ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-01-24
Share to
ဆားကြမ်းထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာလို့ တစ်ပိဿာကို ၂၀၀ ကျပ်ရဖို့လိုအပ်

ဇန်နဝါရီ ၂၃ ၊၂၀၂၄

ယခုနှစ် ဆားကြမ်းထုတ်လုပ်မှုမှာ ကုန်ကျစရိတ်နှုန်းတွေမြင့်တက်လာတာကြောင့် တစ်ပိဿာကို ၂၀၀ ကျပ်လောက်ရမှသာ ဆားလုပ်ငန်း လုပ်ကိုင်မှုတွေအဆင်ပြေနိုင်မယ့်အခြေအနေရှိတယ်လို့သိရပါတယ်။

ဒီနှစ်ဆားကြမ်းထုတ်လုပ်ရာမှာ အလုပ်သမားငှားရမ်းခနှုန်းထားတွေ တက်လာသလို စက်သုံးဆီ နှုန်းထားတွေမြင့်တက်လာခြင်း စတဲ့ အထွေထွေကုန်ကျရိတ်တွေမြင့်တက်လာတာဖြစ်ပါတယ်။

"စရိတ်ကတက်တယ်၊စက်သုံးဆီလည်းစျေးကလည်း မနှစ်ကထက်ကိုတက်တယ်၊အလုပ်သမားငှားခကလည်းအရင်ကထက် ၂၀၀၀ လောက်တက်ရတယ်။ စရိတ်ကုန်ကျမှုအတိအကျကိုတော့ ဆားရာသီသိမ်းမှ သေချာသိရမယ်။ အရင်နှစ်က ထပ်တော့ ကုန့ကျစရိတ်ပိုတယ်။ ဆားကွင်းအနေအထားပေါ်လိုက်ပြီး ကုန်ကျမှုလည်းကွာတယ်။ " လို့ မွန်ပြည်နယ် ၊ ပငကျေးရွာ ဆားလုပ်ငန်း လုပ်ကိုင်သူဦးနိုင်ဟုကပြောပါတယ်။

အရင်နှစ်က ဆားကြမ်းထုတ်လုပ်မှုကုန်ကျစရိတ်အနေနဲ့ တစ်ပိဿာကို ၁၃၅ ကျပ်မှ ၁၃၈ ကျပ် ရှိပြီး ခုနှစ်မှာတော့ ကုန်ကျစရိတ်က တစ်ပိဿာကို အနည်းဆုံး ၁၅၀ ကျပ်လောက်ရှိနိုင်ပြီး အကျိုး အမြတ်ရှိမရှိ ၊ အရင်းအနှီးကုန်ကျမှု အတိအကျကတော့ ဆားကြမ်းထုတ်လုပ်မှာရာသီသိမ်းပြီးမှသာ တွက်ချက်သိရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

" ကုန်ကျစရိတ်တက်တာမှန်ပေမယ့် ဘယ်လောက်ကျမလဲဆိုတာကတော့ ဆားရာသီကုန်ချိန် သိမ်းပြီးမှ ဆားအထွက်နူန်းနဲ့ တစ်နှစ်ပတ်လုံးကုန်ကျမှုကိုတွက်ချက်ပြီးမှ တစ်ပိဿာ ကုန်ကျမှုအတိကျသိရမယ်၊ မနှစ်က ၁၃၈ ကျပ်ထက်တော့ ပိုမှာပါ " လို​့ သူကထပ်မံရှင်းပြပါတယ်။

ဆားကြမ်းထုတ်လုပ်မှုကုန်ကျစရိတ်နှုန်းသာ မြင့်တက်လာပေမယ့် ဆားကြမ်းစျေးနှုန်းကတော့ တစ်ပိဿာကို ၁၆၅ ကျပ်သာစျေးပေါက်နေတဲ့အတွက် ဆားကွင်းလုပ်ကိုင်သူထဲမှာ ရပ်နားသူအချို့လည်းရှိတယ်လို့သိရပါတယ်။

ပြည်တွင်းကထွက်ရှိတဲ့ဆားကြမ်းကို ပြည်ပတင်ပို့ရောင်းချနိုင်ခြင်းမရှိတာကြောင့် ပြည်တွင်းမှာပဲ အဓိကစားသုံးရတာဖြစ်လို့ ဆားကြမ်းထုတ်လုပ်မှုများပါက ဆားကြမ်းစျေး ကျဆင်းနိုင်ပြီး ဆားကြမ်းထုတ်လုပ်မှုလျော့ကျပါက ဆားကြမ်းစျေးက မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။

ဆားကွင်းလုပ်ငန်းကို ဧရာဝတီတိုင်းမှာအဓိကလုပ်ကိုင်ပြီး အထွက်နူန်းအနေနဲ့ တစ်နိုင်ငံလုံးရဲ့ဆား ကြမ်းထွက်အား ၈၀ ရာခိုင်နူန်းရှိပြီး မွန်ပြည်နယ်က ၁၂ ရာခိုင်နူန်း ၊ရခိုင်ပြည်နယ်က ၆ ရာခိုင်နူန်း နဲ့ ကျန်တဲ့ ၂ ရာခိုင်နူန်း ကတော့ ထားဝယ်အပါအဝင်နေရာအချို့မှာ လုပ်ဆောင်ကြတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024