ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-02-14
Share to
ပဲဈေးနှုန်း အမြင့်ဆုံးဖြစ်နေရာမှ အနည်းငယ်ကျဆင်း

ရွှေမန်း

ယခင်သီတင်းပတ်က ပို့ကုန်ပဲများအပါအဝင် အသစ်ဝင်ပဲမျိုးစုံမှာ အမြင့်ဆုံးဈေးဖြင့် ဈေးကွက်ကောင်းရှိနေခဲ့ပြီး ယခုသီတင်းပတ်တွင်မူ အနည်းငယ် ပြန်လည်ကျဆင်းသွားသည်။

အသစ်ဝင်ပဲဈေးကွက်တွင် ပို့ကုန်သမားနှင့် လှောင်လက်များ အပြိုင်အဆိုင်ဝယ်ယူမှုကြောင့်
ပဲဈေးကွက်မြင့်တက်နေရာမှ ပဲတစ်အိတ် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ ကြား ဈေးပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။

ဈေအကောင်းဆုံးဖြစ်ခဲ့သည့် ပဲတီစိမ်းမှာ တစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ ကျော်ထိ ကျဆင်းသွားပြီး ၊ နှမ်းမျိုးစုံ နှင့် မြေပဲဆံဈေးကွက်မှာမူ ပုံမှန်အခြေအနေဖြင့် အရောင်းအဝယ်ရှိနေကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

"ပဲမျိုးစုံအကုန် ဈေးပြန်အေးသွားပါတယ်။ ပဲတီစိမ်းဈေးလည်း ကျဆင်းသွားတယ်။ ပြည်တွင်းသုံး ကုလားပဲတွေလည်း ဈေးတက်နေရာကနေ ပြန်လည် ကျဆင်းနေပါတယ်။ လှောင်လက်သမားတွေကတော့ ပစ္စည်းဝင်သလောက် အဝယ်ရှိနေပါတယ်။ ပဲစင်းငုံလည်း ဈေးပြန်ကျနေပေမယ့် အရောင်းအဝယ်ကတော့ ကောင်းနေပါတယ်။ အသစ်ဝင် ပဲတွေထဲမှာ မြေထောက်ပဲကတော့ ဈေးအမြင့်ဆုံးနဲ့ တစ်အိတ်ကျပ် ၂၆၅,၀၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။ နှမ်း၊ မြေပဲ ဈေးကွက်ကတော့ ပုံမှန်သာအရောင်းအဝယ် ရှိနေပါတယ်" ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
ပြည်တွင်းဒေါ်လာဈေး တစ်ဒေါ်လာလျှင် ကျပ် ၂၀၉၄ ပေါက်ဈေးဖြင့်သာ ငြိမ်နေရာမှ ပြည်တွင်း ပဲဈေးကွက်အနည်းငယ် ကျဆင်းလာရာ ဖေဖော်ဝါရီ ၉ ရက် တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်ကျပ် ၁၇၅,၀၀၀၊ ပဲစင်းငုံ တစ်အိတ်ကျပ် ၁၈၅,၀၀၀၊ ပဲတီစိမ်း(ရွှေဝါ) ကျပ် ၂၂၈,၀၀၀၊ ပဲတီစိမ်း(အညာ)ထိပ်စ သုံးတင်းဝင် တစ်အိတ် ကျပ် ၁၆၀,၀၀၀ ပေါက်ဈေးရှိသည်။

နှမ်း၊ မြေပဲ
ပို့ကုန်ပဲများ ဈေးကျဆင်းသွားသော်လည်း နှမ်း၊ မြေပဲဆံ ဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေသ်။ နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ်ကျပ် ၃၀၀,၀၀၀ ထိ ပေါက်ဈေးဖြစ်လာ ပြီး နှမ်းနက်စမုံမှာ တစ်အိတ်ကျပ် ၂၉၀,၀၀၀ ဈေး ရှိနေသည်။ မြေပဲအနီလုံးဆံ တစ်ပိဿာ ကျပ် ၇,၂၀၀၊ ဆီဆံတစ်ပိဿာကျပ် ၆,၁၀၀ ပေါက်ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။

ပို့ကုန်ပဲများ ဈေးကျဆင်းနေခြင်းကြောင့် ပြည်တွင်းသုံး ပဲမာလိုင်းများလည်း အနည်းငယ်ဈေးကျဆင်းသွားရာ ဖေဖော်ဝါရီ ၉ ရက်တွင် ကုလားပဲ V2 တစ်အိတ်ကျပ် ၁၉၀,၀၀၀၊ ပဲယင်းကြီး(သစ်)တစ်အိတ်ကျပ် ၁၆၀,၀၀၀၊ ပဲကြီး(သစ်)တစ်အိတ်ကျပ် ၂၅၀,၀၀၀၊ ပဲလွန်းဖြူကျပ် ၁၄၀,၀၀၀၊ ပဲထောပတ်(သစ်)ကျပ် ၂၅၀,၀၀၀၊ ပဲဇီးကွက် ကျပ် ၁၅၀,၀၀၀၊ မြေထောက်ပဲကျပ် ၂၆၇,၀၀၀၊ ကျွန်းစားတော်ပဲ ကျပ် ၂၉၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

#Awba

ဆက်စပ်ထုတ်ကုန်များ

News

ဆက်စပ်သတင်းများ