ကျပ်ငွေတန်ဖိုးမာနေပြီး နိုင်ငံခြား ငွေများ အကျဘက်တွင်ရှိနေသဖြင့် မြန်မာ့လယ်ယာထွက်ကုန်များ၏ဈေးနှုန်းက ဆက်လက်ကျဆင်း နေ ပါတယ်။

နှစ်သစ်ကူး ပိတ်ရက်များအပြီး ပြည်တွင်း ဈေးကွက်ပြန်ဖွင့်ချိန်တွင် တောင်သူများ အဓိကစိုက်ပျိုးထုတ် လုပ်တဲ့ ပဲမျိုးစုံ၊ ပြောင်း ဈေးနှုန်းတွေက အကျဘက်မှာသာ ဆက်လက်ရှိနေပါတယ်။ ၂၀၂၅နှစ်ဆန်းမှာလည်း ပြည်တွင်း ငွေကြေးဈေးကွက် နိုင်ငံခြားငွေလဲနှုန်း အကျပိုင်းတွင်သာ ဆက်ရှိနေပြီး အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ကျဆင်းမှု၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ တုန့်ဆိုင်းနေမှုက လယ်ယာထွက်ကုန်စည်များ၏ ဈေး နှုန်းကို အကျ ဘက်ကို ဆက်လက်ရှိစေပါတယ်။

အိန္ဒိယနိင်ငံမှ ဝယ်လိုအား ထိန်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းက ပြီးခဲ့ တဲ့ နှစ်ကုန်ပိုင်းမှ စတင်ကာ နိုင်ငံတကာကို ရောင်းချသော FOB ဈေးနှုန်း အပြောင်းအလဲ မရှိပါဘူး။

၂၀၂၅ ပထမ ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့မှာ ပြည်တွင်းမတ်ပဲဈေးနှုန်းက FAQ  တစ်တန်ကို သုံးဆယ့် တစ်သိန်းကိုးသောင်းခုနှစ်ထောင်ကျပ် ဈေးဖွင့်ပါတယ်။၂၀၂၄ ဒီဇင်ဘာ နောက်ဆုံးရက်မှာတော့ မတ်ပဲတစ်တန် သုံးဆယ့်သုံးသိန်းနှစ်သောင်းကျပ် ဈေးဖွင့်ခဲ့ခြင်းကြောင့် မတ်ပဲတစ်တန်ကို ကျပ်တစ်သိန်းနှစ်သောင်းကျော် ဈေးကျဆင်း လာပါတယ်။

၂၀၂၅ ပထမရက်သတ္တပတ်ဟာ နှစ်သစ်ကူးရုံးပိတ်ရက်တွေကြောင့် ပြည်ပဝယ်အား နည်းနေပေမယ့် အိန္ဒိ ယနိုင်ငံရဲ့  လာမယ့် (၂၀၂၅- ၂၆) ဘဏ္ဍာနှစ်မှာ မတ်ပဲဝယ်လိုအားက မြင့်တက်လာနိုင်တယ်လို့ ကုန်သည် အချို့က ခန့်မှန်းနေကြပါတယ်။

၂၀၂၄ ဒီဇင်ဘာ နောက်ဆုံး ရက်သတ္တပတ်မှာ တစ်တန်ကို  သုံးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ် ဈေးဖွင့်ခဲ့တဲ့  ပဲစင်းငုံက ၂၀၂၅ ပထမ ရက်သတ္တပတ်မှာတော့  သုံးဆယ့်တစ်သိန်းတစ်သောင်းငါးထောင်ကျပ် ကို ဈေးကျဆင်းလာပါတယ်။ ပဲစင်းငုံက တစ်ပတ်ကျော်အချိန်အတွင်း တစ်တန်ကို ငွေကျပ်နှစ်သိန်းခြောက် သောင်းခန့် ဈေးဆင်းသွားပါတယ်။

အိန္ဒိယနိုင်ငံကို အဓိကထား ရောင်းချနေရတဲ့ ပဲနှစ်မျိုးစလုံး ဈေးနှုန်းများ ကျဆင်းနေပေမယ့်  တရုတ် အပါအဝင် ဈေးကွက်ကျယ်ပြန့်တဲ့ ပဲတီစိမ်းက နှစ်ကူးကာလမှာ ဈေးနှုန်း အနည်းငယ် အပြောင်းအလဲ ရှိပါတယ်။ ပဲတီစိမ်း ခရမ်းရွှေဝါက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တစ်ပိဿာ ၅၅၀၀ ကျပ်မှ ဇန်နဝါရီ ၃ ရက်မှာတော့  ၅၅၈၀ ကျပ်ထိ မြင့်တက်လာပါတယ်။ အခြား ပဲတီစိမ်းအမျိုးအစားတွေကတော့  ဈေးနှုန်းတည်ငြိမ်နေပါတယ်။

ပြည်ပပို့ကုန်တစ်မျိုးဖြစ်တဲ့ ပြောင်းဆံဈေးနှုန်းက ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာ  ၁၆၆၀မှ ၁၆၈၀ ကျပ်နဲ့ ဈေးနှုန်း ငြိမ်နေပါတယ်။ ဒါပေမယ့်  မြန်မာနိုင်ငံအလယ်ပိုင်း အဓိကဈေးကွက်ကြီးတစ်ခုဖြစ်တဲ့  မန္တလေး ဈေး ကွက်မှာတော့  ရက်သတ္တပတ်ကျော်အတွင်း  ဗမာပြောင်းက တစ်တန် ကျပ်၂၂၆၀၀ ကျော်၊ ရှမ်းပြောင်း တစ်တန် ၁၁၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ နောက်ဆုံး ရက်သတ္တပတ်မှာတော့  ဗမာပြောင်းတစ်တန် ကျပ် ကိုးသိန်းငါးသောင်းကျော် အမြင့်ဆုံး ဈေးဖွင့်ခဲ့ပေမယ့် ဇန်နဝါရီ ၃ ရက်မှာတော့ ကျပ်ကိုးသိန်းသုံးသောင်း ဝန်းကျင်ကို  ကျဆင်းလာ ပါတယ်။ ရှမ်းပြောင်းကလည်း အမြင့်ဆုံး တစ်တန် ကျပ်ကိုးသိန်းခုနစ်သောင်းငါးထောင်ကျော်မှ ကျပ်ကိုးသိန်း ခြောက်သောင်းလေးထောင် ဝန်းကျင်ကို ကျဆင်းလာပါတယ်။

