ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-01-29
Share to
တစ်ပါတ်တာ ပဲဈေးကွက် အလှုပ်အခတ်

ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနူန်းတွေအပေါ် စျေးကွက်သုံးသပ်ချက် ဖြစ်ပါတယ်။

မတ်ပဲစျေးကွက်က ဆက်တိုက်ပြန်တက်လာကာ စံချိန်တင်စျေးရောက်လာပြီး ပဲစင်းငုံနီကလည်း ခုတပတ်မှာပါ စျေးနူန်းတွေ ဆက်တိုက်ကို မြင့်တက်လာပါတယ်။ ပဲတီစိမ်းကလည်း စျေးတွေ တက်လာသလို နှမ်းလည်းစျေးတက်လာပါတယ်။

မတ်ပဲစျေးကွက်

မတ်ပဲကတော့ ခု ဇန်နဝါရီလ စတုတ္ထပတ်မှာ စျေးတွေ ဆက်တိုက်ပြန်တက်လာပြီဂ မတ်ပဲ တစ်တန်ကို ၃၁ သိန်း ကျော်အထိ စံချိန်တင်မြင့် တက်လာပါတယ်။

အိန္ဒိယက မြန်မာ့မတ်ပဲကို ဝယ်လိုအားကောင်းလာတဲ့အပြင် ဇန်နဝါရီ နဲ့ဖေဖော်ဝါရီလမှာ ပဲတန်ချိန်အများအပြား ဝယ်ယူမယ်လို့ပြောဆိုထားတာရှိသလို အခွန်ကင်းလွတ်ခွင့်နဲ့ ပဲတင်ပို့ခွင့်ကိုပါလာမယ့်နှစ် မတ်လအထိသက်တမ်းတိုး​မြှင့်ထား တာကြောင့် မတ်ပဲစျေးကစံချိန်တင်မြင့်တက်လာ တာဖြစ်ပါတယ်။

ဇန်နဝါရီလ စတုတ္ထပတ်မှာ မတ်ပဲ FAQ တစ်တန်ကို ၃၁၆၅၀၀၀ ကျပ်အထိစံချိန်တင်မြင့်တက်လာလို့ အရင်တပတ် နဲ့ ယှဉ် ရင် တစ်တန်ကို ၁၃၀၀၀၀ ကျော် လောက် မြင့်တက် ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

မန္တလေးစျေးကွက်မှာလည်း ဇန်နဝါရီလစတုတ္ထပတ်မှာ ပိဿာ ၆၀ တစ်အိတ်ကိ​ု ၂၉၆၀၀၀ ကျပ်စျေးပေါက်ပြီး အရင်တစ်ပတ်ထက် ၁၃၀၀၀ ကျပ်တက်လာတာတွေ့ရပါတယ်။

နယ်ကုန်စည်ဒိုင်တွေမှာလည်း အရင်တစ်ပတ်က မတ်ပဲတစ်တင်းကို ၉၇၅၀၀ ကျပ်သာရှိခဲ့ပေမယ့် ခုတစ်ပတ်မှာတော့ မတ်ပဲတစ်တင်းကို ၁၀၃၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။

အိန္ဒိယက သူတို့နိုင်ငံရဲ့ ပဲလိုအပ်ချက် ကြောင့် မြန်မာကနေ မတ်ပဲတန်ချိန်အများအပြား ဝယ်ယူဖို့ရှိတာကြောင့် မတ်ပဲက အတက်မှာပဲရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

ပဲစဉ်းငုံနီစျေးကွက်

ပဲစဉ်းငုံနီကတော့ ဒီတစ်ပတ်မှာလည်း ပြည်တွင်း ပဲမျိုးစုံ စျေးကွက်မှာ ဆက်တိုက်ဆိုသလို မြင့်တက်လာပြီး တစ်တန်ကို ၃၈ သိန်းကျော်အထိရှိလာပါတယ်။

