ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-03-28
Share to
အရည်အသွေးကောင်းတဲ့ ထောပတ်သီးထွက်ရှိမှုနည်းလို့ နိုင်ငံတကာစျေးကွက်ကို မထိုးဖောက်နိုင်

 


မတ် ၂၇

မြန်မာ့နိုင်ငံမှာ ထောပတ်သီးအထွက်နူန်းကောင်းပေမယ့် အရည်အသွေးပိုင်းနဲ့ တခြားလိုအပ်ချက်တွေ ရှိနေတဲ့အပြင် ပို့ကုန်ရငွေကန့်သတ်ချက်ကြောင့် နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်တင်ပို့နိုင်ခြင်းမရှိဘူး လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။

နိုင်ငံတကာကို ထောပတ်သီး တင်ပို့မယ်ဆိုရင် အရည်အသွေးနဲ့ ကုန်သွယ်မှုဆိုင်ရာမှာ ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အထ အသိအမှတ်ပြုလက်မှတ် (GAP Certificate) အပါအဝင် လိုအပ်ချက်တွေရှိနေတဲ့အပြင် ထောပတ်သီးတွေကို စနစ်တကျ ခူးဆွတ်ပြီး သိုလှောင်ထုပ်ပိုးတဲ့ Warehouses (ကုန်လှောင်ရုံ) တွေလိုအပ်သလို ပြည်ပကို မတင်ပို့မီ သစ်သီးတွေကို သိုလှောင်ထားနိုင်မယ့် အအေးခန်းဂိုထောင်တွေ လိုအပ်နေတယ်လို့ဆိုပါတယ်။

နောက်ပြီးပြည်ပနိုင်ငံတွေကို တင်ပို့မယ်ဆိုပါက အခွန်အခဆိုင်ရာကိစ္စ၊ ပို့ကုန်ရငွေအပေါ် ငွေလဲလှယ်ရတဲ့အခြေအနေတွေ စတဲ့စည်းကမ်းချက်တွေကလည်း ထိုင်း အပြင်အခြားနိုင်ငံတွေကို ထောပတ်သီးတင်ပို့ဖို့အတွက် အဆင်မပြေဘူးလို့သိရပါတယ်။

‘’ ပြည်ပတင်ပို့ဖို့ လိုအပ်ချက်အခက်အခဲတွေကတော့ များတယ်ပေါ့ ။ ကျွန်တော်တို့ Global GAP လို နိုင်ငံတကာကလက်ခံတဲ့ Good Agriculture Practices Certificate (ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အထ အသိအမှတ်ပြုလက်မှတ်) မျိုးတွေလိုတယ်။ ပြည်ပတင်ပို့မှုနဲ့ ကုန်သွယ်မှုဆိုင်ရာမှာ လိုအပ်တဲ့ သန့်ရှင်းရေးဆိုင်ရာ၊ ပိုးမွှားဆိုင်ရာ Certificate (အသိအမှတ်ပြုလက်မှတ်) တွေလိုတယ်။ ဒီအချက်တွေ မတည်ဆောက်ထားဘဲနဲ့ နိုင်ငံတကာကိုတင်ပို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး " လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိ သူတစ်ဦး ကပြောပါတယ် ။

ဒါကြောင့် လက်ရှိမှာ ပြည်တွင်းကထွက်တဲ့ ထောပတ်သီးတွေရဲ့ တစ်တန် လေးပုံတစ်ပုံလောက်သာ နိုင်ငံတကာစံချိန်စံညွှန်းမီတယ်လို့ သိရပါတယ်

ထောပတ်သီးစိုက်တောင်သူတွေအနေနဲ့လည်း သွင်းအားစုဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အတွက် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို လုံလုံလောက်လောက် မသုံးစွဲနိုင်တာကြောင့် အသီးအရည်အသွေးတွေကို မထိန်းနိုင်တဲ့အချက်လည်းပါတယ်လို့ဆိုပါတယ်။

အခုနှစ်ထောပတ်သီးရာသီ မတိုင်မီက မြန်မာပြည်ထွက် ထောပတ်သီးကို မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေကနေ ၀ယ်ယူဖို့ ကမ်းလှမ်းတာတွေရှိခဲ့ပေမယ့် ၊ အရည်အသွေးကြောင့် မလေးရှားဘက်က မ၀ယ်တော့သလို ၊ အိန္ဒိယကိုလည်း ကုန်သွယ်ရေးလမ်းကြောင်းအခြေအနေကြောင့် မတင်ပို့နိုင်တော့ဘူးလို့ သိရပါတယ်။

ပြည်တွင်းမှာ ထောပတ်သီး အထွက်နှုန်းကောင်းပေမယ့် လည်း အရည်အသွေး ကောင်းမွန်တဲ့ အသီး နည်းတာကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက မျိုးစပ်ဖြစ်တဲ့ Hass အမျိုးအစားထောပတ်သီး ကို တင်သွင်း စိုက်ပျိုးပြီး ပြည်ပကိုတင်ပို့ရာမှာလည်း Hass အမျိုးအစားထောပတ်သီးကိုသာ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ စိုက်ပျိုးပြီး၊ စိုက်ဧက စုစုပေါင်း ၂၀၀၀၀ဝန်းကျင် ရှိတယ်လို့သိရပါတယ် ။


ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024