နိုင်ငံတကာဈေးကွက်ကို  တင်ပို့နေတဲ့ အဓိက လယ်ယာထွက်ကုန်အများစု ဈေးကျဆင်းမှုကို ကြုံနေရပေမယ့် လည်း ပြည်တွင်း အဓိကစားသုံးသည့် ပဲကြီးဈေးနှုန်းက တည်ငြိမ်နေပါတယ်။ရန်ကုန်ဈေးကွက်မှာ ပဲကြီးတစ် ပိဿာ  ၄၃၄၅ ကျပ်မှ ၅၁၃၅ ကျပ်အကြားဈေးဖွင့်ပါတယ်။

အဓိကလယ်ယာထွက်ကုန်အများစု ဈေးနှုန်းကျ ဆင်းမှု ကြုံတွေ့နေရသော်လည်း နှစ်သစ်ကူးပွဲတော်အမီ တရုတ်နိုင်ငံမှ ကုန်သည်များ၏ ဝယ်လိုအားကြောင့် နှမ်းနက် (စမုံ)က ပြည်တွင်းဈေးကွက်မှာ  ဈေးနှုန်းမြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ပြည်တွင်းဈေးကွက်မှာ ၄၅ ပိဿာဝင်  တစ်အိတ်ကို အမြင့်ဆုံး ခြောက်သိန်းရှစ်သောင်း ကျော် ဈေးဖွင့်ခဲ့သော နှမ်းနက်(စမုံ)က ဇန်နဝါရီ ၃ မှာ ကျပ်ခြောက်သိန်းကိုးသောင်း အထိ ဈေးတက်လာပါ တယ်။နှမ်းဖြူ(ဂျပန်)က လေးသိန်းတစ်သောင်းငါးထောင်ကျပ်မှ လေးသိန်းတစ်ထောင်ကျပ်သို့ ဈေးကျ ဆင်း ပါတယ်။

 

PT(AMIA)

ပြည်ပဝယ်အားရှိသော စားဖိုဆောင်သီးနှံနှင့် စိုက်ပျိုးရေး ထွက်ကုန်အချို့ ဈေးအပြောင်းလဲဖြစ်လာ
ပြည်ပဝယ်လိုအားရှိသော ပြည်တွင်း စားဖိုဆောင်သီးနှံအချို့နှင့် ပြည်ပပို့ကုန် စိုက်ပျိုးရေး ထုတ်ကုန်အချို့ ရက်သတ္တပတ်အတွင်း ဈေးနှုန်း အပြောင်းအလဲများ ရှိပါတယ်။
တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင်း စိုက်ပျိုးရေး ထုတ်ကုန်မျာဖြစ်သည့် နှမ်းနက်နှင့် ပဲတီစိမ်းက ဈေးမြင့်တက် လာ သလို အိန္ဒိယကို တင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံမှာလည်း ပြည်တွင်းဈေးကွက်တွင်အနည်းငယ်ပြန် လည်မြင့်တက်လာပါတယ်။
နိုင်ငံအတွင်း စားသုံးသည့် စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်နီက ဈေးအနည်းငယ်တည်ငြိမ်နေပါ တယ်။မိုးရာသီစိုက်ပျိုးသည့် ကြက်သွန်များ ဈေးကွက်အတွင်း ပုံမှန်ဝင်လာနေခြင်းကြောင့် ဘုရင်နောင် ဈေး ကွက်တွင် ကြက်သွန်နီ အမျိုးအစားနှင့် အရွယ်အစားအလိုက် တစ်ပိသာ ၁၅၀၀ မှ ၄၅၀၀ ကျပ်အထိဈေး ဖွင့်ပါတယ်။
ယခုနှစ် မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုများကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့မှာ ကြက်သွန်နီ စိုက်ခင်း များ ပျက်ဆီးမှု ရှိနေသော်လည်း ကျန်မြို့နယ်များမှ အောင်မြင်သည့် စိုက်ခင်းများ၏ အထွက်နှုန်း ပုံမှန်ခန့် ရှိနိုင်သဖြင့် လက်တလော ဈေးငြိမ်နေခြင်းဟု ကုန်သည်အချို့ကဆိုပါတယ်။မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပိသာချိန် လေးသိန်းမှ ခြောက်သိန်းအကြား ထုတ်လုပ်နေသည့် ကြက်သွန်နီကို ဗီယက်နာမ်၊ ထိုင်း နိုင်ငံ တို့ကိုလည်း တင်ပို့နေပါတယ်။
မြန်မာနိုင်ငံသားများ၏ စားဖိုဆောင်သီးနှံ နောက်တမျိုးဖြစ်သည့် ကြက်သွန်ဖြူက ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု မလုံလောက်သဖြင့် ပြည်ပကပါ တင်သွင်းရခြင်းကြောင့် ယခုရက်သတ္တပတ် ဈေးကွက်တွင် တစ်ပိသာ ၁၂၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အကြားဈေးဖွင့်ရောင်းပါတယ်။
ကြက်သွန်ဖြူကဲ့သို့ ပြည်ပတွင်းထုတ်လုပ်မှု မလုံလောက်ဘဲ တရုတ်နိုင်ငံမှ တင်သွင်းနေရသည့် အာလူးက ရန်ကုန် ဘုရင့်နောင် ဈေးကွက်တွင် ဈေးအနည်းငယ် ပြန်လည်ကျဆင်းလာပါတယ်။ တရုတ်အာလူး တစ်ပိ ဿာကို  ၉၂၀၀ ကျပ်ရှိနေရာက ယခုရက်သတ္တပတ် ဈေးကွက်တွင် ၇၃၀၀ ကျပ်သာ ဈေးဖွင့်သဖြင့် တစ်ပိ ဿာကို ၁၉၀၀ ကျပ်ဈေးပြန်ကျလာတာဖြစ်ပါတယ်။ တရုတ်အာလူး ပစ္စည်းအဝင်နည်းပေမယ့်လည်း ရှမ်း အာလူးများ အဝင်ရှိ တာကြောင့် ဈေးတန်းကျလာတာဖြစ်ပါတယ်။
ထိုအပြင် ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်ကိုပါ တင်ပို့နေရသည့် မန်ကျည်းသီးက အထွက်နှုန်း အနည်း ငယ်လျော့နည်းခြင်းကြောင့်ဈေးမြင့်တက်လာပါတယ်။ပြည်ပတင်ပို့နေသည့် မန်ကျည်းသီး အရည်အသွေး အနိမ့်ဆုံး အမျိုးအစားက ယခုအပတ်FOB တစ်တန်ကို အမေရိကန် ဒေါ်လာ ၉၇၅ မှ၁၁၃၀ အထိဈေးမြင့်တက် လာပါတယ်။
ပြည်တွင်းရောင်းဈေးမှာလည်း ဘုရင့်နောင်ဈေးကွက်တွင် မန်ကျည်းသီး (အစေ့ပါ)တစ်ပိသာ ၃၃၀၀မှ ၃၅၀၀ ကျပ် ဈေးဖွင့်ပြီး အစေ့လွတ်က တစ်ပိသာ ၁၃၀၀၀ ကျပ်အထိ ဈေးဖွင့်ပါတယ်။
ပြည်တွင်းစားသုံးသည့် စားဖိုဆောင်သီးနှံများ ဈေးနှုန်းအပြောင်းအလဲရှိသကဲ့သို့ ပြည်ပဈေးကွက် အဓိကထား တင်ပို့နေရသည့် နှမ်းနက်(စမုံ)က၄၅ ပိသာ တစ်အိတ်ကို  ခြောက်သိန်းနှစ်သောင်းငါးးထောင်မှ ခြေက်သိန်း ရှစ်သောင်းကျပ်အထိ ဈေးဖွင့်ပြီး နှမ်းဖြူ တစ်အိတ်လျှင် သုံးသိန်းခုနှစ်သောင်းမှ လေးသိန်း ကျပ်အထိ ဈေးဖွင့် ပါတယ်။
ထိုအတူ ပြည်ပဈေးကွက်ကို အဓိကထားတင်ပို့နေသည့် ပဲတီစိမ်းကလည်း ယခု ရက်သတ္တပတ်တွင် တစ်ပိ သာလျှင် ၄၅၅၀-၆၃၂၀ ကျပ်မှ ၄၅၈၀-၆၃၈၅ ကျပ်သို့ မြင့်တက်ပါတယ်။
အန္ဒိယ ဈေးကွက်ကို အဓိကထားတင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံကလည်း ဈေးအနည်းငယ် ပြန်လည်မြင့် တက်လာ ပါတယ်။ယခုအပတ်တွင် မတ်ပဲက တစ်တန်လျှင် နှစ်သောင်းကျပ် ဈေးတက်လာပါတယ်။
လက်ရှိ မတ်ပဲဈးနှုန်း ကတစ်တန်လျှင် သုံးဆယ့်ငါးသိန်း ဈေးဖွင့်ပါတယ်။ပဲင်းငုံကလည်း တစ်တန်ကို  ကျပ် ရှစ်သောင်းကျော် ဈေးမြင့်တက်ပါတယ်။ လက်ရှိ ပဲစင်းငုံ တစ်တန်လျှင် သုံးဆယ့်ခုနှစ်သိန်းလေး သောင်း ငါးထောင် ကျပ် ဈေးဖွင့်ပါတယ်။
PT (AMIA)