ပဲစဉ်းငုံနီကို အိန္ဒိယဘက်က ဝယ်လိုအားကောင်းနေတာကြောင့် စျေးကွက်ထဲကို ပဲစဉ်းငုံနီအသစ်တွေဝင်ရောက်နေပေမယ့်လည်း စျေးတန်းက တစ်ပတ်ထက်တစ်ပတ် မြင့်တက်လာတာဖြစ် ပါတယ်။

ဇန်နဝါရီလ စတုတ္ထပတ်ရန်ကုန်စျေးကွက်မှာ ပဲစဉ်းငုံနီတစ်တန်ကို ၃၈၃၇၅၀၀ ကျပ် မြင့်တက်လာလို့ အရင်တပတ်နဲ့ယှဉ် ရင် ၁၈၂၅၀၀ ကျပ် ထပ်ပြီး မြင့်တက်လာတာဖြစ်ပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၆၈၀၀၀ ကျပ် စျေးပေါက်လာပြီး အရင်တစ်ပတ်ကထက် တစ်အိတ်ကို ၂၈၀၀၀ ကျပ်လောက် ထပ်တက်လာတာဖြစ်ပါတယ်။

အိန္ဒိယက မြန်မာ့ ပဲစဥ်းငုံကိုပါ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ကို လာမယ့် ၂၀၂၅ ခုနှစ်မတ်လအထိသက်တမ်းတိုးလိုက်တဲ့အပြင် သူတို့နိုင်ငံရဲ့ပဲ လိုအပ်ချက်အရ ပဲစဥ်းငုံတွေ ဝယ်ယူဖို့စာချုပ်ထားတာရှိတာကြောင့် စျေးကဆက်တိုက်တက်လာတာဖြစ် ပါတယ်။

မြန်မာကနေ ပဲစဉ်းငုံဝယ်ယူဖို့အတွက် စာချုပ်ချုပ်ထားတဲ့ ပမာဏအပြင် ပမာဏထပ်တိုးပြီး ဝယ်ယူဖို့ လည်း ရှိတယ်ဆိုတဲ့သတင်းကြောင့်လည်း ပဲစျေးက ဆက်ပြီး မြင့်တက်လာနေတာဖြစ်ပါတယ်။

ပဲတီစိမ်းစျေးကွက်

ပဲတီစိမ်းကတော့ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာစျေးတွေ မြင့်တက်လာနေပါတယ်။

ရန်ကုန်တိုင်းမှာ အဓိကစိုက်ပျိုးတဲ့ ပဲတီစိမ်း ခရမ်းရွှေဝါ နဲ့ ပဲခူးမှာအဓိကစိုက်တဲ့ ပဲခူးခရမ်းရွှေဝါစျေးတွေ မြင့်တက်လာတာဖြစ်ပါတယ်။

အဲ့ဒီဒေသကထွက်တဲ့ပဲတီစိမ်းအသစ်ကို တရုတ်ဝယ်လက်တွေ သဘောကျပြီးဝယ်လိုအားကောင်းတာကြောင့် ပဲအသစ်တွေ စပေါ်ချိန်မှာ စျေးတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် စျေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)ထိပ်စ တစ်ပိဿာကို ၃၉၁၅ ကျပ် ၃၈၃၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၇၅၀ ကျပ် စျေးပေါက်ပြီး တစ်ပိဿာကို ၈၅ ကျပ်နှုန်းစီ မြင့်တက်လာတာဖြစ်ပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၃၀၈၀ မှ ၃၄၂၀ ကျပ် နဲ့ အနည်းငယ်သာ တက်ရိပ်ပြပါတယ်။

ခရမ်းရွှေဝါ အဓိကစိုက်တဲ့ ခရမ်း ပွဲရုံတွေကတော့ ပဲတီစိမ်းခရမ်းရွှေဝါ အသစ် ပိဿာ ၂၀ တစ်တင်းကို ၈၇၀၀၀ ကျပ်အထိ စျေးမြင့်တက်ဝယ်ယူနေပါတယ်။ပဲတီစိမ်းအဟောင်းကတော့ ၇၈၀၀၀ ကျပ်နဲ့ဝယ်ယူနေတယ်လို့သိရပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၉၇၀၀၀ ကျပ် စျေးပေါက်ပြီး အရင်တစ်ပတ်ကထက် ၁၂၀၀၀ ကျပ်တက်လာတာတွေ့ရပါတယ်။

