ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-05-08
Share to
ယခုဘဏ္ဍာနှစ်ပထမလအတွင်း ပဲမျိုးစုံပြည်ပတင်ပို့မှု တန်ချိန်၂သိန်းနီးပါးရှိခဲ့

မေ ၈

ယခု၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်ရဲ့ ပထမနှစ်စကာလဖြစ်တဲ့ ဧပြီလမှာ ပြည်ပကို ပဲမျိုးစုံတင်ပို့မှုအနေနဲ့ တန်ချိန် ၂ သိန်းနီးပါးအထိတင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၄ သန်းကျော်အထိရရှိခဲ့တယ်လို့သိရပါတယ်။

ပဲမျိုးစုံတင်ပို့မှုမှာ မတ်ပဲက တန်ချိန်အများဆုံးတင်ပို့ရပြီး ဒုတိယအများဆုံးတင်ပို့မှုက ပဲတီစိမ်း၊ တတိယအများဆုံးက ပဲစဥ်းငုံ ဖြစ်တယ်လို့သိရပါတယ်။

" မတ်ပဲကတော့ အိန္ဒိယကိုအများဆုံးပို့ရတာပေါ့၊အရင်နှစ်နဲ့ယှဥ်ရင် တန်ချိန်တော်တော်တက်လာတယ်ပြောရမယ်။တန်ချိန်တင်ပို့မှုမြင့်လာသလို မနှစ်ကစျေးတန်းထက် လည်းမြင့်တယ်၊စျေးမြင့်မှလည်းတောင်သူတွေကိုက်ကြမှာ၊ပဲစျေးမြင့်သလိုကုန်ကျစရိတ်ကလည်းမြင့်လာတာကိုး " လို့ ပြည်ပကိုပဲတင်ပို့နေသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ကာလတူ တုန်းက ပြည်ပကိုပဲမျိူးစုံတင်ပို့နိုင်မှုအနေနဲ့ တန်ချိန် ၁၁ သိန်းကျော်သာရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၇ သန်းကျော်သာရရှိခဲ့တာကြောင့် ကာလတူနှိုင်းယှဥ်ရင် ယခုဘဏ္ဍာနှစ်စ ပဲမျိုးစုံတင်ပို့မှုကတန်ချိန် ၈ သိန်းကျော်မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ သန်း၈၀ နီးပါးတိုးမြင့်ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိပဲမျိုးစုံ ပြည်ပတင်ပို့မှု ကို နယ်စပ်လမ်းကြောင်းတွေက တင်ပို့ဖို့ အခက်အခဲတွေရှိနေတာကြောင့် ပင်လယ်ရေကြောင်းကနေသာအဓိကတင်ပို့နေရတာဖြစ်ပါတယ်။

ဒါကြောင့် ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၁၉ သိန်းနီးပါးအထိရှိပြီး နယ်စပ်တင်ပို့မှုက တန်ချိန် ၅၀၀၀ နီးပါးသာရှိတယ်လို့သိရပါတယ်၊ အရင်ဘဏ္ဍာနှစ်ကာလတူတုန်းက နယ်စပ်ကနေတင်ပို့မှု တန်ချိန် ၁၅၀၀၀ နီးပါးရှိခဲ့လို့ ခုနှစ်မှာနယ်စပ်ကနေတင်ပို့မှုပိုပြီးလျော့ကျလာတဲ့အခြေအနေရှိပါတယ်။

လက်ရှိမှာတော့ မတ်ပဲ ၊ပဲတီစိမ်း၊ပဲစဥ်းငုံက သကြင်္န်မတိုင်ခင်ကစျေးကွက်နဲ့ယှဥ်ရင် စျေးအနည်းငယ်ကျပြီး အရောင်းအဝယ် လညအေးနေတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