ပြောင်းဆံအပါအဝင် လယ်ယာထွက်ကုန်တစ်ချို့ ဈေးပြန်တက်သော်လည်း မတ်ပဲ၊ ပဲစင်းငုံထပ်မံဈေးကျ

အိန္ဒိယအခွန်ကင်းလွတ်ခွင့်နှင့် တရုတ်၊ ဖိလစ်ပိုင် နိုင်ငံများရဲ့ ဝယ်လိုအားကြောင့် ယခုတစ်ပတ် ပြည်တွင်းဈေးကွက်တွင် ပြောင်းဆံဈေးနှုန်း အတက်ဘက်မှာရှိနေ သော်လည်း မတ်ပဲ၊ ပဲစင်းငုံဈေးနှုန်းတွေ ထပ်မံကျ ဆင်းနေ ပါတယ်။

နိုင်ငံတကာဈေးကွက် အခြေအနေနဲ့ဝယ်လိုအားကြောင့် ပြောင်းဆံဈေးနှုန်း ဆက်လက် မြင့်တက်နိုင်တယ်လို့ ကုန်သည်အချို့ခန့်မှန်းမှုတွေ ရှိနေသဖြင့် ဆောင်ရာသီ ပြောင်း စိုက်တောင်သူများအတွက် မျှော်လင့်ချက် လည်းဖြစ်နေပါတယ်။ မြန်မာနိုင်ငံတွင် ပြောင်းကို ဧရာဝတီတိုင်း ၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှာ အဓိကအ များဆုံးစိုက်ပျိုးပါတယ်။

ယခုတစ်ပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းဆံဈေးနှုန်းများက တစ်ပိဿာ ၁၆၀၀မှ ၁၆၂၀ ကျပ် အကြားဈေး ဖွင့်ပြီး ယခင် ရက်သတ္တပတ်ထက် တစ်ပိဿာ ၅၀ ကျပ်ဈေးမြင့် တက်လာပါတယ်။ ထိုအတူ မန္တလေးဈေးကွက် တွင် ပြောင်းဆံက ၅၄ပိဿာ တစ်အိတ် ၈၀,၀၀၀မှ ၈၂,၀၀၀ ကျပ် အကြား၊ ရှမ်းပြောင်းတစ်အိတ် ၈၃,၀၀၀ ၊ ၈၄,၀၀၀ ကျပ် အကြား ဈေးဖွင့်သဖြင့် ပြီးခဲ့သည့် ကျန်ခဲ့သော ရက်သတ္တပတ်ထက် တစ်အိတ်လျှင် ၃၀၀၀ကျပ် ဈေးမြင့်တက်လာပါတယ်။

မြန်မာပြည်အလယ်ပိုင်းတွင် အဓိကစိုက်ပျိုးသော မြေပဲကလည်း တရုတ်ယွမ်ငွေ တန်ဖိုး တက်ပြီး ပြည်ပ ဝယ် လိုအားကြောင့် ဈေးမြင့်တက်လာပါတယ်။

