ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-05-20
Share to
ပို့ကုန်ပဲများဈေးမြင့်တက်လာနေပြီး ပဲမာလိုင်း အဝယ်သွက်နေ

- ရွှေမန်း

ယခုရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်းနှင့် ပြည်တွင်းရွှေဈေးတို့ မြင့်တက်လာသည်နှင့်တပြိုင်နက် ပြည်ပပို့ကုန် ပဲများ၏ ဈေးနှုန်းမှာလည်း လိုက်ပါ မြင့်တက်လာပြီး တစ်အိတ်လျှင် ကျပ် ၂၀၀၀ ဝန်းကျင်မြင့်တက်လာသည်။

မတ်ပဲ နှင့် ပဲစင်းငုံတို့မှာ ဦးဆောင်ဈေးမြင့်တက်သည့် အမျိးအစားများ ဖြစ်ပြီး ပြည်တွင်း ပဲမာလိုင်းတွင်မူ ဈေးနှုန်း ထူးခြားစွာ မြင့်တက်မှု မရှိသဖြင့် ကုန်သည်များအကြိုက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ကုန်သည်ပွဲစားများက တညီတညွတ်တည်း ဆိုသည်။

"ပို့ကုန်ပဲတွေက ဦးဆောင်ပြီး ဈေးပြန်မြင့်တက်လာပေမယ့် ကုန်စည်ဒိုင်အတွင်းမှာတော့ အရောင်းအဝယ် သိပ်မရှိတော့ပါဘူး။ လှောင်လက်သမားတွေဆီမှာပဲ လက်ကျန်ရှိတော့တာပါ။ ဒီတော့ ပြည်တွင်း ကုလားပဲတွေကတော့  ဈေးလိုက်တက်လာပါတယ်။ ပို့ကုန်ထွက်တဲ့ ပဲဈေးတက်ပေမယ့် ပဲမာလိုင်းတွေက ဈေးမတက်ဘဲ  အောက်ဈေးဖြစ်နေတော့ အရောင်းအဝယ်ကတော့ သွက်နေပါတယ်။ အညာမြေပဲဆံတွေကတော့ တရုတ်လိုင်းသမားနဲ့ ဆီစက်ပိုင်တွေ အဝယ်ဆုံနေပါတယ်။ တရုတ်လိုင်းက အဝယ်မကြိုက်တာကို ပြည်တွင်းစက်ပိုင်တွေက အဝယ်ကောင်းနေပါတယ်။ မေ ၁၄-၁၅ ရက်တည်းက ရွှေဈေး၊ ဒေါ်လာဈေးမြင့်တက်လာတော့ ပို့ကုန်ပဲတွေလည်း ဈေးကောင်းလာတာပါ"ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က သုံးသပ်ပြောဆိုသည်။

ပို့ကုန်ပဲများ ဈေးမြင့်တက်လာရာ မေ ၁၆ ရက်တွင်  မတ်ပဲတစ်အိတ်ကျပ် ၂၉၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်ကျပ် ၄၀၀,၀၀၀ ဖြစ်လာပြီး ပဲတီစိမ်းရွှေဝါ(ခရမ်း)တစ်အိတ်မူ ကျပ် ၂၁၄,၀၀၀ နှင့် ပဲတီစိမ်း (အညာ) တစ်အိတ်ကျပ် ၁၈၀,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။        

ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ပို့ကုန်ပဲများနည်းတူ ဈေးပြန်မြင့်တက်လာရာ မေ  ၁၆  ရက်တွင် ကုလားပဲ V2  တစ်အိတ်ကျပ် ၂၄၂,၀၀၀၊ ကုလားပဲ V7 တစ်အိတ်ကျပ် ၂၄၇,၀၀၀၊  ထိုင်ဝမ်ကုလားပဲတစ်အိတ်ကျပ် ၂၂၇,၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်ကျပ် ၂၃၄,၀၀၀ အသီးသီးပေါက်ဈေး ရှိနေသည်။

ပြည်တွင်းသုံးပဲမာလိုင်းများတွင် ပဲကြီးတစ်အိတ်ကျပ် ၂၆၀,၀၀၀၊ ပဲထောပတ်တစ်အိတ်ကျပ် ၄၀၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်ကျပ် ၃၁၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၅၅,၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်ကျပ် ၂၈၀,၀၀၀ အသီးသီးပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆံ(မြင်းမူ) တစ်ပိဿာလျှင် ကျပ် ၇၃၀၀ ဈေး ရှိနေသည်။

နှမ်းမျိုးစုံတွင်မူ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်ကျပ် ၄၂၀,၀၀၀၊ နှမ်းညိုတစ်အိတ်ကျပ် ၃၁၅,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်ကျပ် ၄၁၅,၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။

News

ဆက်စပ်သတင်းများ