ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-19
Share to
ပန်းဂေါ်ဖီစျေး အဆမတန် ကျဆင်းနေ

ကုန်စိမ်းသီးနှံ စျေးကွက်မှာ ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ပန်းပွင့် ပန်းမုန်လာ ခေါ် ပန်းဂေါ်ဖီထုတ် စျေးကွက်ပျက်ပြီး စျေးနှုန်းတွေ အဆမတန် ကျဆင်းနေတယ်လို့ ကုန်စိမ်းပွဲရုံတွေဆီသိရပါတယ် ။

လက်ရှိမှာ ရှမ်းပြည်နယ် အပါအဝင် ပန်းဂေါ်ဖီ စိုက်ပျိုးရာနေရာဒေသအစုံကနေ ကုန်စိမ်းတွေခူးဆွတ်နေကြရပြီး ကုန်စိမ်းစျေးကွက်ကို ဝင်ရောက်မှုများပြားနေပေမယ့် ပြည်ပတင်ပို့မှုမရှိဘဲ ပြည်တွင်းစားသုံးမှုသာရှိတာကြောင့် စျေးကွက်ကျဆင်းနေရတာဖြစ်တယ်လို့သိရပါတယ်။

" ကုန်စိမ်းအနေအထားကဒီနေ့လာတာ ဒီနေ့ကုန်မှဖြစ်တာ ၊အကယ်၍ဒီနေ့မကုန်ဘူးနောက် နေ့ရောက်သွားရင်စျေးကတစ်ဝက်ပြုတ်ကျသွားတယ် အဲ့သဘောတော့ရှိတယ်။အခုပန်းမုန်လာဆို စျေးတွေဇောက်ထိုးပြုတ်ကျနေတယ် " ရှမ်းပြည်နယ် ကုန်စိမ်းပွဲရုံ ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ပန်းဂေါ်ဖီကို အရင် နိုင်ငံရေးတည်ငြိမ်စဉ်က အဓိက ဧရာဝတီတိုင်း ၊ ရန်ကုန်၊ မန္တလေး အပါ မြန်မာနိုင်ငံနေရာအများစုကို တင်ပို့ရောင်းချရပြီး ပြည်ပတင်ပို့မှုအနေနဲ့ ထိုင်းကိုနယ်စပ်လမ်းကြောင်းမှ အဓိကတင်ပို့ရောင်းချတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ နေရာတိုင်းကို တင်ပို့ရောင်းချမရခြင်း ၊ ကုန်စိမ်းရောင်းလိုအားများပြီး ဝယ်လိုအားနည်းခြင်း နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ ကြီးမြင့်တာကြောင့် ပန်းဂေါ်ဖီစျေးကွက်ကျဆင်းလာတာဖြစ်ပြီးတောင်သူတွေပါဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။

" အရင်းတင် တပွင့်၇၀၀ လောက်ရှိတာကို အခုဆို ရတဲ့စျေးနဲ့ ခူးခ ကားခ တွေကများတော့ အခင်းထဲစိတ်ကြိုက်လာယူဆိုပြီးအလကားပေးသူလည်းရှိတယ်။ပန်းပွင့်တွေမခူးတော့ဘဲ ထယ်နဲ့ထိုးပစ်တာတွေထိရှိတယ်" လို့ ရှမ်းတောင်မှ ကုန်သည်တစ်ဦးက ပြောပါတယ် ။

ရှမ်းပြည်နယ်မှာ ပန်းဂေါ်ဖီအခင်းပြတ်စျေးမှ ပန်းဂေါ်ဖီ တစ်ပွင့်ကို အနိမ့်ဆုံး ၁၀၀ ကျပ်၊ အများဆုံး ၂၀၀ ကျပ်ထိသာစျေးကွက်ရှိနေပြီး ရန်ကုန် သီရိမင်္လာဈေးကွက်မှာလည်း ရှမ်းပန်းဂေါ်ဖီတစ်ပွင့်ကို ၅၀၀ကနေ ၈၀၀ ကြား ထိ ဈေးရှိပြီး ပုံမှန်ထက် ၃၀၀ ကနေ ၅၀၀ ကြားဈေးကျဆင်းသွားပါတယ်။

မစံပယ်(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024