 မန္တလေးဈေးကွက်တွင် မြေပဲဆံ တစ်ပိသာ၈၅၀၀မှ ၈၉၀၀ ကျပ်အ ကြား ဈေးဖွင့်ပါတယ်။ ပြီးခဲ့သည့် ရက်သတ္တပတ်နဲ့ယှဉ်လျှင် အရည်အသွေးပေါ် မူတည်ပြီး တစ်ပိသာလျှင် ၁၀၀မှ ၃၀၀ ကျပ်အ ကြားဈေးမြင့်တက် လာပါတယ်။

အိန္ဒိယနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံအများသို့ တင်ပို့နေသော ပို့ကုန် ပဲတစ်မျိုးဖြစ်သည့် ပဲတီစိမ်းက ယခု အပတ်တွင် ဈေးအနည်းငယ် ပြန် လည်မြင့်တက်လာပါတယ်။ပဲတီစိမ်း ခရမ်းရွှေဝါနှင့် ပဲခူးရွှေဝါ ဆောင်းရာ သီစိုက်ချိန်တွင် ဝယ်လိုအားရှိ သဖြင့် ဈေးအနည်းငယ်မာ လာခြင်းဖြစ် ပါ တယ်။

ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း (ခရမ်းရွှေဝါ) တစ်ပိသာ ၅၃၀၀ ကျပ်၊ ပဲခူးရွှေဝါ ၅၁၃၀ ကျပ်၊ ပဲတီစိမ်း အညာ က ၄၅၈၀မှ ၄၆၀၀ ကျပ်အကြား ဈေးဖွင်သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ထက် တစ်ပိသာလျှင် ၅၀ကျပ်မှ ၈၀ ကျပ်အကြား ဈေးမြင့်လာပါတယ်။

မန္တလေးဈေးကွက်တွင်လည်း ပဲတီစိမ်း (အညာ)သုံးတင်းဝင်တစ်အိတ်ကို ၃၀၀၀၀၀ ကျပ်ဈေးဖွင့်ပါတယ်။

ပြည်ပပို့ကုန်တစ်မျိုးဖြစ်သည့် နှမ်းဈေးနှုန်းက ယခုရက်သတ္တပတ်တွင် ဈေးနှုန်း တည် ငြိမ်လုနီးပါးဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၆ရက်တွင် နှမ်းဖြူ(ဂျပန်)(၄၅ပိသာ)တစ်အိတ်လျှင် လေး သိန်းတစ်သောင်းငါးထောင်ကျပ်မှ လေးသိန်းသုံးသောင်း ကျပ် အကြား ဈေးဖွင့်ခဲ့ပါ တယ်။

မြန်မာနိုင်ငံတောင်သူများ၏ အဓိကစိုက်ပျိုးသီးနှံများတစ်မျိုးဖြစ်သော မတ်နှင့် ပဲစင်းငုံက ယခု ရက် သ တ္တပတ်တွင် လည်း ဈေးနှုန်းထပ်မံကျဆင်းနေပါတယ်။အိန္ဒိယနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် မိုးပဲပေါ်ချိန်ဖြစ်နေသော ကြောင့် ဝယ်အားများ လျော့နည်း သဖြင့် ပဲစင်းငုံက ယခု ရက်သတ္တပတ်အတွင်း ပြည်တွင်း ဈေးကွက်တွင် တစ်တန်ကို ကျပ်နှစ်သိန်းခွဲကျော် ဈေးကျဆင်းခဲ့ပါတယ်။မတ်ပဲကလည်း တစ်တန်လျှင် ကျပ် တစ်သိန်းနီးပါး ထပ်မံ ကျဆင်းသွားပါတယ်။

ဒီဇင်ဘာ၂ရက်တွင် ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံတစ်တန် ကျပ်သုံးဆယ်ရှစ်သိန်းကျော် မှ ဒီဇင်ဘာ ၆ရက်တွင် တစ်တန် ကျပ်သုံးဆယ့်ငါးသိန်း ငါးသောင်း သို့ကျဆင်း ခဲ့ပြီး မတ်ပဲကလည်း ကျပ်သုံးဆယ့် ငါးသိန်းလေးသောင်းမှ သုံးဆယ့်လေးသိန်းငါးသာင်း ကျော်သို့ ကျဆင်းခဲ့ပါတယ်။ လက်ရှိတွင် ထိုပဲနှစ်မျိုး ဈေးကျနေသော်လည်း လာမည့် နှစ်ဆန်းပိုင်းတွင် ဈေးပြန်တက်လာနိုင်တယ်လို့ ကုန်သည်အ ချို့ကခန့် မှန်းကြပါတယ်။

PT(AMIA)

 

ပြည်တွင်း အဝယ် ပုံမှန်ရှိနေပြီး လက်ကျန်လျော့နည်းတဲ့အတွက်  ကုလားပဲစျေး  ကောင်းနေ ကြောင်း ပဲကုန်သည်များထံမှ သိရသည်။

“ ဆောင်းသီးနှံရာသီဝင်လေပြီ ကုလားပဲ၊ ဂျုံ တချို့နယ်များလဲစိုက်နေကျပြီ၊ ဒီနှစ် ကုလားပဲစျေး ဂျုံ စျေးတွေကောင်းတယ်  တောင်သူစိုက်လိုအားက တက်နေတယ်

အထူးသဖြင့် ကုလားပဲစိုက်လိုအားများတယ်။ အခု ကုလားပဲ စျေးကောင်းရနေတယ်။ ကုလားပဲ မတ်ပဲ ပဲစင်းငုံ က India နိုင်ငံနှင့် G to G  2025 ထိ တင်ပို့ရန် နားလည်မှုလက်မှတ်ထိုးထားတယ်လဲ ကြားတယ်”ဟု အောင်လံမြို့ မှ ကုန်သည်မင်းသူ ကပြောသည်။

လက်ရှိ မန္တလေး ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ ပထမပတ်က ကုလားပဲ(929 ) တစ်အိတ်ကို၂၈၃၀၀၀ ကျပ် မှ ၂၈၅၀၀၀၊ ကုလားပဲ (TW) တစ်အိတ်ကို ၂၇၅၀၀၀မှ ၂၈၀၀၀၀ ကျပ်နှင့် ကုလားပဲ(v2 ) က တစ်အိတ်ကို ၂၉၀၀၀၀  ကျပ်  ၊ ကုလားပဲ(v7)က ၂၉၅၀၀၀ကျပ်ထိ ရှိကြောင်း သိရသည်။

