နိုဝင်ဘာဘာ ၁၈
ပြည်ပ ပို့ကုန်ပဲဖြစ်တဲ့ ပဲစဥ်းငုံနီကတော့ စျေးကွက် ဆက်တိုက်ကျဆင်း နေပြီး နိုဝင်ဘာလ တတိယပတ်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၈ သိန်းကျပ်သာ စျေးတန်းရှိနေတယ်လို့ ကုန်စည်ဒိုင်တွေက သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလအစ ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၄၆ သိန်းအထိရှိပြီး အောက်တိုဘာလကုန်မှာတော့ တစ်တန်ကို သိန်း ၄၀၇၀၀၀၀ ကျပ်အထိ ဈေး ကျခဲ့ပါတယ်။အဲဒီနောက်မှာလည်းစျေးထပ်မံကျဆင်းခဲ့ပြီး လက်ရှိနိုဝင်ဘာ ၁၈ ရက်မှာ တစ်တန်ကို ၃၈ သိန်းကျပ်သာရှိတော့တယ်လို့သိရပါတယ်။
ဒါကြောင့် ပဲစဥ်းငုံနီကအောက်တိုဘာ လကုန်မှာဖြစ်ပေါ်ခဲ့တဲ့စျေးကွက်နဲ့ယှဥ်ရင် နိုဝင်ဘာလမှာ တစ်တန်ကို ၂ သိန်းကျော်လောက်စျေးထပ်မံကျဆင်းလာတာဖြစ်ပါတယ်။
" စျေးက တန်ဆောင်တိုင် မရောက်ခင်တည်းကကျတာပဲ။ခုကာလက ဆောင်းပဲစိုက်ရာသီလည်းရောက်နေပြီ၊ပဲလက်ကျန်ကလည်းမရှိတော့ဘူးဆိုတော့ စျေးကအတက်မရှိဘဲ ကျပဲကျနေတာပါ။ခုရက်ပိုင်းဒေါ်လာစျေးကလည်းကျတော့ အဲဒါတွေကြောင့်လည်းပါတယ်" လို့ ပဲကုန်သည်တစ်ဦးကပြောပါတယ်။
လက်ရှိပြည်တွင်းမှာ နိုင်ငံခြားငွေစျေးနဲ့ရွှေစျေးကျလာခြင်းနဲ့အတူ ပဲစဥ်းငုံကိုအိန္ဒိယဘက်မှလည်း ဝယ်လိုအားနည်းသွားခြင်း၊ပြည်တွင်းလက်ကျန်မရှိခြင်း တွေကြောင့် စျေးတန်း ကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ပဲစဥ်းငုံ နီစိုက်ပျိုးရာသီမှာတုန်းက အိန္ဒိယနိုင်ငံမှာ ပဲစဥ်းငုံနီ အထွက်နှုန်း လျော့ကျခဲ့တာကြောင့် သူတို့ရဲ့စားနပ်ရိက္ခာလိုအပ်ချက်ရှိနေတဲ့အတွက် မြန်မာကနေ ပဲစဥ်းငုံနီတန်ချိန်အများအပြား ဝယ်ယူမှုကြောင့်စျေးနှုန်း တက်လာခဲ့ပြီး လက်ရှိမှာအဝယ်အေးသွားလို့ အကျဘက်ရောက်လာတာလည်းဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၈၀၀၀၀၀ ကျပ်သာရှိပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲအဝင်မရှိတာကြောင့် စျေးကွက်ပင်ဖွင့်ထားခြင်းမရှိတာ စက်တင်ဘာလနောက်ဆုံးပတ်လောက်ကတည်းကဖြစ်ပါတယ်။
" ပဲစဥ်းငုံနီက မိုးစိုက်တာတွေရှိပေမယ့်ရေကြီးတာနဲ့ဆိုတော့ပျက်စီးတာများကြတယ်။အသစ်လည်းမပေါ်သေးတော့ စျေးကွက်ကပျောက်နေသလိုဖြစ်နေတာ။အဟောင်းစျေးကတော့ဆက်တိုက်ကိုကျလာတာ။အသစ်ပေါ်ရင်ပြန်တက်ပါ့မလားတောင်မသိဘူး" လို့ ပဲစိုက်တောင်သူတစ်ဦးကပြောပါတယ်။
စက်တင်ဘာလ ပထမပတ်က ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၅၁ သိန်းအထိရှိခဲ့ပါတယ်။
ပဲစဥ်းငုံနီကိုတော့ ပြည်ပတင်ပို့မှုအနေနဲ့ အိန္ဒိယနိုင်ကိုသာ အဓိကအများဆုံးတင်ပို့ရတာဖြစ် ပြီး ဥရောပနိုင်ငံအချို့ကတော့ပဲပင်ပေါက်ဖို့တန်ချိန်ထောင်ဂဏန်းလောက်သာ ဝယ်ယူမှုရှိတာကြောင့် အိန္ဒိယရဲ့ဝယ်လိုအား ပေါ်လိုက်ပြီး စျေးအတက်အကျဖြစ်ပေါ်နေတာဖြစ် ပါတယ်။
ချစ်ခွန်းချို(AMIA)