ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-05-15
Share to
ရွှေဝါရောင်မိုစေ့ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နည်း

ပဲစိုက်တောင်သူကြီးတိုင်း အမြဲကြုံတွေ့ရလေ့ရှိတဲ့ ရွှေဝါရောင်မိုစေ့ ဗိုင်းရပ်စ်ရောဂါကို ဒီနှစ်စိုက်ခင်းတွေမှာ မဖြစ်အောင်၊ ဖြစ်ခဲ့ရင်လည်း အနည်းဆုံးဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ?

ရွှေဝါရောင်မိုစေ့ရောဂါကို ဖြစ်စေတဲ့ အဓိကတရားခံကတော့ ယင်ဖြူပဲ ဖြစ်ပါတယ်။ ယင်ဖြူသည် အဝါရောင်မိုစေ့ဗိုင်းရပ်စ်ကို သယ်ဆောင်လာပြီး တစ်ပင်မှတစ်ပင်၊ တစ်ခင်းမှတစ်ခင်းသို့ ကူးစက်စေကာ ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။

ရောဂါလက္ခဏာများအနေဖြင့်
အရွက်နုများတွင် အဝါပြောက်ငယ်များအဖြစ် စတင်တွေ့ရပြီး တဖြည်းဖြည်းအရေအတွက်များလာခြင်းနှင့် ကျယ်ပြန့်လာခြင်းကြောင့် အဝါရောင်ထဲတွင် အစိမ်းရောင်ရောထားသကဲ့သို့ ဖြစ်လာပါတယ်။ နောက်ဆုံးတွင်
တစ်ရွက်လုံးဝါသွားပြီး အရွက်နုများမှတစ်ဆင့် အရွက်ရင့်များသို့တိုင် ကူးစက်ပြီး တစ်ပင်လုံးရှိအရွက်များ ဝါသွားပါတယ်။ သီးတောင့်ဝင်ချိန်ဖြစ်ပါက သီးတောင့်မှအဝါရောင်ပြောင်း၍ အစေ့တည်မှုမရှိသလောက်ဖြစ်သွားကာ အထွက်နှုန်းသိသာစွာ လျော့နည်းစေပါတယ်။

ဆိုးကျိုးများအနေနဲ့ဆိုရင်
စိုက်ခင်းရှိအပင်များ ကြီးထွားမှုနှေးကွေးခြင်း၊ သီးတောင့်များအစေ့အဆံမပြည့်ခြင်း၊ အဖျင်းအမှော်များခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။

ကာကွယ်နှိမ်နင်းနည်း
ရောဂါရှိသောအပင်ကို တွေ့တွေ့ချင်းနှုတ်ပစ်ပါ။
‌ရောဂါပြန့်စေသည့် ယင်ဖြူကို ကာကွယ်နှိမ်နင်းပါ။
နောက်ကျမှ အပင်စိုက်ခြင်းကိုရှောင်ပါ။
ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်မပျိုးဘဲ မျိုးရင်းမတူသည့်သီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။
စိုက်ခင်းအတွင်းနှင့် အနီးတစ်ဝိုက်တွင် ပေါင်းပင်များရှင်းလင်းဖယ်ရှားပါ။

ပိုးသတ်ဆေးအသုံးပြုလိုပါက ပိုင်ဒီဘက်တားဘလိတ် တို့ကိုအသုံးပြုနိုင်ပါသည်။