ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-03-20
Share to
ဖရဲသီးအရည်အသွေးမကောင်းလို့ တရုတ်ဘက်က အဝယ်နည်းပြီး စျေးကွက်ကျဆင်း

မတ် ၂၀

မြန်မာ့ ဖရဲသီး အရည်အသွေးကျဆင်းမှုကြောင့် တရုတ်သစ်သီးဝလံစျေး ကွက်မှာ ဝယ်လက်နည်းသွားပြီး စျေးတွေ ကျဆင်းလာနေတယ်လို့ ဖရဲကုန်သည်တွေနဲ့ သစ်သီးပွဲရုံတွေ ဆီကသိရပါတယ်။

မြန်မာ့ဖရဲသီးတွေထဲမှာ အရည်အသွေးမကောင်းတဲ့ အသီးတွေရောနှောပါနေခြင်း ၊အသီးပုပ်ခြင်း ၊နာခြင်း စတဲ့အဆင်မပြေမှုတွေကြောင့် တရုတ်ကမြန်မာ့ဖရဲကို ဝယ်ယူမှုလျှော့ချပြီး အိမ်နီးချင်းနိုင်ငံတွေကနေ ဝယ်ယူနေတဲ့အတွက်ဖရဲစျေးကွက်က မတည်ငြိမ်ဘဲ ကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။

တရုတ်သစ်သီးဝလံစျေးကွက်ထဲမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံက စျေးကွက်၅၀ ရာခိုင်နှုန်း လောက်ကိုရယူထားပြီး လက်ရှိမှာ လာအိုကနေ ဖရဲတွေလည်း အဝင်များနေသလို တရုတ်နိုင်ငံကလည်း ဖရဲသီးတွေ ခူးဆွတ်ချိန်ဖြစ်နေတာကြောင့် မြန်မာ့ဖရဲက စျေးကွက်ပျောက်သလိုဖြစ်နေရတာ ဖြစ်ပါတယ်။

" စျေးကွက်အကျဘက်ကိုဆက်သွားနေတယ်။တရုတ်ပြည်တွင်းမှာအရောင်းဝယ်အေးနေတယ်။အဓိကတော့အသီးအရည်သွေးနဲ့အများဆုံးသက်ဆိုင်တယ်။စူပါမားကက််တို့ ဟိုတယ်တို့。 KTVတို့သွင်းတဲ့ဝယ်လက်တွေလဲအရမ်းစိတ်ညစ်တယ်တဲ့၊သွင်းလိုက်တဲ့အသီးတွေကပုပ်တော့ပြန်ပြန်အမ်းခံရတယ်တဲ့၊အခုစားသုံးသူတွေကမြန်မာပြည်သီးကစားမကောင်းဘူးတဲ့ " လို့ သစ်သီးပွဲရုံ ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဒါကြောင့် ဖရဲသီးကုန်သည် ၊တောင်သူတွေအနေနဲ့ တရုတ်ကို ဖရဲသီးတင်ပို့ရောင်းချမယ်ဆိုပါက လမ်းခရီးဒဏ်ခံနိုင်ရည်ရှိမယ့် အရည်အသွေးကောင်း ဖရဲသီးမျိုးကိုသာ တင်ပို့သင့်ပြီး ကုန်ကျစရိတ်ကိုလည်းတွက်ချက်ပြီး အ​ခြေအနေကို သေချာစုံစမ်းပြီးမှသာတင်ပို့ရောင်းချကြဖို့ ပွဲရုံပိုင်ရှင်တွေကအကြုံပြုပြောပါတယ်။

လက်ရှိမှာတော့ တရုတ်ဘက်မှာ မြန်မာ့ဖရဲသီးစျေးကွက်က 855 ဖရဲသီးအလုံးရေ တွက် ၈၀၀ ၊၉၀၀ ပါရှိတဲ့ ၁၆ တန် ဖရဲသီး ကားတစ်စီးကို တရုတ်ယွမ် ၁၅၀၀၀ မှ ၂၆၀၀၀ ယွမ်သာစျေးရပြီး ထျမ့်ဝမ်ဖရဲသီးက အစီးပြတ်ကို ယွမ် ၂၀၀၀၀ မှ ၃၅၀၀၀ ယွမ်သာရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ် လ ၁၀ ရက်လောက်တုန်းက 855 ဖရဲသီး ၁၆ တန်ကားအစီးပြတ်ကို တရုတ်ယွမ် ၃၀၀၀၀ မှ ၅၀၀၀၀ ယွမ်အထိရှိပြီး ထျမ့်ဝမ်ဖရဲသီးကလည်း အစီးပြတ်ရောင်းပါက တရုတ်ယွမ် ၅၀၀၀၀ အထိရရှိခဲ့လို့ လက်ရှိစျေးကွက်နဲ့ယှဥ်ရင် 855 ဖရဲက ယွမ် ၂၄၀၀၀ အထိပြုတ်ကျပြီး ထျမ့်ဝမ်က ယွမ် ၁၅၀၀၀ အထိစျေးတန်းပြုတ်ကျလာနေတာဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်ကို ဖရဲသီးတင်ပို့မှုအနေနဲ့ ရှမ်းပြည်နယ် မိုင်းလား တာလော့ ဂိတ်၊ ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ် ကနေသာတင်ပို့နေရပြီး လမ်းကြောင်းနှစ်ခုလုံးက ခရီးရက်ကြာရှည်တဲ့အပြင် ကုန်ကျစရိတ်များပြီး လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ဖရဲသီးတွေက လမ်းခရီးဒဏ်မခံနိုင်ဘဲ ပျက်စီးမှုရှိနေလို့ အခုလိုဖရဲစျေးကျချိန်မှာ တရုတ်ကိုဖရဲသီးတင်ပို့မှုအပေါ်သေချာစဥ်းစားကြဖို့ သစ်သီးပွဲရုံ တွေက အကြံပြုထား ပါတယ်။


မစံပယ်(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024