ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-03-18
Share to
ဂျင်းတက် စျေးကွက်တစ်ပိဿာကို ၁၀၀၀ ကျော်ပြန်တက်လာ

မတ် ၁၈

ဂျင်းတက်ကို ပြည်ပက စျေး​မြင့်တက်ပြီး ဝယ်ယူလာတဲ့အ​တွက် ပြည်တွင်းဂျင်းတက်စျေးကွက်မှာ စျေးနှုန်း ပြန်မြင့်တက်လာနေတယ်လို့ ရှမ်းအခြေစိုက် ကုန်စိမ်း ပွဲရုံနဲ့ ကုန်သည်တွေဆီကသိရပါတယ်။


ပြည်ပ ဝယ်လိုအား မြင့်တက်လာသလို စျေးနှုန်း မြင့်ပြီးဝယ်ယူလာတဲ့အတွက် တောင်သူတွေကလည်း ဂျင်းအရည်အသွေးပေါ်လိုက်ပြီး စျေးနှုန်းခွဲခြားရောင်းချမှုရှိလာလို့ ဂျင်းစျေးကွက် ပြန်မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

" ဂျင်းတက်က ပြည်ပကို တင်ပို့တာမှာအရင်ကလိုအရောအနှောမဟုတ်တော့ဘဲ ဂျင်းအသန့်ကိုပို့ရတယ်၊ဒီတော့သူတို့ကလည်း လိုချင်တဲ့ဂျင်းအရည်အသွေးပုံစံပြောတယ်၊တောင်သူကလည်းရအောင်လုပ်ပေးတယ် သူတို့ကြိုက်စျေးပြောကြတယ်ပေါ့။ဂျင်းအရည်အသွေးကောင်းတော့ ပွဲရုံကလည်းအဲ့တောင်သူကိုအဓိကထားဝယ်တယ် ကုန်သည်ကလည်းပွဲရုံကိုပဲချိတ်ဆက်ဝယ်ကြတော့နှစ်ဖက်လုံးအကျိုးရှိတယ် " လို့ ရှမ်းအခြေစိုက် ကုန်စိမ်းပွဲရုံပိုင်ရှင် ကပြောပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းအခက်ကြီးမြေနီသန့်တစ်ပိဿာကို ၄၉၀၀ ကျပ် နဲ့ ဂျင်းမြေနီတစ်ပိဿာအကြီးအသေးအရောက ၄၅၀၀ ကျပ်အထိ စျေးတန်းမြင့်တက်လာပါတယ်။

ယခင်က ဂျင်းတစ်ပိဿာကို အမြင့်ဆုံးစျေး တစ်ပိဿာကို ၃၅၀၀ သာရှိခဲ့ပြီး လက်ရှိစျေးတန်းဟာ အရင်ကထက် တစ်ပိဿာကို ၁၄၀၀ ကျပ်လောက်အထိ စျေးမြင့်တက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာ့ ဂျင်းတက်ကို ပြည်ပတင်ပို့မှုအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကိုသာ အဓိကတင်ပို့နေရပြီး ယခင် က ဘင်္ဂလားဒေ့ရှ်ကို ဂျင်းတက်တင်ပို့ရာမှာ တစ်ပိဿာကို ၅၀၀၀ ကျပ်သာရရှိပေမယ့် လက်ရှိမှာတော့ ယင်းနူန်းထက်ပိုပြီး ရရှိတာကြောင့် ပြည်တွင်း ဂျင်းတက်အသန့်စျေးကလည်း တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ဂျင်းတက်ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို တင်ပို့ရာမှာ ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး ကနေ ကုန်သွယ်ခွင့်မရတာကြောင့် ရန်ကုန်ဆိပ်ကမ်းကနေ ရေကြောင်းကတဆင့်သာ တင်ပို့ရောင်းချ နေရတာဖြစ်တယ်လို့သိရတယ်။

၂၀၂၃ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လ ကလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို မြန်မာ့ ဂျင်းတက်အစို တန်ချိန်အများအပြားဝယ်ယူတဲ့အပြင် ဈေးကောင်းပေးကာ ဝယ်ယူခဲ့တာကြောင့် ပြည်တွင်းစျေးကွက်မှာ ဂျင်းအစို တစ်ပိဿာကိုငွေ ၁၀၀၀၀ ကျပ်အထိစျေးအမြင့်ဆုံးရရှိခဲ့ပါတယ်။

ချစ်ခွန်းချို
(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024