ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-05-30
Share to
အရည်အသွေးမပြည့်မှီသောကြောင့် မြန်မာ့သရက်သီး ဝယ်လိုအားကျဆင်း
တရုတ်နိုင်ငံကို နယ်စပ်ကနေတင်ပို့နေတင်ပို့နေသည့် မြန်မာသရက်သီး အရည်အသွေးမပြည့်မီသောကြောင့် တရုတ်ဘက်က ဝယ်လိုအားကျဆင်းနေကြောင်းသရက်သီးဈေးကွက်အတွင်းမှ သိရသည်။
 
" ပြည်ပ ကိုပို့တဲ့ကုန်ပစ္စည်းရဲ့ အရည်အသွေးမီခြင်းမမီခြင်းကသာ ဝယ်လိုအား ပမာဏကိုအတိုးအ​လျှော့လုပ်နေတာပါ။ မြန်မာသရက်သီးရောင်းလိုအားsupplyများလို့မဟုတ်ပါဘူး။တရုတ်ဈေးကွက်မှာကဝယ်လိုအားနည်းစရာအကြောင်းမရှိပါဘူး။မြန်မာ့သစ်သီးတွေကအခြေအနေကောင်းမှ ရောင်းပန်းလှနေတတ်ပေမဲ့ ဈေးကွက်ကိုရင်ဆိုင်ဖို့ပြင်ဆင်မှုအားနည်းတယ်။ "ဟု နယ်စပ်တင်ပို့နေသည့် ကုန်သည်တစ်ဦးမှပြောသည်။သရက်ပေါ်ချိန် ဖြစ်သည့်အတွက် တရုတ်ဘက်မှ လည်း ဈေးနှိမ်ဝယ်ယူမှုတွေ ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။
 
ဈေးကွက်ထဲ ဝင်သည့် သရက်သီးများသည် အလုံးသေးခြင်း၊အရောင်အသွေးမလှခြင်း၊အလေးချိန် နှင့် လတ်ဆတ်မှု အားနည်းတဲ့အပြင် မကြာခဏ ဂိတ်ပိတ်ခြင်းကလည်း အရည်အသွေးကို ပိုမို ကျဆင်းခြင်း ဖြစ်သည်ဟု  မူဆယ်၁၀၅ မိုင် အတွင်းရှိ ခွာညိုသစ်သီးပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
လက်ရှိ တရုတ်နိုင်ငံစျေးကွက်အတွင်း ၎င်းတို့နိုင်ငံတွင်း စိုက်ပျိုးသည့် သရက်သီးများ ဝင်ရောက်လာသည့်အတွက် အရည်အသွေး မပြည့်မီသည့် မြန်မာသရက်သီး ကိုဝယ်လိုအားနည်းကာ စျေးနူန်းလည်း လျော့ကျသွားခြင်းဖြစ်ဟုသိရသည်။
 
ယခင်က ၁၆ ကီလိုပါ စိန်တလုံးသရက်သီး ခြင်းတစ်ခြင်းကို တရုတ်ငွေ ယွမ် ၁၀၀ ကနေ ၁၅၀ ဝန်းကျင်အထိရရှိခဲ့သော်လည်း လက်ရှိတွင် မူ ၁၆ ကီလိုတစ်ခြင်းကို ယွမ် ၅၀ နှင့် ၆၀ ကြားသားရရှိကြောင်းသိရသည်။
 
ရွေဟင်္သာ သရက်သီးဆိုရင်လည်း တရုတ်ကိုတင်ပို့သည့်အခါ ယခင်က တစ်ခြင်းကို ယွမ် ၈၀ မှ ၁၂၀ ဝန်းကျင်အထိရရှိသော်လည်းလက်ရှိကာလဆွင်မူ ယွမ် ၂၀ မှ ၃၀ အထိသာရရှိကြောင်းသိရသည်။
 
"ရာသီဥတုကြောင့်လည်း သရက်အရည်အသွေးမမှီတာလည်း ပါတယ်။မူဆယ်ဘက်ပို့ရင်လည်း ကားခ နဲ့ရှုံးတာ များတော့ ပြည်တွင်းမှာပဲ ရောင်းချလိုက်တယ်"ဟု နှစ်စဉ် သရက်တင်ပို့မှုတွေ ပြုလုပ်ခဲ့သူ စိုက်ပျိုးရောင်းချသူ တစ်ဦးက ပြောသည်။
 
မြန်မာသရက်သီးကိုဝယ်လိုအားကျနေသည့်အပြင် စျေးနူန်းလည်း အရင်ကထက် ကျဆင်းလာသောကြောင့် တောင်သူများဒုက္ခရောက်နေရကြောင်းသိရသည်။
 
လက်ရှိ ပြည်တွင်းတွင် စိန်တစ်လုံး သရက်သီး တစ်လုံးကို အနိမ့်ဆုံး ၃၀၀ ကနေ ၁၀၀၀ ကြားထိပေါက်ဈေးရှိနေပြီး အလုံး ၃၀ ပါ တစ်ခြင်း ကို ငွေကျပ် ၂၅၀၀၀ ကနေ ၃၅၀၀၀ ကြားပေါက်ဈေးရှိကြောင်း သိရသည်။
 
ယခုရာသီသည်  သရက်သီးတင်ပို့မှု ရာသီ ဖြစ်သော်လည်း သရက်သီးအများစု အရည်အသွေးမပြည့်မှီခြင်း၊ဈေးကောင်းမရရှိခြင်းတို့ကြောင့် တရုတ်ဘက်ကို မူဆယ်နယ်စပ်မှတဆင့် သရက်သီးတင်ပို့မှုအနေဖြင့် ​တစ်ရက်လျှင်ကားအစီးရေ ၁၀ စီးအထက်သာရှိကြောင်းသိရသည်။
 
ညိုပြာဝိုင်(AMIA)
News

ဆက်စပ်သတင်းများ