ပြည်တွင်း စားသုံးမှုရှိသည့် ကုလားပဲ အပါအဝင် ပဲကြီး၊ စားတော်ပဲ များမှာလည်း ပုံမှန် စျေးမြင့်တက်နေလျက်ရှိကြောင်းလည်း ကုန်သည်များထံမှ သိရသည်။

“အရင်လတွေနဲ့ စာရင်တော့ စျေးကောင်းတယ်။ အခုက အတက်စျေးမှာပဲ ၅၀၀၀၊ ၁၀၀၀၀ ကို တက်လိုက်၊ ကျလိုက်နဲ့  သွားနေတယ်။ ပြည်တွင်း စားသုံးတဲ့ ပဲတွေ ကတော့ အရင် တိုင်း စျေးတန်းတခု ကို ရောင်းနေမှာပဲ။ကုလား ပဲ ကို အိန္ဒိယ ဝယ်ရင် ပိုပြီး စျေးကောင်းရမယ်။ ဒီနှစ်ကောင်းရတယ်ပြောရမယ်။ ပြည်တွင်းအဓိက စားသုံးတဲ့ ပဲ တွေကတော့အတက်စျေးမှာပဲ မပြောင်းလဲဘူး။ ပြည်တွင်းစျေးကျ လဲ အများကြီး မကျဘူး။ စားသုံးသူ ရှိနေတော့ ပြည်ပပို့တဲ့ ပဲတွေ ထက်ဈေး ငြိမ်တယ်“ ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်း မှ ပဲအမျိုးမျိုးရောင်းချသူ ကိုကျော်ဝင်း က ပြောသည်။

လက်ရှိ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေကာ ဒေါ်လာငွေလဲနှုန်း အနည်းငယ်ပြန် မြင့်တက်နေသော ကြောင့် တစ်ပတ်အတွင်း ကုလားပဲ အပါအဝင် ပြည်ပ တင်ပို့ နေသည့် ပဲမျိုးစုံဈေး များပါ မြင့်တက် နေကြောင်း ဈေးကွက် မှ သိရသည်။

“ ကုလားပဲစျေး က တစ်ဆယ်သား ကို၁၄၀၀ ဝယ်ရတယ် ။အရင် ကနဲ့ စာရင် တက်တာပေါ့ ၊ စျေးတွေ က အကုန်တယ်နေတယ်။ ပဲမျိုးစုံ ၊ဆီကော ၊ဆန်ကော ၊ကြက်သွန် အကုန်တက်တယ်“ ဟု    

သင်္ဃန်းကျွန်းမြို့နယ် နေသူ က အိမ်ရှင်မ ဒေါ်ဝင်းက ပြောသည်။

တောင်သူအများစု အနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြပြီး နှစ်စဉ် ကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလ များတွင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဧကပေါင်း တစ်သိန်းကျော်ထိ စိုက်ပျိုးကြကြောင်း သိရသည်။

ကုလားပဲသီးနှံကို ဆောင်းအဝင် အောက်တိုဘာလ နောက်ဆုံးပတ်မှ  စတင် စိုက်ပျိုးကြပြီး  ဇန်နဝါရီလ ပထမ အပတ်အတွင်းမှသာ ခူးဆွတ်ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး ကုလားပဲ ၈ရာခိုင်နှုန်းထိ စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

ပြည်တွင်းမှာတော့  V2 မျိုးနှင့် ရိုးရိုးကုလားပဲလုံး သေးမျိုးများကို စိုက်ပျိုးကြသည့်အနက် V2 ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။

 

ဖိုးချဲ(AMIA)

Exclusive Content for Myanma Awba Group

ဆက်တိုက်ဈေးကျဆင်းနေတဲ့ မတ်ပဲ နှင့် ပဲစင်းငုံ

မတ်ပဲကတော့ ဈေးဆက်တိုက် ကျဆင်းနေပေမယ့် တစ်တန်ကို ငွေကျပ် ၃၅ သိန်းပတ်ချာလည် နဲ့ အတက်အကျ ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။အိန္ဒိယဝယ်ယူမှု ပြန်လည်လျော့နည်းသွားတဲ့ အတွက် ဈေးက ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ဈေးကွက်အတွင်းမှာလည်း မိုးမတ်ပဲအသစ်တွေ အဝင်ရှိ နေပါတယ်။

 

အိန္ဒိယနိုင်ငံတွင်းမှာလည်း မတ်ပဲ အဝင်တွေ ရှိနေတာဖြစ်တဲ့အတွက် ပြည်ပ ဝယ်ယူမှုလျော့နည်း သွားပေမယ့် မတ်ပဲ လိုအပ်ချက်က ကြီးနေတာဖြစ်တဲ့အတွက် ရေရှည်မှာ ဈေးတက်နိုင်ဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

 

ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ FOB ဈေးနှုန်းက တစ်တန်ကို ၈၉၀ မှ ၉၀၀ ဒေါ်လာရှိနေပြီး တစ်တန်ကို ၁၅ ဒေါ်လာ ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ ( FAQ ) က တစ်တန်ကို ၃၅၆၇၀၀၀ ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ၂၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ (FAQ)ကလည်း တစ်တန်ကို ၃၉၅၄၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၂၆၀၀၀ ကျပ်ဈေးကျ ဆင်းသွားပါတယ်။

 

ပဲစင်းငုံနီကလည်းဈေးပြန်ကျဆင်းပါတယ်။တစ်ပတ်တာလုံး အတက်အကျ တည်ငြိမ်မှုမရှိပါဘူး။ဈေး ကွက်ထဲ ပဲအသစ်တွေ အဝင်ရှိတော့မှာ ဖြစ်တဲ့အတွက်ဈေးချ ဝယ်ယူဖို့ရာ အကျဈေးနဲ့ ထိန်းထားတာဖြစ်တယ်လို့ တောင်သူကုန်သည်အချို့ကတော့ ဆိုပါတယ်။လက်ရှိမှာတော့ ဈေးကွက်ထဲ လက်ကျန်မရှိတာ၊ ပြည်ပဝယ်လိုအား လျော့နည်းတာ ၊‌ငွေလဲလှယ်ဈေးနှုန်းကျဆင်းလာတာ တွေကြောင့် ဈေးကျဆင်းပြီး အရောင်းအဝယ် လည်း အေးပါတယ်။

 

