- ကြက်သွန်စိုက်ပျိုးသည့် မြေအမျိုးအစားနှင့် ရာသီဥတုပေါ်မူတည်၍ ရေသွင်းသည့်အကြိမ်ရေတူမည်မဟုတ်ပေ။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေနေတွင်အမြဲရှိနေရန် လိုအပ်သည်။ ရေသွင်းချိန်ကို ရက်သားနှင့်သတ်မှတ်ထားခြင်းမပြုလုပ်ရပါ။
- ကြက်သွန်ခင်းအတွင်း ရေသွင်းချိန်ရောက်သည်၊ မရောက်သည်ကို ကြက်သွန်ပင် အခြေနေကိုအကဲခတ်၍ ရေသွင်းချိန်ကိုစဥ်းစားရမည်ဖြစ်သည်။
- ရေလိုအပ်မှုများပါက ကြက်သွန်ဥခွခြင်း၊ မရင့်မှီ ဖူးတံထွက်လာခြင်း များဖြစ်ပွားနိုင်ပါသည်။
- ရေကိုမလိုအပ်ဘဲသွင်းပါက ရောဂါကျရောက်မှုများဖြစ်ပေါ်တတ်သည်။ရေငတ်ပါက ကြက်သွန်ပင်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။
- ရေငတ်လွန်၍ မြေအလွန်ခြောက်မှ ရေသွင်းမိလျှင် ကြက်သွန် အခွံ အက်ကွဲခြင်းများ ဖြစ်ပွားနိုင်သည်။
- ပျိုးထောင်စိုက်ရာတွင် ပျိုးခင်းအတွင်း ရေကိုလိုအပ်သည်ထက်ပို၍သွင်းခြင်း၊ မြေသြဇာအလွန်ကျွန်ကြဲပက်ခြင်း တို့အားရှောင်ကြဥ် ရမည်ဖြစ်သည်။
- ရာသီဥတုပူပြင်းပါက ရေကို အပင်အခြေနေပေါ်မူတည်၍ ၄-၅ ရက်ခြား ၁ ကြိမ်ပေးသွင်းပေးရမည်ဖြစ်သည်။
- ကြက်သွန်စိုက်ပျိုးမည့်မြေအား အပင်စွဲမြန်စေရန်နှင့် ကြက်သွန်အလက်များတောင့်တင်းခိုင်မာလာစေရန် အတွက် မြေခံ ကတည်းကပင် ဖော့စဖိတ်ဓာတ် အများဆုံးပါသော မြေသြဇာကိုရွေးချယ်အသုံးပြုရမည်ဖြစ်ပါသည်။
- ဖော့စဖိတ်ဓာတ်အများဆုံးပါသောမြေသြဇာ မြေခံထည့်သွင်း၍ စိုက်ပျိုးထားပါက ကြက်သွန်ပင်အမြစ်စွဲမြန်ခြင်း ၊ အပင်အလက်များတောင့်တင်းခိုင်မာခြင်းကြောင့် ရောဂါဒဏ် ပိုးမွှားဒဏ်ခံနိုင်ခြင်း စသောအကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါသည်။
- ကြက်သွန်အပင်ပိုင်းကြီးထွားချိန်တွင် နိုက်ထရိုဂျင်(N)၊ ဖော့စဖောရပ်(P) နှင့် ပိုတက်ဆီယမ်(K) နှင့် အနည်းလိုအာဟာရဓာတ်များ အချိုးညီမျှစွာ ရောစပ်ထားသော မြေသြဇာကို ရေသွင်းချိန်တွင် ထည့်သွင်းပေးရမည်ဖြစ်သည်။
- အပင်ငယ်စဥ်မှစ၍ အာဟာရဓာတ်အချိုးညီမျှစွာ ပြည့်ပြည့်ဝဝ စားသုံးထားပါကသက်တမ်းတစ်လျှောက်လုံးတွင် ကျန်းမာသန်စွမ်း၍ ရောဂါဒဏ် /ပိုးမွှားဒဏ်ခံနိုင်ရည်ရှိလာမည်ဖြစ်ပါသည်။
- ကြက်သွန်ဥကြီးထွားချိန်တွင် ပိုတက်စီယမ်ဓာတ် အများဆုံးပါသောမြေသြဇာကို ထည့်သွင်းပေးရမည်ဖြစ်ပါသည်။ ပိုတက်စီယမ်ဓာတ် အများဆုံးပါသော မြေသြဇာ ကျွေးခြင်းအားဖြင့် ကြက်သွန်ဥဝိတ်ချိန်စီးခြင်း / အထွက်နှုန်းသိသာစွာတိုးလာခြင်း စသည့်အကျိုးကျေးဇူးများခံစားရမည်ဖြစ်ပါသည်။
ကြက်သွန်စိုက်ခင်းအတွင်းအထက်ပါနည်းလမ်းများအတိုင်း ရေသွင်းချိန်တွင် မြေသြဇာကိုထိရောက်စွာ ကျွေးခြင်းအားဖြင့် အပင်သက်တမ်းတစ်လျှောက်ကျန်းမားသန်စွမ်းကာ အထွက်နှုန်းများပိုမိုရရှိလာမည်ဖြစ်ပါသည်။