ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-15
Share to
ကုလားပဲစျေးကွက် အကျဘက်ကိုရောက်နေ

ဖေဖော်ဝါရီ ၁၄

ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ ကုလားပဲက အခုဖေဖော်ဝါရီလမှာ စျေးကွက်တည်ငြိမ်မှုမရှိဘဲ အကျဘက်ကို ရောက်ရှိလာတယ်လို့ ကုန်သည်တွေဆီကသိရပါတယ် ။

လက်ရှိမှာ ကုလားပဲအသစ်တွေ မန္တလေးစျေးကွက်အပါအဝင် နယ်ကုန်စည်ဒိုင်တွေကို ဝင်ရောက်မှုရှိနေပြီး ပြည်ပတင်ပို့မှုနည်းခြင်း ၊ ပြည်တွင်းဝယ်လိုအား နည်းခြင်းတွေ​ ကြောင့် ကုလားပဲအသစ်ပေါ်ချိန်မှာ စျေးကျလာတာဖြစ်ပေမယ့် ပြည်တွင်းစားသုံးမှုကရှိနေတဲ့အတွက် စျေးတန်းကအများကြီးကျဆင်းနိုင်တဲ့အခြေအနေမရှိဘူးလို့ သိရပါတယ်။

" ကုလားပဲက ပြည်တွင်းစားသုံးမှု အပေါ်အဓိကမှီခိုတာပေါ့။ပြည်တွင်းဝယ်လိုအားများရင်စျေးတက်မယ်၊ဝယ်လိုအားနည်းရင်စျေးက ကျတတ်တယ်။ပဲလက်ကျန်အနည်းအများပေါ်လည်မူတည်တာပေါ့။ပြည်ပပို့ရတာက နည်းပါတယ်။ ကုလားပဲက စပ်ကူးမတ်ကူးဆိုရင်လည်းစျေးက မငြိမ်ဘူး၊ပဲအသစ်ပေါ်ရင်လည်း သူ့ထုံးစံအရ ကျတတ်တယ်၊ဒါပေမယ့် အများကြီးတော့မကျနိုင်ပါဘူး " လို့ ကုန်သည်တစ်ဦးက သုံးသပ်ပြောပါတယ်။


မန္တလေးစျေးကွက်ထဲကို စစ်ကိုင်း၊မြစ်သား၊ကူမဲ ဘက်ကနေ ကုလားပဲအသစ်တွေဝင်ရောက်နေပြီး အောင်လံကုန်စည်ဒို်
ကို လည်း ပဲအသစ်တွေ ဝင်ရောက်နေသ လို ပခုက္ကူကုန်စည်ဒိုင်ကို လည်း ပဲအသစ်တွေဝင်ရောက်မှုရှိနေပါတယ်။

လတ်တလောမှာ ပြည်တွင်း ပဲခွဲစက်တွေ က ကုလားပဲ ဝယ်ယူမှု အေးနေတာကြောင့်လည်း ကုလားပဲစျေးကွက်က အေးနေတာဖြစ်တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်က ၂၇၀၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၂၇၃၀၀၀ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) က ၂၈၀,၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၆၂၀၀၀ ကျပ်ရှိတာကြောင့် အရင် ဇန်နဝါရီလအတွင်းဖြစ်ပေါ်ခဲ့တဲ့ စျေးနူန်းနဲ့ ယှဉ်ပါက တစ်အိတ်ကို ၂၆၀၀၀ မှ ၃၇၀၀၀ ကျပ်အထိ ဈေးကျလာတာဖြစ် ပါတယ်။

အောင်လံကုန်စည်ဒိုင် စျေးကွက်မှာလည်း ကုလားပဲဟော်လန် ပိဿာ ၂၀ ကို ၉၉၀၀၀ အထပ်အထိရှိရာကနေ လက်ရှိမှာ ၉၄၀၀၀ ကျပ်သာရှိတော့သလို ကုလားပဲ မြကြေးမုံကလည်း ပိဿာ၂၀ ကို ၉၈၀၀၀ ကျပ်ရှိရာကနေ ၉၃၀၀၀ ကျပ်သာရှိတော့တယ်လို့သိရပါတယ်။

ကုလားပဲကိုတော့ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းမှာ အဓိကစိုက်ပျိုးကြပြီး ယခုနှစ်မှာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပဲစိုက်ဧကတွေလျော့ကျနို်တဲ့အခြေအနေရှိခဲ့တဲ့အတွက် ကုလားပဲစျေးက အများကြီးကျဆင်းနိုင်တဲ့အခြေအနေမရှိဘူးလို့ သိရပါတယ်။


ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024