ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-01-05
Share to
တရုတ်ဝယ်လိုအားကောင်းလို့ ပြည်တွင်း မြေပဲဆံစျေး ၇၅၀၀ အထိ မြင့်တက် လာ



ဇန်နဝါရီ ၃၊၂၀၂၄

ပို့ကုန်ရငွေ ကန့်သတ်မှုကို ဖြေလျှော့မှုနဲ့အတူ တရုတ်ဘက်က အဝယ်လိုက်လာတာကြောင့် ပြည်တွင်း မြေပဲဆံစျေးက ဆက်တိုက်မြင့်တက်လာရာကနေ ၂၀၂၄ နှစ်စမှာလည်း စျေးတွေထပ်မံမြင့်တက်လာတယ်လို့ကုန်သည်တွေဆီကသိရပါတယ်။

မြေပဲဆံစျေးကွက်မှာ တရုတ်ကိုအဓိကတင်ပို့ရတဲ့ မြေပဲအနီလုံးဆံက စျေးတန်းအမြင့်ဆုံးအဖြစ် တစ်ပိဿာကို ၇၅၀၀ ကျပ်အထိရှိလာပြီး အဖြူလုံးဆံက တစ်ပိဿာကို ၆၅၀၀ ကျပ်နဲ့ AK ပြည်တွင်းဆီစက်တွေ ဝယ်ယူတဲ့ ဆီကြိတ်ခွဲတဲ့ မြေပဲဆံအခြမ်းအရောကတော့ တစ်ပိဿာကို ၄၈၀၀ ကျပ်စျေးရှိလာတယ်လို့သိရပါတယ်။


" တရုတ်က အဝယ်လိုက်လို့စျေးကတောက်လျှောက်တက်နေတယ်။တရုတ်အဝယ်က ပြီးခဲ့ ဇူလိုင်လတုန်းကလို အဝယ်ရှိနေတာ၊ အဝယ်ရှိနေပေမယ့် သယ်ယူစရိတ်တွေကမြင့်တော့ တောင်သူတွေအတွက် စျေးက ထင်သလောက်တက်မလာတဲ့သဘောဖြစ်နေတယ် " လို့ မကွေး မြေပဲခွဲစက်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ပြည်တွင်း မြေပဲဆံစျေးသည် ဒီဇင်ဘာလ ၅ ရက်မတိုင်ခင်က မြေပဲအနီလုံးဆံ ၊အဖြူလုံးဆံစျေးကွက်အားလုံး ၅၂၀၀ အထိ ထိုးကျခဲ့ရာကနေ ဒီဇင်ဘာလ ၆ ရက်မှာ ဗဟိုဘဏ်က မူဝါဒ ပြောင်းတာနဲ့တရုတ်ဘက်ကအဝယ်ရှိတာဆုံပြီး စျေးက ဆက်တိုက်တက်လာတာဖြစ်ပါတယ်။


ဒါကြောင့် မြေပဲစျေးကွက်ဟာ တစ်လနီးပါးအတွင်းမှာ တစ်ပိဿာကို ၂၃၀၀ ကျပ်လောက်အထိ ပြန်တက်လာတာဖြစ်ပါတယ်။


လက်ရှိ မြေပဲအနီလုံးဆံ အဓိကထွက်ရှိတဲ့ မကွေးတိုင်းမှာ မြေပဲထွက်ရှိမှု လျော့နည်းလာနေပြီး လက်ကျန်နည်းလာကြောင်း ၊ မြေပဲအများစုက ပွဲစား၊ကုန်သည်တွေလက်ထဲမှာသာရှိပြီး တောင်သူတွေမှာတော့ ရိတ်သိမ်းဖို့ကျန်တဲ့ စိုက်ခင်းတွေသာရှိတော့တယ်လို့သိရပါတယ်။


" လက်ကျန်ကနည်းလာပြီး ပစ္စည်းကရှားသလိုစျေးကလည်းမြောက်လာတယ်။တချို့ ငွေ ကြေးချမ်းသားတဲ့ တောင်သူတွေက ၇၇၀၀ လောက်လိုချင်ကြတယ်။ အဲ့လောက်ရမှရောင်းမယ်ဆိုပြီး တောင့်ခံနေကြသူတွေလည်းရှိတယ် " လို့ မြေပဲကုန်သည်တစ်ဦးကပြောပါတယ်။

မြေပဲဆံစျေးကောင်းလာတာကြောင့် တောင်သူတွေကလည်း မြေပဲအတောင့် ရောင်းချခြင်းမရှိတော့ဘဲ မြေပဲကို စက်တွေမှာကြိတ် ခွဲပြီး မြေပဲဆံအဖြစ်လာရောက် ရောင်းချကြပေမယ့် စျေးထပ်အတက်ကိုစောင့်နေတဲ့တောင်သူအချို့လည်းရှိနေ တယ်လို့သိရပါတယ်။


လက်ရှိမှာတော့ တရုတ်ကို မြေပဲလုံးဆံနီတင်ပို့မှုအနေနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံ- မိုင်းလား- တာလောဂိတ်ကနေ တရုတ်ဘက်ကို တင်ပို့နေတာဖြစ်ပြီး ထိုင်းကိုတော့မြေပဲအဖြူလုံးဆံအနည်းငယ်တင်ပို့မှုရှိတယ်လို့သိရပါတယ်။


မြေပဲစိုက်ပျိုးမှုကိုတော့ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက အများဆုံး စိုက်ပျိုးပြီး ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း ၊စစ်ကိုင်းတိုင်း နဲ့ကျန်နေရာဒေသအချို့မှာလည်းစိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။

Chit Khon Cho (AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024