ဇူလိုင် ၂၂
ပြည်တွင်းမြေပဲစျေးကွက် အတက်ဘက်ကိုပြန်ရောက်လာပြီး မန္တလေးစျေးကွက်မှာ တစ်ပိဿာကို ၈၃၀၀ ကျပ်အထိစျေးတန်းအမြင့်ဆုံးဖြစ်လာတယ်လို့သိရပါတယ်။
အဓိက ပြည်တွင်းမှာ မြေပဲလက်ကျန်နည်းခြင်း ၊ တရုတ်ကအဝယ်လိုက်ခြင်း၊မြေပဲဆီစားသုံးမှုများလာတာကြောင့် ဆီစက်ပိုင်တွေက မြေပဲဝယ်ယူမှုမြင့်တက်လာလို့ မြေပဲဆံစျေးကလည်း မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
" မြေပဲက အခုဇူလိုင်ကအရောင်းရဆုံးလလို့ပြောလို့ရတယ်။မြေပဲလက်ကျန်က ကုန်သည်၊ပွဲရုံတွေလက်ထဲမှာပဲရှိတော့မယ်။တောင်သူဆီကနည်းပါတယ်။အမှန်ဆိုမြေပဲတစ်ပိဿာကို ဒေါ်လာ၂ဒေါ်လာနဲ့ညီမျှရမှာပေါ။အခု၈၀၀၀ ဆိုတော့ ၂ဒေါ်လာတောင်မပြည့်သေးဘူး။" လို့ မြေပဲခွဲစက်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာမြေပဲလက်ကျန်ကအရင်နှစ် မိုးရာသီ မြေပဲလက်ကျန်အဟောင်းနဲ့ဆောင်းရာသီ ရေသွင်းစိုက်ပျိုးတဲ့မြေပဲတွေသာ ရှိနေပြီး ကုန်အများစုက ကုန်သည်တွေလက်ထဲမှာပဲ ကျန်ရှိတော့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ မန္တလေးကုန်စည်စျေးကွက်မှာ မြေပဲလုံးဆံနီ တစ်ပိဿာကို ၈၁၀၀ ကျပ်၊မြေပဲလုံးဆံဖြူတစ်ပိဿာကို ၈၃၀၀ ကျပ်၊ဆီဆံက တစ်ပိဿာကို ၈၀၀၀ ကျပ်အထိစျေးရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းက မန္တလေးကုန်စည်စျေးကွက်မှာ မြေပဲလုံးဆံနီ တစ်ပိဿာကို ၇၃၀၀ ကျပ်၊မြေပဲလုံးဆံဖြူတစ်ပိဿာကို ၇၃၀၀ ကျပ်၊ဆီဆံက တစ်ပိဿာကို ၆၈၀၀ ကျပ်သာရှိလို့ တစ်ပိဿာကို ၈၀၀ မှ ၁၂၀၀ ကျပ်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။
" အရင်တပတ်ကပဲရောင်းလိုက်တာ ၇၅၀၀ စျေးနဲ့ပါ။အခုကတောင်သူလက်ထဲသိပ်မရှိတော့ပါဘူး။ဘာလို့ဆိုအခုပဲမိုးထပ်စိုက်နေရပြီလေ။တောင်သူတွေမှာလှောင်ဖို့ကလည်းနေရာတို့နည်းပညာဘာညာတို့ကလည်းလိုအပ်တော့ အချိန်အကြာကြီးလှောင်နိုင်ခြင်းမရှိဘူး။အခုရှိတဲ့သူတွေကလည်းဆီစက်တွေပဲပိုရောင်းနေရတယ် " လို့ မြေပဲစိုက်တောင်သူတစ်ဦးကပြောပါတယ်။
မြေပဲဆံစျေးမြင့်တက်မှုနဲ့အတူ မြေပဲဆီစျေးကလည်း အရင်ကတစ်ပိဿာကို ၁၅၀၀၀ ကျပ်လောက်ရှိရာကနေ ၁၇၀၀၀ကျပ်အထိ မြင့်တက်လာတယ်လို့သိရပါတယ်။
မြေပဲကိုတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှာ အဓိကစိုက်ပျိုးပြီး ပဲခူးတိုင်းနဲ့ အခြားနေရာအချို့မှာလည်းစိုက်ပျိုးကြပြီး အခုဆိုရင်တနိုင်ငံလုံးအတိုင်းအတာနဲ့မိုးမြေပဲတွေစိုက်ပျိုးနေကြပြီဖြစ်ပါတယ်။
မိုးရာသီမြေပဲကအသစ်တွေ လာမယ့် ဩဂုတ်လကုန်လောက် မှာ စတင်ထွက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။
မြေပဲကိုတော့ပြည်ပတင်ပို့မှုအနေနဲ့ တရုတ်ကိုသာအဓိကတင်ပို့မှုရှိပြီး ပြည်တွင်းမှာတော့ ဆီကြိတ်ခွဲခြင်း၊မြေပဲဆားလှော်၊မြေပဲကြော်၊မြေပဲမုန့်တွေမှာ အသုံးပြုတာဖြစ်ပါတယ်။
ချစ်ခွန်းချို(AMIA)