ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-04
Share to
ဗီယက်နမ်သို့ သကြားတန် တစ်သိန်းကျော် တိုးမြှင့်တင်ပို့နိုင်မည်ဟု မျှော်မှန်း

 

နိုဝင်ဘာ ၃၀
အခွန်သက်သာခြင်းကြောင့် ဗီယက်နမ်နိုင်ငံသို့ ယခုနှစ်သကြားတင်ပို့ရောင်းချမှုကို တန်ချိန်တစ်သိန်းကျော် တိုးမြှင့်တင်ပို့နိုင်ဖို့မျှော် မှန်း ထားတယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဝင်ဋ္ဌေးက ပြောပါတယ်။

မြန်မာ့သကြားကိုဝယ်ယူဖို့အတွက် ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ထပ်မံ ကမ်းလှမ်းမှု ရှိထားတာကြောင့် မနှစ်က သကြား တင်ပို့မှုထက်တိုးမြှင့်တင်ပို့နိုင်မယ်လို့ ၎င်းကပြောပါတယ်။မနှစ်က ဗီယက် နမ်နိုင်ငံကို မြန်မာ့သကြား တန်ချိန် ၉၀၀၀၀ လောက်အထိတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

" ဗီယက်နမ်က နောက်ထပ်ကုမ္ပဏီတစ်ခုက ကမ်းလှမ်းတာပေါ့၊ ခုနှစ်ပို​ပြီး တင်ပို့နိုင်မယ်၊ တခြားနိုင်ငံတွေက ကမ်းလှမ်းတာတွေကတော့ အများကြီးပဲ၊ ဒါပေမယ့် ဗီယက်နမ်လို အခွန်လျှော့ပေးတာမရှိလို့ ဗီယက်နမ်ကို အများဆုံးပို့တယ်၊ တခြားနိုင်ငံတွေကတော့စျေးကိုက်ရင်ပို့မှာပေါ့ " လို့မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဝင်ဋ္ဌေးက ပြောပါတယ်။

မြန်မာ့သကြားကို နယ်စပ် ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုများ ဆောင်ရွက်ခဲ့သလို ပင်လယ်ရေကြောင်း ကုန်သွယ် ရေးဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့ရောင်းချ မှုများပြု လုပ် ခဲ့ပါတယ်။

ပြည်ပကိုသကြားတင်ပို့ရောင်းချဆောင်ရွက်ရာတွင် ပြည်တွင်းစားသုံးမှုကို တွက်ချက်ပြီး ပိုလျှံတဲ့ သကြားပမာဏကိုသာ တင်ပို့နေခြင်းဖြစ်ပြီး ပြည်တွင်းဖူလုံဖို့ကို အဓိကဦးစားပေးဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ပြည်တွင်းသကြားစျေးက နိုဝင်ဘာလဆန်းလောက်တုန်းက ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ တစ်ပိဿာကို ကျပ် ၃၈၀၀ ကျော်အထိရောက်ခဲ့ပြီး လက်ရှိနိုဝင်ဘာလကုန်ပိုင်းမှာတော့ တစ်ပိဿာကို ၃၇၀၀ ကျော်ကိုပြန်ကျလာပြီး စျေးငြိမ်နေပါတယ်။
မြန်မာနိုင်ငံမှာ ကြံကြိတ်ရာသီက အခုနိုဝင်ဘာလကုန်ကနေစတင်ပြီး ဧပြီလဆန်းပိုင်းလောက်အထိ ရှိကြောင်း တနိုင်ငံလုံးအနေနဲ့ နှစ်စဥ် သကြားတန်ချိန် ပျမ်းမျှ ၄ သိန်း ဝန်းကျင်ထွက်ရှိတယ်လို့သိရပါတယ်။

ကြံကြိတ်ခွဲပြီး သကြားထုတ်လုပ်နိုင်တဲ့ သကြားစက်ရုံပေါင်းက ၂၃ ရုံ ရှိပြီး အဆိုပါစက်ရုံတွေထဲမှာ သန့်စင်သကြားထုတ်လုပ်နိုင်တဲ့ စက်ရုံ ၂ရုံရှိပေမယ့် ကန့်ဘလူစက်ရုံကတော့လည်ပတ်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ကြံစိုက်ပျိုးမှုအနေနဲ့ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် ရန်ကုန်တိုင်းမှာ အဓိက စိုက်ပျိုးကြတယ်လို့သိရပါတယ်။

ဒီနှစ် ကြံကြိတ်ဝါးရာသီမှာ သကြားစက်ရုံ ၂ရုံက ကြံတစ်တန်ကို စက်ရုံအရောက် ၁၅၀၀၀၀ ကျပ်အထိပေးထားပြီး ကျန်တဲ့စက်ရုံတွေကတော့ ကြံတစ်တန်ကို ၁၂၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်အထိသာ စျေးဖွင့်ထားကြပါတယ်။

Chit Khon Cho (AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024