 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၈၅၀၀၀၀  ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၉၂၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။  FOB ဈေးကတော့ တစ်တန်ကို ၉၆၀ မှ ၉၇၀ ရှိပြီး တစ်တန်ကို ဒေါ်လာ ၁၀ ပြန်တက်လာပါတယ်။

 

ဆက်တိုက်ဈေးမြင့်တက်လာတဲ့ ပြောင်း

 

ပြောင်းဈေးကလည်း ဆက်တိုက်ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ ပြောင်းဆံအသစ် တွေပေါ်နေပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် ပြောင်းဆံတွေစျေးကွက်ထဲဝင် ရောက်မှု နည်းခြင်း၊ပြောင်းစိုက်ပျိုးမှုနည်းလို့အထွက်နှုန်းနည်းခြင်း၊ ပြည်ပကလည်းဝယ်လိုအားရှိသလိုပြည်တွင်းအစာစပ်စက်ရုံတွေက လည်း ဝယ်ယူမှုရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။

 

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၅၅၀ မှ ၁၅၇၀ ကျပ်ရှိပြီး တစ်ပိဿာ  ၃၀ ကျပ်တက်လာပါတယ်။ 

 

 

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၇၅၀၀ မှ ၇၈၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ် စျေးရှိပြီး ပြောင်း တစ်အိတ်ကို ၁၀၀၀ မှ  ၂၀၀၀ ကြား ဈေးမြင့် တက်လာပါတယ်။ 

 

ဈေးပြန်တက်လာတဲ့ နှမ်းမျိုးစုံ

 

ဒီတစ်ပတ်မှာတော့ နှမ်းမျိုးစုံက ဈေးဆက်တိုက်မြင့်တက်လာပါတယ်။ ပြည်ပ အဝယ်သွက်လာတဲ့ အတွက် နှမ်းနက်(စမုံ) ဈေးတွေ မြင့်တက်လာတာဖြစ်ပြီး ဆီအတွက် အဝယ်ရှိနေတာဖြစ်လို့ နှမ်းညိုဈေး နှမ်းဖြူဈေး တွေကလည်း မြင့်တက်လာပါတယ်။ စမုံနှမ်းနက်က အောင်လံ ဘက်ကအသစ်တွေဈေးကွက်ဝင်လာပြီး အက်စစ်လွတ်တဲ့ နှမ်းတွေက ပိုပြီး အရောင်းအဝယ်သွက် တယ်လို့သိရပါတယ်။

 

မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာ   အက်စစ်လွတ်တဲ့  စမုံ နှမ်းနက်သုံးတင်းတစ်အိတ်ကို  ၆၂၀၀၀၀ မှ ၆၈၀၀၀၀ ကျပ်အတွင်းရှိပြီး အရင်အပတ်ကထက် ၃၀၀၀၀ ကျပ်ဈေး တက်လာပါတယ်။

 

နှမ်းညိုကလည်းတစ်အိတ်ကို ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်တက်လာပါတယ်။ 

 

နှမ်းဖြူဗမာကလည်း တစ်အိတ်ကို  ၃၈၀၀၀၀ မှ ၄၀၅၀၀၀ ကျပ်ရှိကာ အရင်အပတ်ကထက် ၃၀၀၀၀ ကျပ်တက်လာပါတယ်။နှမ်းဖြူ ဂျပန်က ၄၅ ပိဿာသုံးတင်တစ်အိတ်ကို  ၄၁၀၀၀၀၀ မှ ၄၃၅၀၀၀ ကျပ် ရှိပြီး ၁၀၀၀၀ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

 

 

 

မေမီမောင်(AMIA)

 

 

 

 

 

 

နိုဝင်ဘာ ၂၀


ပြည်တွင်းစားဖိုဆောင်သီးနှံကုန်စည် စျေးကွက်မှာ အာလူးစျေးနှုန်း စံချိန်တင်မြင့်တက်လာလို့ လက်ကားစျေးကွက်မှာ တစ်ပိဿာကို ၁၃၀၀၀ ကျပ်အထိမြင့်တက် လာနေတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။


နိုဝင်ဘာလ ၁ ရက်ကစပြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တရုတ်အာလူးစျေးဆက်တိုက်မြင့်တက်လာပြီး ကုန်အဝင်အလွန်နည်းခြင်း၊ရှမ်းအာလူးတွေ ဝင်ရောက်မှုမရှိသည်မှာ လနှင့်ချီကြာမြင့်လာခြင်းတွေကြောင့် အာလူးစျေးကမြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။


" မနေ့ကဆို ဘုရင့်နောင်မှာ အာလူးကားတစ်စီးပဲဝင်တယ်။ဒီနေ့ဆိုနှစ်စီးဝင်တယ်။ဝင်တဲ့ကုန်နဲ့ လိုအပ်တဲ့ပမာဏကမမျှတတော့ စျေးကတက်တယ်။နယ်စပ်ကနေသွင်းရတာလည်းပိုခက်ခဲလာတော့ကုန်ကျ စရိတ်တွေပိုများတာကြောင့်လည်းပါတယ်။တကယ်ဆိုအာလူးကကားဆယ်စီးလောက်ကိုဝင်ရမှာ။" လို့ 
ဘုရင့်နောင်ကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


အောက်တိုဘာလကုန်လောက်က
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အာလူးတစ်ပိဿာကို ၆၅၀၀ ကျပ်သာရှိပြီး နိုဝင်ဘာလ ၁ ရက်မှာ ၇၀၀၀ ကျပ်နဲ့လက်ရှိမှာ တစ်ပိဿာကို ၉၅၀၀ ကျပ်အထိရှိလာတာဖြစ်ပါတယ်။


လက်ကားစျေးကွက်မှာ တရုတ်အာလူးပြတ်နေပြီး ရှမ်းအာလူးအရည်အသွေးအသင့်အတင့်နဲ့အရွယ်အစားအသေးဆိုက်တွေသာရှိပြီး တစ်ပိဿာကို အနိမ့်ဆုံး ၁၃၀၀၀ ကျပ်အထိရှိနေပါတယ်။


အာလူး စျေးနှုန်း အဆမတန်မြင့်တက်လာတဲ့အပြင် ဘုရင့်နောင်ကုန်စည်ဒိုင် အပါအဝင် ပွဲရုံတွေကို တရုတ်အာလူးရော ရှမ်းပြည်နယ်ထွက်အာလူးတွေပါဝင်ရောက်မှုအလွန်နည်းနေခြင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းကုန်စည်စျေးကွက်ကိုလည်း အာလူးတွေဝင်ရောက်မှုနည်းနေတာကြောင့် စျေးကွက်ထဲမှာ အာလူးပြတ်လပ်မှုတွေပါဖြစ်ပေါ်နေတယ်လို့သိရပါတယ်။


