ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-10-25
Share to
မြန်မာ့ကော်ဖီ ကို ကုန်ကြမ်းအဖြစ်သာ တင်ပို့နိုင်သေး

မြန်မာ့နိုင်ငံမှထွက်ရှိသည့် ကော်ဖီကို တန်ဖိုးမြင့်ထုတ်ကုန် ကုန်ချောအဖြစ်ထုတ်လုပ်တင်ပို့ရန် ကြိုးစားနေသော်လည်း အခက်အခဲများရှိနေသဖြင့် ယခုအချန်ထိ တင်ပို့နိုင်ခြင်းမရှိသေးဟု မြန်မာနိုင်ငံ ကော်ဖီအသင်း နာယကဖြစ်သူဦးရဲမြင့်မှပြောသည်။

ကော်ဖီကုန်ချောတင်ပို့ရန်အတွက် ပြည်ပမှ packaging ​ကိုတင်သွင်းရမည်ဖြစ်သဖြင့် ယင်းသို့တင်သွင်းရန် သွင်းကုန်ပါမစ် ရယူခြင်းအပါအဝင် စသည့် လုပ်ငန်းဆိုင်ရာကိစ္စများတွင် သက်ဆိုရာတာဝန်ရှိသူများဘက်မှ ဖြေလျှော့ပေးမှုများလုပ်ဆောင်ပေးမှသာ အမြန်ဆုံး တင်ပို့နိုင်မည်ဖြစ်ကြောင်းသိရသည်။

"ကုန်ချောပို့ဖို့လုပ်တယ်ဗျ၊လုပ်တဲ့အခါမှာ.ဟိုဘက်က Packaging တွေကိုဒီတိုင်းလှမ်းပို့တယ်၊လှမ်းပို့တော့ ဒီဘက်က ready မဖြစ်သေးဘူး၊သွင်းကုန်ပါမစ်တွေဘာတွေယူရတာတွေရှိသေးတယ်၊အဲ့ဒီ packaging ထဲမှာမှ ဒီဘက်က လှော်တဲ့ဟာကို ထည့်ပြီးပြန်ပို့ပေါ့၊အထည်ချုပ် CMP လိုပေါ့ဗျာ ၊ဟိုဘက်က packaging ပို့ဒီက ကော်ဖီမှုန့်ထည့်ပြီးပြန်ပို့ပေါ့အဲ့ဒါမျိုးတွေရှောရှောရှုရှူဖြစ်ဖို့ဆိုတာ အကျိုးပြုစနစ်ပေါ့ မလိုအပ်တဲ့ဟာတွေကို ဖြေလျှောဖို့၊ဖြစ်သင့်ဖြစ်ထိုက်တာတွေလုပ်ဖို့ပေါ့၊" ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း နာယကဦးရဲမြင့်မှပြောသည်။

အကယ်၍ မြန်မာ့ကော်ဖီကို ကုန်ချောအဖြစ်သာ ပြည်ပနိုင်ငံများကိုတင်ပို့နိုင်မည်ဆိုပါက ကော်ဖီစိုက်တောင်သူများအပြင် ကော်ဖီစေ့လှော်သည့်လုပ်ငန်းများ၊ကော်ဖီဆိုင်များ၊တင်ပို့ရောင်းချသူများအားလုံး အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်းသိရသည်။

" ကုန်ချော မပို့နိုင်သေးဘူး၊သွားဖို့ကအဆင်မပြေနိုင်သေးဘူး၊စိုက်ပျိုးရေးသမားထက် လှော်သူကပိုမြတ်မယ်၊လှော်သူထက် ဆိုင်ဖွင့်သူကပိုမြတ်မယ်၊ဆိုင်တွေလည်းလောလောဆယ် အခွန်မဆောင်ခိုင်းဖို့ပေါ့၊ တိတိကျကျလုပ်ဖို့လုပ်တာပေါ့၊တည်ဆဲဥပဒေဖောက်ဖျက်သူတွေကိုလည်း အရေးယူဖို့လိုသလို အကျင့်ဖျက် ချစားမှုတွေကိုလည်းပပျောက်အောင်လုပ်ဖို့လိုတယ်။လေနဲ့လုပ်ရင်လေပဲဖြစ်မယ်"ဟု ဦးရဲမြင့်မှထပ်မံပြောပြသည်။

ထို့ကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ ကော်ဖီကို ကုန်ချောအဖြစ်ထုတ်လုပ်ရန် နည်းပညာ ပိုင်း၊ စျေးကွက် ရှိသော်လည်း ပြည်ပနိုင်ငံများကို ကုန်ချောတင်ပို့နိုင်ခြင်းမရှိသေးဘဲ ကုန်ကြမ်းသာတင်ပို့နေရဟုသိရသည်။

မြန်မာ့ကော်ဖီကုန်ကြမ်း ကို ပြည်ပတင်ပို့မှုအနေဖြင့်မူ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနှင့် UAE နိုင်ငံများသို့ တင်ပို့ရောင်းချ နေကြောင်းသိရသည်။

ယခုနှစ်တွင် ကော်ဖီတစ်တန်ဈေးနှုန်းတန်ဖိုးသည် ကုန်စည်အရည်အသွေးပေါ်မူတည်ကာ အမေရိကန်ဒေါ်လာ ၅၅၀၀ မှ ၈၃၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်းသိရ သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ပျိုးသည့် စိုက်ဧက ၅၀၀၀၀ ခန့်ရှိပြီး ဧက ၃၈၀၀၀ ဝန်းကျင်တွင် Arabica အာရေးဗီးကား ကော်ဖီမျိုးစိုက်ပျိုးပြီး ကျန်သည့် ဧက ၁၂၀၀၀ ဝန်းကျင်တွင် Robusta ရိုဘမ်စတာ ကော်ဖီမျိုးကို စိုက်ပျိုးကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်နှစ်စဉ် ကော်ဖီတန်ချိန် ၉၀၀၀ ကျော်ထွက်ရှိပြီး Arabica ကော်ဖီကိုသာ ကမ္ဘာ့ဈေးကွက်ကို အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

ကော်ဖီကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်ဒေသတွင် အများဆုံး စိုက်ပျိုကြပြီး ၊ ချင်းပြည်နယ် ၊စသည့်မြို့နယ်အချို့တွင်စိုက်ပျိုးကြကြောင်းသိရသည်။

ကော်ဖီထုတ်ကုန်သည် ကမ္ဘာ့ကုန်စည်ဈေးကွက်၌ ရေနံရောင်းဝယ်မှုပြီးလျှင် ဒုတိယအဆင့် အရေးပါဆုံးသော တန်ဖိုးမြှင့်သီးနှံကုန်စည်တစ်ခုဖြစ်သည့်အပြင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် အလုပ်အကိုင်အခွင့်အလမ်းအများအပြားကို ဖော်ဆောင်ပေးသလို နိုင်ငံခြားဝင်ငွေကိုလည်း ရှာဖွေပေးနိုင်သော အလားအလာကောင်းမွန်သည့် စိုက်ပျိုးရေးအခြေခံထုတ်လုပ်မှုလုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရသည်။

ညိုပြာဝိုင်(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024