ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-05-17
Share to
ထိုင်းနိုင်ငံက ပြောင်းဝယ်လိုအားကောင်းလာခြင်းကြောင့် ပြည်တွင်းပြောင်းဈေးမြင့်တက်လာ

ထိုင်းနိုင်ငံဘက်မှ ပြောင်းဝယ်လိုအားကောင်းလာခြင်းနှင့်အတူ ပြည်တွင်းပြောင်းဈေးကွက်မှာ မြင့်တက်လာလျက်ရှိကြောင်း သိရသည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေး  ပြန်လည်အဆင်ပြေလာပြီးနောက်ပိုင်းမှစတင်ကာ ပြောင်းဈေးကွက် ပြန်လည်မြင့်တက်လာခြင်းဖြစ်ပြီး ၊ ပယ်လယ်ရေကြောင်းမှ တင်ပို့မှုအပိုင်းတွင်လည်း ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းအရောက် ဈေးကောင်းရရှိလျက်ရှိကြောင်း ကုန်သည်ကြီးများက ဆိုသည်။

လက်ရှိပြည်တွင်းပြောင်းဈေး တစ်ပိဿာလျှင် ကျပ် ၁၀၀ ဈေးမြင့်တက်လာပြီး ၊  ရနောင်းဆိပ်ကမ်းအရောက်ဈေးမှာ ပြောင်း တစ်ကီလိုလျှင် ထိုင်းဘတ် ၉ ဒသမ ၈ ထိ မြင့်တက်ရရှိလာကြောင်း နှင့် ရန်ကုန်သီလဝါဆိပ်ကမ်း ပြောင်းပေါက်ဈေးမှာလည်း တစ်ပိဿာ ကျပ်  ၁၁၄၅ ထိ ရှိလာကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ယူများအသင်းဝင် ဦးတိုးတက်နိုင်က  ပြောသည်။

"ထိုင်းနိုင်ငံက ပြောင်းဝယ်လိုအားများနေတော့ ပြောင်းဈေးကောင်းလာပါတယ်။ အရင်က တစ်ကီလိုဂရမ်ကို ရနောင်းအရောက် ထိုင်းဘတ် ၉ ဘတ် ပေါက်ဈေးနေဝယ်နေ ဆက်တိုက် ဈေးမြင့်ပေးဝယ်ပြီး ၉ ဒသမ ၈ ဘတ်ထိ ဈေးမြင့်တက်လာပါတယ်။ ထိုင်းမှာ ဈေးမြင့်တက်လာသလို ပြည်တွင်းပြောင်းဈေးလည်း ဈေးမြင့်တက်လာပါတယ်။ လက်ရှိမှာ ရနောင်းကို သင်္ဘော အလုအယက်တင်နေကြတော့ ပြောင်းဈေးကောင်းနေမှာပါ။ သင်္ဘောတင်ကတော့ မေလကုန်ထိ ကောင်းနေမယ့် အခြေအနေဖြစ်နေပါတယ်။" ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ပြောင်းစိုက်ပျိုးရာသီရောက်ရှိလာသော်လည်း ပြည်တွင်းပြောင်းကျန်များနေသေးကြောင်းနှင့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးထွက်ရှိသည့် ပြောင်း များမှ ၂၅ ရာခိုင်နှုန်းခန့် လက်ကျန်ရှိနေသေးကြောင်း သိရပြီး လမ်းပန်းဆက်သွယ်မှု အခက်အခဲရှိသည့် ဒေသအချို့တွင်မူ ပြောင်းဈေးမှာ ကျဆင်းနေသေးကြောင်း သိရသည်။  

"ပြည်တွင်းမှာ ပြောင်းလက်ကျန်က ရှိသေးပေမယ့် ရှမ်းပြည်နယ်ဒေသအချို့မှာ ပြောင်းသယ်ယူဖို့အခက်အခဲရှိနေသေးလို့ ဝယ်ယူလို့မရသေးတာတွေ ရှိတယ်။ လက်ကျန်က ရှမ်းပြည်နယ်ထွက်ရှိတဲ့ ပြောင်း ၂၅ ရာခိုင် နှုန်းလောက် ရှိနေပါသေးတယ်။ ရှမ်းပြည်ဒေသတွင်းမှာ ပြောင်းဈေးက တစ်ပိဿာ ၆၀၀ ကျပ်လောက်ပဲ ဈေးရှိနေပါတယ်"ဟု ဦးတိုးတက်နိုင်က ပြောသည်။

မေလ ၁၅ရက်တွင် ပြည်တွင်း ပြောင်းပေါက်ဈေးမှာ ရန်ကုန် (ဆိပ်ကမ်း) တစ်ပိဿာ ၁,၁၄၅ ကျပ် ၊ မန္တလေးတွင်မူ ၅၄ ပိဿာ တစ်အိတ် ၅၄,၅၀၀ ကျပ် မှ ၅၅,၀၀၀ ကျပ်ထိပေါက်ဈေးရှိကြောင်း သိရသည်။

- Shwe Man (Mandalay)
News

ဆက်စပ်သတင်းများ