ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-06-04
Share to
မေ လ ၂၈ ရက်နေ့ မှ ဇွန်လ ၃ ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

ဒေါ်လာဈေးကြောင့် ဈေးမြင့်တက်နေဆဲ မတ်ပဲ နဲ့ ပဲစင်းငုံ

ပြည်တွင်း ငွေလဲလှယ်နှုန်းဈေး တည်ငြိမ်မှု မရှိတဲ့အတွက် မတ်ပဲ နဲ့ ပဲစင်းငုံနီကတော့ ဆက်တိုက်ဈေး မြင့်နေပါတယ်။ ငွေကြေးဈေး တည်ငြိမ်မှု မရှိတဲ့အတွက်ကြောင့် အရောင်းအဝယ်တွေကတော့ ‌အေးနေပြီး စောင့်ကြည့် ရောင်းဝယ်နေတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာလည်း မတ်ပဲ ဈေးက မြင့်တက်နေပြီး မြန်မာပြည်တွင်း ရဲ့ ပဲဈေးကို စောင့်ကြည့်ပြီး အမြင့်ဈေးနဲ့ ရောင်းဝယ်နေတယ်လို့ အိန္ဒိယ ‌ဈေးကွက်သတင်းတွေ အရ သိရပါတယ်။ပဲစင်းငုံနီကလည်း အထွက်နှုန်း က ၂၀ ရာခိုင်နှုန်းထက် မနည်း လျော့ကျနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပြီး လက်ရှိ ဈေးမြင့်တက်လာမှုကလည်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းထိ ရှိလာနိုင်တယ်လို့ အိန္ဒိယကုန်သည်တွေ ခန့်မှန်းထားကြတဲ့အတွက် ရေရှည်ဈေးမြင့်တက်နိုင်ဦးမယ်လို့ သုံးသပ်မှု တွေ ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ရာသီဥတုအခြေအနေကြောင့်ပဲမျိုးစုံရဲ့ ထုတ်လုပ်မှုက ၃၀ ရာခိုင်နှုန်းလောက် လျော့ ကျမယ်လို့ ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားတာကြောင့် အိန္ဒိယရွေးကောက်ပွဲ အပြီး ပဲဈေးတွေ တွေက ထပ်မံ မြင့်တက်လာဦးမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်း မှာလည်း ငွေကြေး ဈေး တည်ငြိမ်မှု မရှိတာတွေကြောင့် လက်ရှိ အခြေအနေကတော့ စောင့်ကြည့်နေရတဲ့ ကာလ လည်း ဖြစ်တယ်လို့ကုန်သည်အချို့က ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၂၂၅ ပေါက်ဈေးရှိနေပြီး ၁၇၅ ရူပီး မြင့်တက်လာပါတယ်။ ပဲစင်းငုံနီ က တစ်တန်ကို ရူပီး ၁၁၆၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၂၂၅ ရူပီး ဈေးမြင့်တက်လာခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၉၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တေ့ာ တစ်တန်ကို ၆၀၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၆၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၇၅၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၅၃၀ မှ ၅၅၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၅ ကျပ်ဈေးမြင့်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၄၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၉၀၀၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပါတယ်။

မတ်ပဲက ပြီးခဲ့တဲ့ ဧပြီလ နဲ့ ယှဉ်ရင် တစ်လ အတွင်း တစ်တန်ကို ၃ သိန်းကျော် ဈေးမြင့်တက်လာခဲ့ပြီး ပဲစင်းငုံနီကတော့ တစ်လ အတွင်း တစ်တန်ကို ၅ သိန်းနီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။

အဝင်နည်းပေမယ့် ‌ဈေးငြိမ်နေတဲ့ ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်နည်းနေပေမယ့် ဈေးငြိမ်နေတဲ့အခြေအနေ ဖြစ်ပါတယ်။ အဆက်မပြတ် မိုးရွာတဲ့အတွက် ဈေးကွက်ထဲ တစ်ပတ်အတွင်း အဝင်လျော့သွားပေမယ့် လည်း မိုးကြောင့် ပျက်စီးဆုံးရှုံးပြီး အရည်အသွေးပိုင်းဆိုင်ရာ အားနည်းတဲ့ အတွက်ကြောင့် လို့ သိရပါတယ်။ နေ့စဉ် ဘုရင့်နောင် ဈေးကွက်ထဲကို ပိဿာချိန် ၁သိန်း နှင့် ၁ သိန်း ခွဲ ကြား အဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၅၀၀ မှ ၂၃၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။အခြား အမျိုးအစား ဖြစ်တဲ့ မြင်းခြံ၊တောင်တွင်း၊မင်းဘူး၊ရွှေဘို၊မုံရွာတို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၂၀၀ ကနေ ၂၃၀၀ ကြားရှိနေပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူ ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၂၀၀ မှ ၁၈၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၃၀၀ ကျပ်‌ဈေးကျဆင်းပါတယ်။

ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ လ နဲ့ ယှဉ်ရင် တစ်လ အတွင်း တစ်ပိဿာကို ၅၀၀ နီးပါး‌ ဈေးကျဆင်းသွားခဲ့ပါတယ်။

ဈေးဆက်တိုက်မြင့်တက်လာသည့် ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း) ကတော့ ရာသီကုန်ချိန် ဖြစ်တဲ့အလျောက် ဈေးကွက်ထဲ အဝင်နည်းနေပြီး ဈေးက ထပ်မံ မြင့်တက် လာသလို တရုတ်ကြူကုတ်တွေကလည်း ဈေးကွက်ထဲ အဝင်နည်းတဲ့အ တွက် အဝယ်သွက်ပြီး ဈေးကောင်းနေတာလို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို အနိမ့်ဆုံး ၁၀၀၀၀ ကနေ အမြင့်ဆုံး ၁၂၀၀၀ ထိပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့် တက်လာပါ တယ်။ ပြီးခဲ့တဲ့ လ နဲ့ နှိုင်းယှဉ်ရင်တော့ တစ်ပိဿာကို ငွေကျပ် ၄၀၀၀ ဈေးမြင့်တက် လာခဲ့ပါ တယ်။

ကြူကုတ်ကတော့ တစ်ပိဿာကို ၁၁၇၀၀ မှ ၁၂၀၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၄၀၀ ကျပ်ဈေးတက်လာပါတယ်။ပြီးခဲ့တဲ့ လ နဲ့ ယှဉ်ရင်တော့ ဈေးအနည်းငယ်ကျဆင်းတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အတက်အကျ အပြောင်းအလဲ များသွားတဲ့ ငွေကြေးလဲလှယ် ဈေးနှုန်းတွေကြောင့် ပဲဈေးတွေ မြင့်တက်သွားခဲ့ပေမယ့် ပိတ်ရက်အတွင်းမှာတော့ ပြန်လည် ထိန်းချုပ်မှု တွေကြောင့် ဈေးတွေက အနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ငွေဈေး တည်ငြိမ်မှု မရှိတာကြောင့် ဈေးကွက်ထဲ အရောင်းအဝယ်ကတော့ ပုံမှန်ထက်အေးသွားတယ်လို့ကုန်သည်တွေက ဆိုပါတယ်။ ပဲမျိုးစုံဈေးတွေက သုံးတင်းဝင် တစ်အိတ်ကို အနိမ့်ဆုံးဈေး ၅၀၀၀ ကနေ အမြင့်ဆုံး ၅၀၀၀၀ နီးပါးအထိ ဈေးတွေ မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

မေမီမောင်(AMIA)

News

ဆက်စပ်သတင်းများ