ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-13
Share to
ဖွဲနုကနေ ဆီကြမ်း တန်ချိန်(၉၀၀၀) နဲ့ ဆီချောတန်ချိန်(၆၃၀၀)ထုတ်လုပ်နိုင်မယ့် ဖွဲနုဆီ နဲ့ စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံစတင်တည်ဆောက်

ဖေဖော်ဝါရီ ၁၂

ပြည်တွင်းမှာ စားသုံးဆီ ဖူလုံရေးအတွက် တစ်နှစ်ကို ဆီကြမ်း တန်ချိန်(၉၀၀၀) နဲ့ ဆီချောတန်ချိန်(၆၃၀၀)ခန့် ထုတ်လုပ်နိုင်မယ့် ဖွဲနုဆီ နဲ့ စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံတည်ဆောက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က MRF သိရပါတယ်။

ဆန်စပါး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်ကနေထွက်ရှိတဲ့ ဘေးထွက် ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ (Rice Husk) နဲ့ ဖွဲနု (Rice Bran) တို့ကိုအသုံးပြုပြီး တန်ဖိုးမြှင့်ထွက်ကုန်အဖြစ် စားသုံးဆီ ထုတ်လုပ်နိုင်အောင် စတင် ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်။

" အခု စက်ရုံတည်ဆောက်ရေးလုပ်ငန်းစနေပြီပြောရမယ်၊အရင်ရက်က ပန္နက်ရိုက်ပြီးပြီ၊ စက်ရုံဆောက်တာကတော့ သတ်မှတ်အချိန်တခုရှိတယ်၊အဲဒီကာလအတွင်းအပြီးတည်ဆောက်ဖို့လုပ်သွားမှာပေါ့။အမြန်ဆုံးပြီးအောင်တည်ဆောက်သွားမှာပါ " လို့ MRF အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အဆိုပါ ဖွဲနုဆီကြမ်း၊ ဆီချောနဲ့ စားသုံးဆီထုတ်လုပ်ရေးစက်ရုံကိုတော့ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြိုနယ် မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်းမှာ စတင် တည်ဆောက်နေတာဖြစ်ပြီး စက်ရုံက မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွဲနုဆီ ဆီကြမ်းနဲ့ ဆီချော(Refinery) ပါဝင်တဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

ဖွဲနုဆီ ထုတ်လုပ်ရေးလုပ်ငန်းကိုသာ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နိုင်ပါက ပြည်တွင်းစားသုံးဆီ ဖူလုံရေးကိုအထောက်အကူပြုတာကြောင့် ပြည်ပမှစားအုန်းဆီ တင်သွင်းမှု လျှော့ချနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ဖွဲနုဆီသည် မပြည့်ဝဆီ (Unsaturated fat)အမျိုးအစားဖြစ်ခြင်းကြောင့် စားသုံးသူပြည်သူတွေ အဓိကထားစားသုံး သင့်တဲ့ ဆီအမျိုးအစားဖြစ်ပြီး အနံ့၊ အရသာမရှိခြင်းတာကြောင့် လည်း စားသုံးမှုအတွက် အဆင်ပြေတဲ့ဆီအမျိုးအစားဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့်စပါးခွံနဲ့ဖွဲနုကနေ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ်ထုတ်လုပ်မယ့် ဖွဲနုဆီကြမ်း၊ ဆီချောနဲ့ စားသုံးဆီထုတ်လုပ်ရေးစက်ရုံတွေကို မြန်မာနိုင်ငံရဲ့ အခြားနေရာဒေသတွေမှာလည်း ထပ်မံတိုးချဲ့ကာတည်ဆောက်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ MRF က ပြောပါတယ်။

ဖွဲနုဆီကြမ်း၊ ဆီချောနဲ့ စားသုံးဆီထုတ်လုပ်ရေးစက်ရုံတွေတည်ဆောက်ဖို့ဆိုရင် ဖွဲနုဆီထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်သလို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလည်း လိုအပ်နေပါတယ်။

မစံပယ်(AMIA)

(ယခု ပေးပို့သော သတင်းဆောင်းပါးများသည် မြန်မာ့ဩဘာသို့ သီးသန့် ပေးပို့နေတာ ဖြစ်ပြီး မည်သည့် စိုက်ပျိုးရေး App များသို့ ပေးပို့ထားခြင်းမရှိပါ)

News

ဆက်စပ်သတင်းများ

May 4, 2024