ပြည်တွင်း အဝယ် ပုံမှန်ရှိနေပြီး လက်ကျန်လျော့နည်းတဲ့အတွက် ကုလားပဲစျေး ကောင်းနေ ကြောင်း ပဲကုန်သည်များထံမှ သိရသည်။
“ ဆောင်းသီးနှံရာသီဝင်လေပြီ ကုလားပဲ၊ ဂျုံ တချို့နယ်များလဲစိုက်နေကျပြီ၊ ဒီနှစ် ကုလားပဲစျေး ဂျုံ စျေးတွေကောင်းတယ် တောင်သူစိုက်လိုအားက တက်နေတယ်
အထူးသဖြင့် ကုလားပဲစိုက်လိုအားများတယ်။ အခု ကုလားပဲ စျေးကောင်းရနေတယ်။ ကုလားပဲ မတ်ပဲ ပဲစင်းငုံ က India နိုင်ငံနှင့် G to G 2025 ထိ တင်ပို့ရန် နားလည်မှုလက်မှတ်ထိုးထားတယ်လဲ ကြားတယ်”ဟု အောင်လံမြို့ မှ ကုန်သည်မင်းသူ ကပြောသည်။
လက်ရှိ မန္တလေး ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ ပထမပတ်က ကုလားပဲ(929 ) တစ်အိတ်ကို၂၈၃၀၀၀ ကျပ် မှ ၂၈၅၀၀၀၊ ကုလားပဲ (TW) တစ်အိတ်ကို ၂၇၅၀၀၀မှ ၂၈၀၀၀၀ ကျပ်နှင့် ကုလားပဲ(v2 ) က တစ်အိတ်ကို ၂၉၀၀၀၀ ကျပ် ၊ ကုလားပဲ(v7)က ၂၉၅၀၀၀ကျပ်ထိ ရှိကြောင်း သိရသည်။
ပြည်တွင်း စားသုံးမှုရှိသည့် ကုလားပဲ အပါအဝင် ပဲကြီး၊ စားတော်ပဲ များမှာလည်း ပုံမှန် စျေးမြင့်တက်နေလျက်ရှိကြောင်းလည်း ကုန်သည်များထံမှ သိရသည်။
“အရင်လတွေနဲ့ စာရင်တော့ စျေးကောင်းတယ်။ အခုက အတက်စျေးမှာပဲ ၅၀၀၀၊ ၁၀၀၀၀ ကို တက်လိုက်၊ ကျလိုက်နဲ့ သွားနေတယ်။ ပြည်တွင်း စားသုံးတဲ့ ပဲတွေ ကတော့ အရင် တိုင်း စျေးတန်းတခု ကို ရောင်းနေမှာပဲ။ကုလား ပဲ ကို အိန္ဒိယ ဝယ်ရင် ပိုပြီး စျေးကောင်းရမယ်။ ဒီနှစ်ကောင်းရတယ်ပြောရမယ်။ ပြည်တွင်းအဓိက စားသုံးတဲ့ ပဲ တွေကတော့အတက်စျေးမှာပဲ မပြောင်းလဲဘူး။ ပြည်တွင်းစျေးကျ လဲ အများကြီး မကျဘူး။ စားသုံးသူ ရှိနေတော့ ပြည်ပပို့တဲ့ ပဲတွေ ထက်ဈေး ငြိမ်တယ်“ ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်း မှ ပဲအမျိုးမျိုးရောင်းချသူ ကိုကျော်ဝင်း က ပြောသည်။
လက်ရှိ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေကာ ဒေါ်လာငွေလဲနှုန်း အနည်းငယ်ပြန် မြင့်တက်နေသော ကြောင့် တစ်ပတ်အတွင်း ကုလားပဲ အပါအဝင် ပြည်ပ တင်ပို့ နေသည့် ပဲမျိုးစုံဈေး များပါ မြင့်တက် နေကြောင်း ဈေးကွက် မှ သိရသည်။
“ ကုလားပဲစျေး က တစ်ဆယ်သား ကို၁၄၀၀ ဝယ်ရတယ် ။အရင် ကနဲ့ စာရင် တက်တာပေါ့ ၊ စျေးတွေ က အကုန်တယ်နေတယ်။ ပဲမျိုးစုံ ၊ဆီကော ၊ဆန်ကော ၊ကြက်သွန် အကုန်တက်တယ်“ ဟု
သင်္ဃန်းကျွန်းမြို့နယ် နေသူ က အိမ်ရှင်မ ဒေါ်ဝင်းက ပြောသည်။
တောင်သူအများစု အနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြပြီး နှစ်စဉ် ကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလ များတွင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဧကပေါင်း တစ်သိန်းကျော်ထိ စိုက်ပျိုးကြကြောင်း သိရသည်။
ကုလားပဲသီးနှံကို ဆောင်းအဝင် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင် စိုက်ပျိုးကြပြီး ဇန်နဝါရီလ ပထမ အပတ်အတွင်းမှသာ ခူးဆွတ်ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး ကုလားပဲ ၈ရာခိုင်နှုန်းထိ စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။
ပြည်တွင်းမှာတော့ V2 မျိုးနှင့် ရိုးရိုးကုလားပဲလုံး သေးမျိုးများကို စိုက်ပျိုးကြသည့်အနက် V2 ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။
ဖိုးချဲ(AMIA)
Exclusive Content for Myanma Awba Group