" အောင်ပန်းစျေးကွက်ကို အာလူးအကြော်သီးဆိုက်တွေမဝင်တာကြာပြီ။အာလူးကဝယ်လိုအားများပြီးရောင်းအား ကနည်းနေတာ။ရေကြီးတာကြောင့်အခင်းတွေတော်တော်ပျက်စီးခဲ့တော့အထွက်လည်းလျော့ကုန်တာ။ခုပစ္စည်းကျန်တဲ့တောင်သူကတော့စျေးကောင်းမိတာပေါ့ ။ " လို့ အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင်
တစ်ဦးကပြောပါတယ်။


ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာ ရှမ်းထွက်အာလူးတွေထဲကမှ လုပ်ငန်းသုံး အကြော်သီးဆိုက်တွေဖြစ်တဲ့ မားကစ် S2/S1 နဲ့မျက်နီ S2/S1 ပစ္စည်းတွေဝင်ရောက်မှုမရှိသည်မှာ စက်တင်ဘာလရေကြီးမှုပြီးကတည်းကဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိ ပွဲရုံတွေကိုဝင်ရောက်နေတဲ့ အာလူးတွေကတော့ S-1-OK မျက်နီက တစ်ပိဿာ ၇၀၀၀ ကျပ်၊OK - မျက်နီက ၆၈၀၀ ကျပ်၊ A1- မျက်နီ ၅၅၀၀ ကျပ်၊ A1-ဆွဲ မျက်နီအဟောင်းက ၅၂၀၀ ကျပ် နဲ့ ဂေါ်လီ ဆိုဒ် - မျက်နီအဟောင်းကတစ်ပိဿာကို ၂၅၀၀ မှ ၃၀၀၀ ကျပ် စျေးတန်းရှိနေပါတယ်။ 


မစံပယ်(AMIA)

နိုဝင်ဘာဘာ ၁၈


ပြည်ပ ပို့ကုန်ပဲဖြစ်တဲ့ ပဲစဥ်းငုံနီကတော့ စျေးကွက် ဆက်တိုက်ကျဆင်း နေပြီး နိုဝင်ဘာလ တတိယပတ်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၈ သိန်းကျပ်သာ စျေးတန်းရှိနေတယ်လို့ ကုန်စည်ဒိုင်တွေက သိရပါတယ်။


ပြီးခဲ့တဲ့အောက်တိုဘာလအစ ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၄၆ သိန်းအထိရှိပြီး အောက်တိုဘာလကုန်မှာတော့ တစ်တန်ကို သိန်း ၄၀၇၀၀၀၀ ကျပ်အထိ‌ ဈေး ကျခဲ့ပါတယ်။အဲဒီနောက်မှာလည်းစျေးထပ်မံကျဆင်းခဲ့ပြီး လက်ရှိနိုဝင်ဘာ ၁၈ ရက်မှာ တစ်တန်ကို ၃၈ သိန်းကျပ်သာရှိတော့တယ်လို့သိရပါတယ်။


ဒါကြောင့် ပဲစဥ်းငုံနီကအောက်တိုဘာ လကုန်မှာဖြစ်ပေါ်ခဲ့တဲ့စျေးကွက်နဲ့ယှဥ်ရင် နိုဝင်ဘာလမှာ တစ်တန်ကို ၂ သိန်းကျော်လောက်စျေးထပ်မံကျဆင်းလာတာဖြစ်ပါတယ်။


" စျေးက တန်ဆောင်တိုင် မရောက်ခင်တည်းကကျတာပဲ။ခုကာလက ဆောင်းပဲစိုက်ရာသီလည်းရောက်နေပြီ၊ပဲလက်ကျန်ကလည်းမရှိတော့ဘူးဆိုတော့ စျေးကအတက်မရှိဘဲ ကျပဲကျနေတာပါ။ခုရက်ပိုင်းဒေါ်လာစျေးကလည်းကျတော့ အဲဒါတွေကြောင့်လည်းပါတယ်" လို့ ပဲကုန်သည်တစ်ဦးကပြောပါတယ်။


လက်ရှိပြည်တွင်းမှာ နိုင်ငံခြားငွေစျေးနဲ့ရွှေစျေးကျလာခြင်းနဲ့အတူ ပဲစဥ်းငုံကိုအိန္ဒိယဘက်မှလည်း ဝယ်လိုအားနည်းသွားခြင်း၊ပြည်တွင်းလက်ကျန်မရှိခြင်း တွေကြောင့် စျေးတန်း ကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။


ပြီးခဲ့တဲ့ ပဲစဥ်းငုံ နီစိုက်ပျိုးရာသီမှာတုန်းက အိန္ဒိယနိုင်ငံမှာ ပဲစဥ်းငုံနီ အထွက်နှုန်း လျော့ကျခဲ့တာကြောင့် သူတို့ရဲ့စားနပ်ရိက္ခာလိုအပ်ချက်ရှိနေတဲ့အတွက် မြန်မာကနေ ပဲစဥ်းငုံနီတန်ချိန်အများအပြား ဝယ်ယူမှုကြောင့်စျေးနှုန်း တက်လာခဲ့ပြီး လက်ရှိမှာအဝယ်အေးသွားလို့ အကျဘက်ရောက်လာတာလည်းဖြစ်ပါတယ်။


ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၈၀၀၀၀၀ ကျပ်သာရှိပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲအဝင်မရှိတာကြောင့် စျေးကွက်ပင်ဖွင့်ထားခြင်းမရှိတာ စက်တင်ဘာလနောက်ဆုံးပတ်လောက်ကတည်းကဖြစ်ပါတယ်။


" ပဲစဥ်းငုံနီက မိုးစိုက်တာတွေရှိပေမယ့်ရေကြီးတာနဲ့ဆိုတော့ပျက်စီးတာများကြတယ်။အသစ်လည်းမပေါ်သေးတော့ စျေးကွက်ကပျောက်နေသလိုဖြစ်နေတာ။အဟောင်းစျေးကတော့ဆက်တိုက်ကိုကျလာတာ။အသစ်ပေါ်ရင်ပြန်တက်ပါ့မလားတောင်မသိဘူး" လို့ ပဲစိုက်တောင်သူတစ်ဦးကပြောပါတယ်။


