ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-26
Share to
ကမ္ဘာ့သကြားစျေးကျနေပေမယ့် မြန်မာ့သကြားစျေးက မြင့်တက်နေ

ဖေဖော်ဝါရီ ၂၆

ကမ္ဘာ့သကြားစျေး ကျနေပေမယ့် ပြည်တွင်းစျေးကွက်မှာတော့ မြန်မာ့သကြားစျေးက တစ်ပိဿာကို ၄၀၀၀ ကျပ်ကျော်တဲ့အထိ မြင့်တက်လာနေတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ လက်ရှိကြံကြိတ်ဝါးရာသီအတွင်း သကြားထုတ်လုပ်မှုအတွက် အပါအဝင် ကုန်ကျစရိတ်တွေမြင့်တက်လာတဲ့ အတွက်ကြောင့် သကြားစက်ပိုင်တွေက သကြားစျေးကို မြင့်တက်ရောင်းချလာလို့ ပြည်တွင်းသကြားစျေးက မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် လက်ရှိ ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ သကြားတစ်ပိဿာကို ၄၀၃၀ ကျပ်မှ ၄၀၅၀ ကျပ်အထိ ရှိလာနေပါတယ်။

" သကြားက နည်းနည်းတက်လာရင်းကနေအခု ၄၀၀၀ ကျော်လာတာပေါ့။ အမှန်က စက်ရုံတွေက သယ်ယူပို့ဆောင်ရေး စရိတ်တွေတက်လာတော့ သူတို့ကစျေးခေါ်ရောင်းကြတာ၊အဲ့ဒါကို ကုန်သည်တွေက ဝယ်ရတဲ့သဘောဖြစ်နေတာ၊ကမ္ဘာ့သကြားစျေးက အခုကျတောင်ကျနေတယ် " လို့ မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးကပြောပါတယ်။
ကမ္ဘာ့သကြားစျေးက လတ်တလောမှာ သကြားတစ်တန်ကို အမေရိကန်ဒေါ်လာ ၆၅၀ အောက်အထိ စျေးကျဆင်းနေတယ်လို့သိရပါတယ်။

ဒါကြောင့် ကမ္ဘာ့သကြားစျေးကကျနေပြီး ပြည်တွင်းသကြားစျေးမြင့်တက်နေတာကြောင့် ပြည်ပကိုသကြားတင်ပို့မှုကို ထပ်တိုးတင်ပို့မှုမလုပ်နိုင်တော့လဲ ပုံမှန်နှစ်စဥ်ပို့နေကြ စာချုပ် တန်ချိန်ပမာဏလောက်သာ တင်ပို့ရောင်းချသွားဖို့ရှိပြီး ကျန်ပမာဏကတော့ ပြည်တွင်းမှာပဲ ရောင်းချမှုရှိနေတယ်လို့သိရပါတယ်။

ခုနှစ်ကြံကြိတ်ဝါးရာသီမှာ ကြံကြိတ်ဝါးမှု အနေနဲ့ ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းဘက်မှာ ကြံ တန်ချိန်ကြိတ်ဝါးမှု လျော့ကျတာရှိပေမယ့် သကြားအထွက်နူန်းပိုင်းမှာ သိသိသာသာ လျော့ကျတာမရှိတဲ့အတွက် ပြည်တွင်းစားသုံးမှု လည်းဖူလုံပြီး ပြည်ပတင်ပို့မှုမှာလည်း ဗီယက်နမ်နိုင်ငံကို တန်ချိန် ၉၀၀၀၀ လောက်တင်ပို့သွားဖို့ရှိတယ်လို့သိရပါတယ်။

မြန်မာ့သကြားစျေးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက ရန်ကုန်စျေးကွက်မှာ တစ်ပိဿာကို ၃၉၀၀ မှ ၃၉၃၀ ကျပ်အထိ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ၃၉၂၀ မှ ၃၉၃၀ ကျပ်ရှိခဲ့ပြီး လက်ရှိ ဖေဖော်ဝါရီလ ၂၆ ရက်မှာ တစ်ပိဿာကို ၄၀၃၀ မှ ၄၀၅၀ ကျပ်အထိ စျေးတန်းမြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေနဲ့ နှစ်စဉ် သကြားတန်ချိန် ပျမ်းမျှ ၄ သိန်း ဝန်းကျင်ထွက်ရှိပြီး
ကြံကြိတ်ခွဲပြီး သကြားထုတ်လုပ်နိုင်တဲ့ သကြားစက်ရုံပေါင်းက ၂၃ ရုံ ရှိပြီး ကန့်ဘလူသကြားစက်ရုံကတော့ လည်ပတ်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။


မစံပယ်(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024