ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-05-07
Share to
ကြက်သွန်အဝင်များပြီး စျေးကွက်ပြန်ကျလာ
Onion

မေ ၆

ပြည်တွင်း ကြက်သွန်နီစျေးကွက်က  ကြက်သွန် အဝင်များပြီး စျေးအနည်းပြန်ကျသွားတယ်လို့ ကြက်သွန်ရောင်းဝယ်‌ ရေး လုပ်ကိုင်‌ နေတဲ့ပွဲရုံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်လောက်တုန်းက မြင်းခြံကုန်စည်စျေးကွက်မှာ ပွဲရုံဒိုင်ပြတ်စျေး တစ်ပိဿာကို ၁၅၀၀ မှ ၂၃၀၀ အထိရှိခဲ့ပြီး ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တစ်ပိဿာကို ၁၇၀၀ မှ ၂၈၀၀ ကျပ်ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ မြင်းခြံကုန်စည်ဒိုင် စျေးကွက် မှာ ကြက်သွန်နီ တစ်ပိဿာ ကို ၁၂၀၀ မှ ၂၀၀၀ ကျပ်သာစျေးရှိပြီး ဘုရင့်နောင်ကုန်စည်စျေးကွက်မှာ တစ်ပိဿာကို ၁၄၀၀ မှ ၂၅၀၀ ကျပ်စျေးသာရှိပါတယ်။
ဒါကြောင့် ကြက်သွန်နီ စျေးကွက်မှာ တစ်ပိဿာကို ၃၀၀ ကျပ်လောက်စျေးပြန်ကျလာပြီး အရောင်းအဝယ်ကလည်း ပုံမှန်သာရှိတယ်လို့သိရပါတယ်။

" ရန်ကုန်ကို ကြက်သွန်အဝင်များရင်တော့ စျေးကိုချဝယ်ကြတယ်၊ဒီတော့ခုရက်ပိုင်းကားအဝင်များပြီးစျေးပြန်ကျတယ်၊ဒါကြောင့်နယ်ကုန်သည်တွေအနေနဲ့ထိန်းပြီးတော့ အဝေးကိုတင်ပို့ဖို့လိုအပ်တယ်။ပစ္စည်းအဝင်လျော့ရင် စျေးကပြန်လှုပ်လာမှာပါ၊ အခုကအလုပ်သမားပြဿနာ၊ငွေဝင်ငွေထွက်နဲ့တခြားအခက်အခဲတွေကြောင့် အဝယ်အေးပြီးစျေးကလည်းကျတာပါတယ် " လို့ ရန်ကုန်က ကြက်သွန်နီ ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ မြင်းခြံကုန်စည်ဒိုင်ကို နေ့စဥ် ကြက်သွန်နီပိဿာချိန် သိန်းဂဏန်းအထိဝင်ရောက်မှုရှိနေပြီး ရန်ကုန်ဘုရင့်နောင်ကိုလည်း ကြက်သွန်ကားအစီးရေ တစ်ရက်ကို ၂၆ စီးမှ ၄၀ စီးအထိဝင်ရောက်မှုရှိတယ်လို့သိရပါတယ်။

လက်ရှိမှာ နွေရာသီရောက်သည်နဲ့အညီ နွေကြက်သွန်နီတွေကိုလည်းတူးဖော်နေကြပြီး နယ်မြေအခြေအနေကြောင့် သိုလှောင်မှုအစား ရောင်းသူများတဲ့အတွက် နယ် ကုန်စည်ဒိုင်တွေကို ကုန်အဝင်များနေတာဖြစ်ပါတယ်။

ဒါ့အပြင်မြန်မာ့ကြက်သွန်နီတွေကို ပြည်ပနိုင်ငံတွေက  ၀ယ်ယူဖို့ အမှာကမ်းလှမ်းမှုရှိပေမယ့်လည်း တင်ပို့မှုအပိုင်းမှာ နယ်စပ် လမ်းကြောင်းက တင်ပို့မှု အခက်အခဲတွေရှိနေတဲ့အတွက် ပြည်ပ တင်ပို့နိုင်မှု နည်းပါးပြီး ပြည်တွင်းစျေးကွက်ကိုသာအဓိကထားရောင်းချနေရတာကြောင့်လည်း စျေးကွက်ကျတာဖြစ်နိုင်တယ်လို့ကုန်သည်တွေကသုံးသပ် ပါတယ်။

မြန်မာ့ကြက်သွန်ကို ပြည်ပတင်ပို့မှုအနေနဲ့  ဖိလစ်ပိုင်၊ ဗီယက်နမ် ၊ လာအို၊ မလေးရှား၊ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့က ၀ယ်ယူလေ့ရှိပြီး လတ်တလောမှာတော့ ဗီယက်နမ် ၊ တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို တင်ပို့ နေရတယ်လို့သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ကြက်သွန်နီစိုက် ဧကပေါင်း ၁. ၇ သိန်းကျော် စိုက်ပျိုးပြီး နှစ်စဥ်တန်ချိန် ၁ သန်းကျော် ထွက်ရှိ ကာ တစ်နှစ်ကို တန်ချိန် ၁ သိန်းလောက် ပြည်ပကို တင်ပို့လေ့ရှိတယ်လို့ သိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