ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-01-29
Share to
ပြောင်းဆံစျေးကျနေပြီး အရောင်းအဝယ်ပါအေးနေ ၊ မတ်လလောက်မှသာစျေးပြန်တက်လာဖွယ်ရှိ


ပြည်တွင်း ပြောင်းဆံ စျေးကွက် ကျဆင်းနေပြီး ပြည်ပတင်ပို့မှုလည်း လျော့ကျကာ အ​‌ရောင်းအဝယ်အေးနေတယ်လို့ ပြောင်းကုန်သည်တွေဆီကသိရပါတယ်။

ပြောင်းဆံစျေးက လက်ရှိ ထိုင်းစျေးကွက်မှာပါ ကျဆင်းနေပြီး ၊ မြန်မာပြည်တွင်းမှာလည်း သယ်ယူပို့ဆောင်ရေးစရိတ် တွေမြင့်တက်နေပါတယ်။

​ထိုင်းဘက်က ဝယ်ယူတဲ့ ပြောင်းစျေးနဲ့ ပြည်တွင်းပြောင်းစျေးကွက် တွက်ချေမကိုက်တဲ့အတွက် ပြည်ပကို ပြောင်းတင်ပို့မှုနည်းပြီး ပြည်တွင်း စျေးကျဆင်းကာ ဝယ်လိုအားလျော့နေတာဖြစ်တယ်လို့သိရပါတယ်။

" ထိုင်းကစျေးပေးနည်းလို့ရန်ကုန်ကလည်းအဝယ်နည်းနေတယ်။သင်္ဘောတွေကလည်းအသည်းအသန်တင်ရမယ့်ဟာမရှိဘူး။ အရင်စျေးနဲ့ချုပ်ထားတာတွေကလည်းပြည့်သွားပြီ။အခုက ဒေါ်လာ ၂၂၅ လောက်ပဲပေးတော့ export သမားတွေကစာချုပ်မချုပ်ချင်ကြဘူး၊ ဒီတော့ပြောင်းအဝယ်ကလည်းအေးနေတယ် " လို့ ပြောင်းကုန်သည် ကြီးတစ်ဦးကသုံးသပ်ပြောပါတယ်။

ပြည်တွင်းပြောင်းဆံစျေးက လာမယ့် ဖေဖော်ဝါရီ လကုန် မတ်လ လောက်ရောက်မှသာ ေစျးပြန်တက်လာမယ့်အလားအလာရှ​ိပြီး လတ်တလောမှာတော့ အကျစျေးတန်းမှာပဲ ရှိနေနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

ဥရောပနိုင်ငံတွေက ပြောင်းလိုအပ်ချက်ကို အရှေ့တောင်အာရှနိုင်ငံတွေဘက်ကို လှည့်ပြီးဝယ်ယူလာမယ့်အခြေအနေရှိတာကြောင့် မတ်လလောက်မှာ ကမ္ဘာ့ပြောင်းစျေးက ပြန်မြင့်တက်လာဖွယ်ရှိတာဖြစ်ကြောင်း ၊ လတ်တလောမှာတော့ ထိုင်းအခွန်ကင်းလွတ်ခွင့်နဲ့ပြောင်းတင်ပို့မှုက နယ်စပ်လမ်းကြောင်းအခြေအနေ အဆင်မပြေသေးသလို စျေးအခြေအနေလည်း ကိုက်ညီမှုမရှိဖြစ်နေတယ်လို့ဆိုပါတယ်။

" ထိုင်းက ခုနှစ် နယ်စပ်လမ်းကြောင်းကပို့ဖို့က မြဝတီလမ်းကြောင်းကမပြေဘူး။ရေကြောင်းကသွားတာကျလည်း သူတို့ပေးတဲ့ FOB စျေးကကိုနည်းနေတယ် ။ မကိုက်ဘူး၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးက အကုန်ခက်ခဲတယ်၊စရိတ်မြင့်တယ်၊အခွန်အခတွေကဆောင်ရတယ်။ဗဟိုဘဏ်သတ်မှတ်ချက်ငွေလဲရတာရှိသေးတယ်ဆိုတော့ဘယ်လိုမှမကိုက်ဘူး ၊ ဒါကြောင့်စျေးကကျနေတာ " လို့ သူကထပ်မံပြောပြပါတယ်။

လက်ရှိ ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၁၃၀ မှ ၁၁၅၀ ကျပ်သာရှိပြီး အရောင်းအဝယ်အေးနေကြောင်း ၊ ရှမ်းပြည်တောင်ပိုင်းမှာ နေရာဒေသအပေါ်လိုက်ပြီး တစ်ပိဿာကို အမြင့်ဆုံး ၉၅၀ ကျပ်သာရှိပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီးသွားလာရခက်ခဲတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာတော့ နေရာအကွာအဝေး ပေါ်လိုက်ပြီး ပြောင်းဆံ တစ်ပိဿာကို အနိမ့်ဆုံး ၆၀၀ ကျပ်အထိကျဆင်းနေတယ်လို့သိရပါတယ်။

အလားတူ မန္တလေးစျေးကွက်မှာလည်း ပြောင်းဖူး (ဗမာ)၅၄ ပိဿာတစ်အိတ်ကို ၅၄၀၀၀ မှ ၅၄၅၀၀ ကျပ်၊ ပြောင်းဖူး ( ရှမ်း) က ၅၆၀၀၀ ကျပ်၊ ပြောင်းဖူး (cp) က ၅၅၅၀၀ မှ ၅၆၀၀၀ ကျပ် သာရှိနေပါတယ်။

ပြောင်းစိုက်ပျိုးရာမှာ မြေဩဇာ ၊ စိုက်ပျိုးရေးသွင်းအားစု၊ပြောင်းဆံ မျိုးဝယ်ယူရတဲ့နှုန်း၊အလုပ်သမားငှားရမ်းခနှုန်းထား ၊စက်သုံးဆီ ၊ ယာမြေထွန်ယက်ခနှုန်းထား စတဲ့အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ပြောင်း စတင်စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းပြီး ပြောင်းဆံဖြစ်တဲ့အထိဆိုရင် တစ်ဧကကို အနည်းဆုံး ၈ သိန်းကျပ်ကုန်ကျမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြောင်းဆံ တစ်ပိဿာကို ၉၅၀ ကျပ်နူန်းဟာ ပြောင်းစိုက်ခင်း တစ်ဧကမှာ ပြောင်းပိဿာချိန် ၈၀၀ ထွက်တဲ့အခင်းဟာ စိုက်ပျိုးစရိတ် အရင်းရရုံသာရှိပြီး ပြောင်းဆံ တစ်ပိဿာကို ၁၀၀၀ ကျပ် ကျော်ရမှသာ ပြောင်းစိုက်တောင်သူတွေ အကျိုးအမြတ်ကိုခံစားရမှာဖြစ်တယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024