စက်တင်ဘာလ ပထမပတ်က ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၅၁ သိန်းအထိရှိခဲ့ပါတယ်။


ပဲစဥ်းငုံနီကိုတော့ ပြည်ပတင်ပို့မှုအနေနဲ့ အိန္ဒိယနိုင်ကိုသာ အဓိကအများဆုံးတင်ပို့ရတာဖြစ် ပြီး ဥရောပနိုင်ငံအချို့ကတော့ပဲပင်ပေါက်ဖို့တန်ချိန်ထောင်ဂဏန်းလောက်သာ ဝယ်ယူမှုရှိတာကြောင့် အိန္ဒိယရဲ့ဝယ်လိုအား ပေါ်လိုက်ပြီး စျေးအတက်အကျဖြစ်ပေါ်နေတာဖြစ် ပါတယ်။


ချစ်ခွန်းချို(AMIA)

ဆက်တိုက်ကျဆင်းနေတဲ့ မတ်ပဲ နဲ့ အကျကြမ်းတဲ့ပဲစင်းငုံ

မတ်ပဲကတော့ ၂ ပတ်ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ FOB ဈေးကတော့ ငြိမ်နေပေမယ့် ပြည်တွင်း ငွေလဲလှယ်နှုန်း ကျဆင်းသွားတာ၊အိန္ဒိယဘက်က အဝယ်နည်းတာ၊ပြည်တွင်းလက်ကျန် လျော့နည်းတာတွေကြောင့် ဈေးက အတက်မရှိတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာလည်း ပွဲတော်ကာလ အပြီး ဝယ်ယူမှု နည်းသွားပြီး ဈေးအေးသွားတယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံတွင်းမှာတော့ ‌ဈေးကွက်အတွင်း ပဲ အဝင်နည်းတာ တွေကြောင့် မတ်ပဲက အကြာကြီး ဈေးအေးနိုင်ဖို့ မရှိလို့ သုံးသပ်မှုတွေရှိပါတယ်။ပဲထုတ်လုပ်မှုကလည်း လျော့နည်းနေတာ ဖြစ်တဲ့အတွက် ရေရှည်ကာလမှာတော့ မတ်ပဲ က အမြင့်ဈေးနဲ့ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ မတ်ပဲ ( FAQ ) က တစ်တန်ကို ၃၆ သိန်းနီးပါးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို တစ်သိန်းနီးပါးဈေးကျဆင်းသွားပါတယ်။ (FAQ)ကလည်း တစ်တန်ကို ၃၉၈၄၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၇၀၀၀၀ ကျော်ဈေးကျဆင်းပါတယ်။

ပဲစင်းငုံနီကတော့ တစ်တန်ကို သိန်း ၄၀ ထိ ရောက်သွားပါတယ်။အခြား ပဲတွေ နဲ့ ယှဉ်ရင် အကျကြမ်းပေမယ့် ပြည်တွင်း မှာ လက်ကျန်မရှိပဲ နယ်ဈေးကွက်တွေမှာလည် အရောင်းအဝယ်မ ဖွင့်တဲ့အတွက်အ‌ေရာင်းအဝယ်လည်း အေးတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲအသစ်တွေ ‌ဈေးကွက်ထဲ အဝင်ရှိနေပြီး အာဖရိက ဘက်က ပဲတွေလည်း ဝင်ရောက်နေပြီ ဖြစ်လို့ ပဲဈေးက လက်တလောမှာတော့ အကျဈေးနဲ့ရှိနိုင်သေးတယ်လို့ သုံးသပ်မှု တွေလည်း ရှိပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၈ သိန်း  ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၅၀၀၀၀ ကျော်ဈေးကျဆင်းပါတယ်။  FOB ဈေးကတော့ တစ်တန်ကို ၁၀၂၀ မှ ၁၀၃၀ ရှိပြီး တစ်တန်ကို ဒေါ်လာ ၂၀ ကျဆင်းပါတယ်။

 ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် ငွေလဲလှယ်နှုန်းတွေ က လက်ရှိမှာတော့ ၄၅၀၀ အောက်ထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။

 

ဈေးမြင့်တက်တဲ့ ပြောင်း နဲ့ ပဲတီစိမ်း

ပြောင်းက ရန်ကုန်ဈေးကွက်မှာ ငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ အမြင့်ဈေး ရှိနေပါတယ်။ ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိပေမယ့် သယ်ယူပို့ဆောင်စရိတ်တွေကြောင့် မြင့်တက်နေတာ ဖြစ်တယ်လို့သိရပါတယ်။ အဝင်ရှိသလောက် အဝယ်လည်းရှိနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတေ့ာ တစ်ပိဿာကို ၁၅၂၀ မှ ၁၅၄၀ ရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၇၇၀၀၀ မှ ၇၇၅၀၀ ပေါက်ဈေး၊ရှမ်း ပြောင်းက တစ်အိတ်ကို ၇၈၀၀၀ မှ ၇၈၅၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀လောက်ဈေးမြင့်တက်ပါတယ်။

ပဲတီစိမ်းကလည်း ရန်ကုန်ဈေးကွက်မှာ အမြင့်ဈေးနဲ့ငြိမ်နေခဲ့ပြီး နယ်ဈေးကွက်တွေမှာတော့ ပွဲတော် ကာလ အဝယ်သွက်ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း က အမြင့်ဈေးနဲ့ ဈေးငြိမ်နေပြီး ပဲတီစိမ်း(အညာ)၊ (ခရမ်းရွှေဝါ)ပဲခူးရွှေဝါ၊ဝါးခယ်မ တို့က တစ်ပိဿာကို ၄၃၃၀ မှ ၆၁၈၅ ရှိနေတာဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၂၅၅၀၀၀ မှ ၂၇၀၀၀၀ ကြား ရှိပြီး တစ်အိတ် ကို ၅၀၀၀ မှ ၁၀၀၀၀ ကြား ဈေးတက်လာပါတယ်။နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၁၀၀၀ မှ ၂၀၀၀  ကြား ဈေးတက်ပါတယ်။

 

မေမီမောင်(AMIA)

 

 

 

 

Crops

ဆက်စပ်စိုက်သီးနှံများ