ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-11-03
Share to
ကြက်သွန်ဖြူဈေး မြင့်တက်လာ

ကြက်သွန်ဖြူဈေး မြင့်တက်လာ
နိုဝင်ဘာ ၁, ၂၀၂၃

တရုတ်ဘက်မှ ဝင်ရောက်နေသည့် ကြူကုတ် ကြက်သွန်ဖြူစျေးနူန်းသည် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်ပိဿာ ကို ၁၅၀၀၀ ကျပ်အထိ စျေးရှိလာသဖြင့် ယခင်ကထက် တစ်ပိဿာကို ၇၀၀၀ ကျပ်မြင့်တက်လာခြင်းဖြစ်ကြောင်း စျေးကွက်အရသိရသည်။

စျေးကွက်အတွင်း ကြူကုတ် ကြက်သွန်ဖြူစျေးနူန်း မြင့်တက်လာသည့်အပြင် ကြူကုတ် ပစ္စည်း ပြတ်လပ်မှုများပင် ဖြစ်ပေါ်နေကြောင်းပွဲရုံများဆီမှသိရသည်။

တရုတ် မြန်မာနယ်စပ်ဂိတ်ပေါက်များမှ ကုန်သွယ်မှုများမပြုလုပ်နိုင်သည့်အတွက် အောက်တိုဘာလနောက်ဆုံးပတ်လောက်မှစပြီး တရုတ်ဘက်မှ ကြူကုတ်ကြက်သွန်ဖြူများဝင်ရောက်မလာတော့သဖြင့် စျေးနူန်းမြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။

" အခုရက် ပြီးဒီနေ့ဆိုင်စဖွင့်တာ ၊ကြက်သွန်ဖြူစျေးက တအားကို ခုန်တက်သွားတယ်ပြောရတယ်၊အရင်ကျမတို့ရောင်းတာ ၇၀၀၀ ၊ ၈၀၀၀ ပဲရှိတယ်၊ အခုစျေးကတအားကိုတက်သွားတယ်၊ လက်လီကို ၁၅၀၀၀ ရောင်းမှကိုက်မယ်၊ဝယ်ရင်းစျေးကိုမြင့်သွားတယ်။ လိုအပ်မှသာဝယ်ကြပါလို့ပဲ ပြောနိုင်တော့တယ် " ဟု ပြည်မြို့နယ်၊ ကြက်သွန်ဖြူ နှင့်ကုန်ခြောက် လက်လီလက်ကားရောင်းချနေသူ မဇင်မာမှပြောသည်။

လက်ရှိတွင် ကြူကုတ် ကြက်သွန်ဖြူသည် အဝင် မရှိသဖြင့် တိုက်ရိုက်တင်သွင်းနေသည့် ကုန်သည်များမှ ယခင်တင်သွင်းပြီးသားတရုတ်ကြက်သွန်ဖြူများကို စျေးနူန်းမြင့်တက်ရောင်းချခြင်းအပြင် အဆင့်ဆင့်စျေးနူန်းတင်ရောင်းချနေကြခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

ကြူကုတ် ကြက်သွန်ဖြူစျေး တက်လာသည့်အပြင် ပွဲရုံအချို့တွင် ကြူကုတ် ပစ္စည်းလည်းပြတ်လပ်မှုကိုပါကြုံတွေ့ နေရကြောင်း သိရသည်။

" ပစ္စည်းက ပြတ်နေတယ်၊ လမ်းကြောင်းတွေပိတ်ကတည်းက ကြူကုတ်မဝင်လာတော့ဘူး။ အခုတော့ ရှမ်းကြက်သွန်ဖြူပဲ ရောင်းနေရတယ်၊သူလည်း စျေးတက်လာတယ်၊ ကြူကုတ် ပစ္စည်းအဝင်မရှိတော့ဘူး စျေးတက်လာရင် ရှမ်းကလည်းအလားတူ လိုက်တက်လာတယ် " ဟု မန္တလေး ကြက်သွန်ပွဲရုံတစ်ခုမှ ပြောပြသည်။

အလားတူ ရှမ်းပြည်နယ်မှထွက်ရှိသည့် ကြက်သွန်ဖြူများလည်း တစ်ပိဿာကို ၁၀၀၀ ကျပ်အထိ စျေးနူန်းမြင့်တက်လာနေကြောင်း အောင်ပန်းစျေးကွက်နှင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှ သိရသည်။

လက်ရှိအောင်ပန်းမြို့ ကုန်စည် စျေးကွက်အရ အောက်တိုဘာလ ၃၁ ရက်နေ့စျေးကွက်တွင် တရုတ်ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာကို ၁၄၀၀၀ ကျပ်၊အောင်ပန်းထူး ၁ တစ်ပိဿာကို ၇၈၀၀ ကျပ်၊ ထူး ၂ တစ်ပိဿာကို ၈၀၀၀ ကျပ်၊ ထူး ၃ တစ်ပိဿာကို ၉၀၀၀ ကျပ်၊ထူး ၄ တစ်ပိဿာ ၉၅၀၀ ကျပ်၊ ထူး ၅ တစ်ပိဿာကို ၉၈၀၀ ကျပ်ရှိပြီး ဥတစ်လုံး အလတ်ဆိုဒ် တစ်ပိဿာ ၁၅၀၀၀ ကျပ်နှင့်ဥတစ်လုံး အသေးဆုံးဆိုဒ် တစ်ပိဿာိကို ၁၂၀၀၀ ကျပ်အထိရှိခဲ့ကြောင်း၊ လတ်တလောတွင် ကုန်စည်ဒိုင်အချို့၌ ကြူကုတ်ကြက်သွန်ဖြူ ပစ္စည်းပြတ်နေသဖြင့် စျေးတန်းမဖွင့်နိုင်ဟုသိ ရသည်။

ရန်ကုန် ဘုရင်နောင်ကုန်စည်စျေးကွက်တွင် တရုတ်ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာကို ၁၀၂၀၀ ကျပ်၊အောင်ပန်း ထူး ၂ တစ်ပိဿာကို ၉၄၀၀ ကျပ်၊ ထူး ၃ တစ်ပိဿာကို ၁၀၀၀၀ ကျပ်၊ထူး ၄ တစ်ပိဿာ ၁၀၅၀၀ ကျပ်၊ ထူး ၅ တစ်ပိဿာကို ၁၀၉၀၀ ကျပ်အထိရှိကြောင်းသိရသည်။

ပြည်တွင်းစားသုံးမှုတွင် တရုတ်ကြက်သွန်ဖြူကြူကုတ်ကို အများဆုံးစားသုံးကြပြီး ကြူကုတ်သည် တရုတ်ဘက်မှ တရားမဝင်နယ်စပ်လမ်းကြောင်းကနေ မြန်မာပြည်ထဲသို့ ဝင်ရောက်နေခြင်းဖြစ်သည်။

လတ်တလောတွင် တရုတ်မြန်မာနယ်စပ်ဂိတ်ပေါက်အားလုံးတွင် ကုန်သွယ်မှု များရပ်တန့်ထားရသည်မှာ ၆ ရက်ရှိပြီဖြစ်သည်။

ချစ်ခွန်းချို (AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024