မြန်မာ့ပဲတီစိမ်းကို တရုတ် အပါအဝင် ဥရောပနိုင်ငံတွေကို တင်ပို့မှုရှိတဲ့အပြင် ပဲအသစ်တွေလည်း ပေါ်နေတာကြောင့် မန္တလေး စျေးကွက်မှာ စျေးတန်းကလှုပ်လာတဲ့အပြင် ရန်ကုန်စျေးကွက်မှာပါ တက်လာတာ ဖြစ်ပါတယ်။

နှမ်းစျေးကွက်

ပြည်တွင်း နှမ်းမျိုးစုံစျေးကွက်မှာ တရုတ်က နှမ်း ဝယ်လိုအားကောင်းနေတာကြောင့်ဒီတစ်ပတ်မှာလည်း နှမ်းမျိုးစုံ စျေးနှုန်းတွေ မြင့်တက်လာပြီး နှမ်းညိုတစ်မျိုးသာ ကျရိပ်ပြပါတယ်။

ပြည်တွင်းကုန်စည်စျေးကွက်ထဲကို နှမ်းမျိုးစုံ အသစ်တွေ ဝင်ရောက်မှု နည်းသွားတာကြောင့် နှမ်းနက်စမုံအပါအဝင် နှမ်းစျေးက တက်လာတာဖြစ်ပါတယ်။

ဇန်နဝါရီလ စတုတ္ထပတ် မန္တလေး ကုန်စည်စျေးကွက်မှာ နှမ်းနက် စမုံက ၄၅ ပိဿာကို ၃၅၀၀၀၀ ကျပ်မှ ၃၉၀၀၀၀ ကျပ်စျေးပေါက်လို့ ၅၀၀၀ ကျပ် တက်လာ၊ နှမ်းဖြူဂျပန်က ၄၁၀၀၀၀ ကျပ်စျေးပေါက်လို့ ၁၀၀၀၀ ကျပ် တက်လာပြီး နှမ်းဖြူရိုးရိုးကလည်း ၃၅၀၀၀၀ ကျပ်မှ ၃၈၅၀၀၀ ကျပ်စျေးပေါက်လို့ ၂၀၀၀ ကျပ် တက်လာကာ နှမ်းညိုက ၃၀၈၀၀၀ မှ ၃၁၀၀၀၀ ကျပ် စျေးပေါက်ပြီး အရင်တစ်ပတ်ကထက် ၃၀၀၀ မှ ၇၀၀၀ ကျပ်ပြန်ကျ ပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၃၃၅၀၀၀ မှ ၃၆၅၀၀၀ ကျပ်စျေးပေါက်ပြီး နှမ်းပြာက ၄၅ ပိဿာ ကို ၃၃၅၀၀၀ ကျပ် ၊ နှမ်းဖြူက ၃၃၅၀၀၀ ကျပ်၊ နှမ်းနီက ၄၅ ပိဿာကို ၃၃၅၀၀၀ ကျပ်စျေးပေါက်နေပြီး ခုတပတ်မှာ ၅၀၀၀ ကနေ ၃၅၀၀၀ ကျပ်နှုန်းစီ မြင့်တက်လာပါတယ်။

နှမ်းနက်စမုံအပါအဝင် နှမ်းမျိုးစုံကို တရုတ်နိုင်ကသာ အဓိကဝယ်ယူပြီး တရုတ်က အက်ဆစ်လွတ်တဲ့နှမ်းကိုသာအဓိကဝယ်ယူလို​့ အက်ဆစ်လွတ် တဲ့နှမ်းကပို​ပြီးစျေး ကောင်းရပါတယ်။

နှမ်းက တရုတ်ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျ ရှိနေတာဖြစ်ပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024