ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-11
Share to
ထိုင်းကို ထောပတ်သီး တန် ၂၅၀၀ တင်ပို့ဖို့ခန့်မှန်းထား

လက်ရှိ ထောပတ်သီးရာသီမှာ ထိုင်းကို ထောပတ်သီးတန်ချိန် ၂၅၀၀ လောက်အထိ တင်ပို့နိုင်ဖို့ ​​မျှော်မှန်းထားတယ် လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကသိရပါတယ်။

ထိုင်းကို ထောပတ်သီး တင်ပို့ရာမှာ အရင်က မြဝတီကုန်သွယ်ရေးဇုန်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းကနေ တင်ပို့ပြီး လက်ရှိမှာတော့ မြဝတီကုန်သွယ်ရေးဇုန်ကနေတင်ပို့မှုမလုပ်နိုင်ဘဲ တာချီလိတ်ကနေသာ အဓိကတင်ပို့နေတယ်လို့သိရပါတယ်။

" တာချီလိတ်မှာပဲ ပွဲစားကိုရောင်းလိုက်တဲ့တောင်သူတွေလည်းရှိတယ်၊ ထိုင်းဘက် ဘန်ကောက်အထိ တင်ပို့တာလည်းရှိတယ်၊ ထိုင်းကို ခုပို့နေပါပြီ၊ အရင်နှစ်ထက်ပိုပြီးပို့နိုင်မှာပါ " လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူး ဦးကျော်စိုးမင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ထောပတ်သီး ရာသီတုန်းက ထိုင်းကို ထောပတ်သီး တန်ချိန် ၁၀၀၀ ကျော် လောက်သာတင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာတော့ တန် ၂၅၀၀ လောက်အထိ တင်ပို့ဖို့ ခန့်မှန်းထားတာဖြစ်တယ်လို့ဆိုပါတယ်။

ပြည်တွင်းမှာက ထောပတ်သီးတန်ချိန် ၃၀၀၀ လောက်ထွက်ရှိပြီး အထွက်နှုန်း ရဲ့ ၉၀ ရာခိုင်နူန်းကို ထိုင်းကိုအဓိကတင်ပို့တာဖြစ်ကြောင်း ကျန်တဲ့ ၁၀ ရာခိုင်နူန်းကိုသာ ပြည်တွင်းစားသုံးမှုရှိတယ်လို့သိရပါတယ်။

လက်ရှိမှာ ထိုင်းကို တင်ပို့ရာမှာ တာချီလိတ်အရောက် ထောပတ်သီးစျေးက တစ်ကီလိုကို ၄၀၀၀ ကျပ်ရရှိပြီး ထိုင်းဘက်၊ ဘန်ကောက်အထိ တင်ပို့မယ်ဆိုရင်တော့ တစ်ကီလိုကို ၈၀၀၀ ကျပ်လောက်အထိရရှိတယ်လို့သိရပါတယ်။

ပြည်တွင်း စျေးကွက်မှာတော့ ထောပတ်သီးစျေးက တစ်ကီလိုကို ၃၀၀၀ ကနေ ၇၀၀၀ ကျပ်လောက်အထိ စျေးရရှိနေတယ်လို့သိရပါတယ်။

ပြည်တွင်း စျေးကွက်မှာ ထောပတ်သီးကို သစ်သီးဖျော်ရည် အဖြစ်သာ အဓိက စားသုံးကြပြီး အခြားသော ထုတ်ကုန်အဖြစ်အဖြစ် သုံးစွဲမှု နည်းပါးနေသေးတာကြောင့် ခုနှစ်မှာ ပြည်တွင်း စားသုံးမှုက တန် ၃၀၀ လောက်အထိ စားသုံးမှုရှိနိုင်တယ်လို့သိရပါတယ်။

ထောပတ်သီးကို အောက်တိုဘာလမှာ အသီးတွေ စတင်ခူးဆွတ်ရပြီး နိုဝင်ဘာလကုန်လောက်စပြီး ထိုင်းကိုတင်ပို့ကာ ဇန်နဝါရီလက နောက်ဆုံးတင်ပို့ရတဲ့ကာလဖြစ်တယ်လို့သိရပါတယ်။

ထောပတ်ပင်က စတင်စိုက်ပြီး ၃ နှစ်အကြာမှသာ အသီးသီးကာ ရောင်းချရခြင်းဖြစ်ပြီး နှစ်ရှည်သီးနှံပင်ဖြစ်​ကြောင်း၊ စိုက်ပျိုးမှု အနေနဲ့ရှမ်းပြည်နယ်၊ မန္တလေးတိုင်းမှာ စိုက်ပျိုးတာဖြစ်တယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024