ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-05-06
Share to
ဧပြီလ ၃၀ ရက်နေ့ မှ မေလ ၆ ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

အကျဈေး နဲ့ ရှိနေဆဲ မတ်ပဲ နဲ့ ပဲစင်းငုံနီ

မတ်ပဲကတော့ တစ်လ နီးပါး အကျဈေးနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ပဲစင်းငုံနီကလည်း ၂ ပတ်ဆက်တိုက်ဈေးကျဆင်းနေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်း အထွက်နှုန်း လျော့နည်းနေပေမယ့် မြေပြင်ကွင်းဆင်း စစ်ဆေးတာတွေ လုပ်နေတဲ့ အတွက် ထိန်းပြီး ရောင်းနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ပဲတွေက အကျဈေး နဲ့ ရှိနေတဲ့အတွက် အိန္ဒိယနိုင်ငံကို တင်ပို့မယ့် ပြည်တွင်း ပဲ တင်ပို့မယ့် ကွန်တင်နာ တွေ နည်းနေတယ်လို့ အိန္ဒိယသတင်းတွေ မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ မတ်ပဲရော ပဲစင်းငုံနီပါ သင်္ကြန်အပြီး မှ သာ ဈေးပြန်လည် မြင့်တက်ခဲ့တာ ဖြစ်လို့ အိန္ဒိယရွေးကောက်ပွဲ ကာလ အပြီး အိန္ဒိယပဲ ဝယ်ယူမှု ပြန်လည် မြင့်တက်လာနိုင်ခြေ ရှိတယ်လို့ ကုန်သည်ကြီး အချို့က ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲက တစ်တန်ကို ရူပီး ၈၉၅၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၂၅၀ ရူပီး ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၂၇၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တေ့ာ တစ်တန်ကို ၆၀၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၃၈၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၁၀၅ မှ ၅၁၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းပါတယ်။မတ်ပဲက လက်ရှိ ဈေးကျဆင်းနေတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ လ နဲ့ နှိုင်းယှဉ်ရင်တော့ လက်ရှိ အချိန်ထိ အတက်ဈေးနဲ့ ပဲ ရှိနေတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက ပြည်ပ ကနေ ပဲစင်းငုံနီ တင်သွင်းခွင့်ကို ပေးထားပေမယ့် အိန္ဒိယနိုင်ငံ ပဲ စင်းငုံလိုအပ်ချက် မြင့်မားနေတဲ့အတွက်ကြောင့် ပြည်ပကနေ လည်း ပဲ အဝင်က နည်းပြီး ပဲစင်းငုံနီ ဈေးဟာ ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာတယ်လို့ အိန္ဒိယသတင်းမှာ ဖော်ပြထားပါတယ်။

ပဲစင်းငုံနီကတော့ ချန်နိုင်းဈေးကွက် ၊နယူဒေလီ ဈေးကွက် မှာ တော့ ၂ ရက်တာ ကာလ ဈေးအဖွင့် မရှိတာကို တွေ့ရပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၀၅၈၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။

အနည်းငယ်သာ အတက်အကျရှိနေတဲ့ ပဲကြီးနဲ့ ထောပတ်ပဲ

ပဲကြီးနဲ့ ထောပတ်ပဲကတော့ နေ့စဉ် အဝင်ပေါ် မူတည်ပြီး ဈေးအပြောင်းအလဲ ရှိပေမယ့် အနည်းငယ်သာ အတက် အကျ ရှိနေပါတယ်။ အသေးစတွေ ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ် နေပြီး ခြုံကြည့်ရင်တော့ တစ်ပတ်တာလုံး ဈေးငြိမ်နေတဲ့ အခြေအနေ ဖြစ်ပါ တယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး (ရွှေကျွန်း)က တစ်ပိဿာကို ၅၄၈၅ မှ ၅၆၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၀ ကျပ်ဈေးမြင့်တက်လာပေမယ့် ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄၇၈၀ မှ ၄၉၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းပါတယ်။ထောပတ်ပဲကတော့ တစ်ပိဿာကို ၅၁၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က တစ်အိတ်ကို ၂၃၀၀၀၀ မှ ၂၆၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် အကြီးက ၅၀၀၀လောက် ဈေးကျဆင်းပေမယ့် အသေးဆိုဒ်ကတော့ တစ်အိတ်ကို ၁၀၀၀၀ လောက်ဈေးမြင့်တက်လာခဲ့ပါတယ်။

ထောပတ်ပဲကလည်း တစ်အိတ်ကို ၂၉၅၀၀၀ မှ ၃၄၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အကြီးဈေးက ၅၀၀၀ ကျပ်ဈေးကျဆင်းပေမယ့် အသေးဆိုဒ်ကတော့ တစ်အိတ်ကို ၁၅၀၀၀ လောက်ဈေးမြင့် တက်လာခဲ့ပါတယ်။

ဈေးအတက်ပြလာတဲ့ ငရုတ်

ဝယ်ယူမယ့် သူ မရှိလို့ စိုက်စရိတ်ပါ ရှုံးနေတဲ့ငရုတ်က ဒီတစ်ပတ် ဈေးအနည်း ငယ်ပြန်မြင့် တက်လာပါတယ်။ မြဝတီကုန်သွယ်ရေး လမ်းကြောင်း ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်လို့ အဝယ်အနည်းငယ်ရှိပြီး ဈေးပြန်လည် မြင့်တက်လာတယ်လို့ လည်းသိရပါတယ်။ ဒါပေမယ့် အကျ ဈေးနဲ့ အခြောက် အမှုန့် လုပ်သူတွေ က ဝယ်ယူမှု တွေ ရှိနေလို့ ဈေးပြန်လည် လှုပ်ခတ်လာတာလို့လည်း ဆိုကြပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၀၀၀၀ မှ ၁၁၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ဈေးမြင့်တက်လာပါတယ်။မြှားနီကတော့တစ်ပိဿာကို ၄၀၀၀ မှ ၄၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ငရုတ်ပန်းရဲ ကတော့ တစ်ပိဿာကို ၄၀၀၀ မှ ၄၅၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းပါတယ်။

မေမီမောင်(AMIA)

News

ဆက်စပ်သတင်းများ