ဆက်တိုက်ကျဆင်းနေတဲ့ မတ်ပဲ နဲ့ အကျကြမ်းတဲ့ပဲစင်းငုံ
မတ်ပဲကတော့ ၂ ပတ်ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ FOB ဈေးကတော့ ငြိမ်နေပေမယ့် ပြည်တွင်း ငွေလဲလှယ်နှုန်း ကျဆင်းသွားတာ၊အိန္ဒိယဘက်က အဝယ်နည်းတာ၊ပြည်တွင်းလက်ကျန် လျော့နည်းတာတွေကြောင့် ဈေးက အတက်မရှိတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာလည်း ပွဲတော်ကာလ အပြီး ဝယ်ယူမှု နည်းသွားပြီး ဈေးအေးသွားတယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံတွင်းမှာတော့ ဈေးကွက်အတွင်း ပဲ အဝင်နည်းတာ တွေကြောင့် မတ်ပဲက အကြာကြီး ဈေးအေးနိုင်ဖို့ မရှိလို့ သုံးသပ်မှုတွေရှိပါတယ်။ပဲထုတ်လုပ်မှုကလည်း လျော့နည်းနေတာ ဖြစ်တဲ့အတွက် ရေရှည်ကာလမှာတော့ မတ်ပဲ က အမြင့်ဈေးနဲ့ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ မတ်ပဲ ( FAQ ) က တစ်တန်ကို ၃၆ သိန်းနီးပါးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို တစ်သိန်းနီးပါးဈေးကျဆင်းသွားပါတယ်။ (FAQ)ကလည်း တစ်တန်ကို ၃၉၈၄၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၇၀၀၀၀ ကျော်ဈေးကျဆင်းပါတယ်။
ပဲစင်းငုံနီကတော့ တစ်တန်ကို သိန်း ၄၀ ထိ ရောက်သွားပါတယ်။အခြား ပဲတွေ နဲ့ ယှဉ်ရင် အကျကြမ်းပေမယ့် ပြည်တွင်း မှာ လက်ကျန်မရှိပဲ နယ်ဈေးကွက်တွေမှာလည် အရောင်းအဝယ်မ ဖွင့်တဲ့အတွက်အေရာင်းအဝယ်လည်း အေးတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲအသစ်တွေ ဈေးကွက်ထဲ အဝင်ရှိနေပြီး အာဖရိက ဘက်က ပဲတွေလည်း ဝင်ရောက်နေပြီ ဖြစ်လို့ ပဲဈေးက လက်တလောမှာတော့ အကျဈေးနဲ့ရှိနိုင်သေးတယ်လို့ သုံးသပ်မှု တွေလည်း ရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၈ သိန်း ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၅၀၀၀၀ ကျော်ဈေးကျဆင်းပါတယ်။ FOB ဈေးကတော့ တစ်တန်ကို ၁၀၂၀ မှ ၁၀၃၀ ရှိပြီး တစ်တန်ကို ဒေါ်လာ ၂၀ ကျဆင်းပါတယ်။
ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် ငွေလဲလှယ်နှုန်းတွေ က လက်ရှိမှာတော့ ၄၅၀၀ အောက်ထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။
ဈေးမြင့်တက်တဲ့ ပြောင်း နဲ့ ပဲတီစိမ်း
ပြောင်းက ရန်ကုန်ဈေးကွက်မှာ ငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ အမြင့်ဈေး ရှိနေပါတယ်။ ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိပေမယ့် သယ်ယူပို့ဆောင်စရိတ်တွေကြောင့် မြင့်တက်နေတာ ဖြစ်တယ်လို့သိရပါတယ်။ အဝင်ရှိသလောက် အဝယ်လည်းရှိနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတေ့ာ တစ်ပိဿာကို ၁၅၂၀ မှ ၁၅၄၀ ရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၇၇၀၀၀ မှ ၇၇၅၀၀ ပေါက်ဈေး၊ရှမ်း ပြောင်းက တစ်အိတ်ကို ၇၈၀၀၀ မှ ၇၈၅၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀လောက်ဈေးမြင့်တက်ပါတယ်။
ပဲတီစိမ်းကလည်း ရန်ကုန်ဈေးကွက်မှာ အမြင့်ဈေးနဲ့ငြိမ်နေခဲ့ပြီး နယ်ဈေးကွက်တွေမှာတော့ ပွဲတော် ကာလ အဝယ်သွက်ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း က အမြင့်ဈေးနဲ့ ဈေးငြိမ်နေပြီး ပဲတီစိမ်း(အညာ)၊ (ခရမ်းရွှေဝါ)ပဲခူးရွှေဝါ၊ဝါးခယ်မ တို့က တစ်ပိဿာကို ၄၃၃၀ မှ ၆၁၈၅ ရှိနေတာဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၂၅၅၀၀၀ မှ ၂၇၀၀၀၀ ကြား ရှိပြီး တစ်အိတ် ကို ၅၀၀၀ မှ ၁၀၀၀၀ ကြား ဈေးတက်လာပါတယ်။နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၁၀၀၀ မှ ၂၀၀၀ ကြား ဈေးတက်ပါတယ်။
မေမီမောင်(AMIA)