ရှမ်းပြည်နယ်မှာ ခရမ်းချဥ်သီးစျေးကွက်ပြန်လည်မြင့်တက်လာပြီး အမြင့်ဆုံး တစ်ပိဿာကို ၄၀၀၀ ကျပ်အထိ စျေးတန်းရှိလာတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ရေကြီးနစ်မြုပ်မှုတွေကြောင့် ရှမ်းပြည်နယ်က ခရမ်းချဥ်သီး စိုက်ခင်းတွေ ဧကထောင်နဲ့ချီရေလွှမ်းမိုးခံရပြီး ပျက်စီးခဲ့တဲ့ အတွက် ကုန်စိမ်းပွဲရုံ တွေကိုကုန် အဝင်နည်းတာကြောင့် စျေးနှုန်း မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
"ရေကြီးတော့အခင်းတော်တော်များများရေနစ်ပြီးပုတ်ကုန်တယ်၊ပျက်စီးတယ်။ဒါကြောင့်အခုကုန်တွေကသိပ်မဝင်တော့ဘူး။ကုန်မဝင်တော့စျေးတက်သွားတယ်။အခင်းကောင်းရှိသေးတဲ့တောင်သူတွေတော့ စျေးကောင်းလေးမိသွားတာပေါ့။" လို့ အောင်ပန်းမှ ကုန်သည်တစ်ဦးကပြောပါတယ်။
ခရမ်းချဥ်သီး စျေးနှုန်းဟာ လက်ရှိအောက်တိုဘာလ ရှမ်းပြည်နယ်အောင်ပန်း ကုန်စိမ်းစျေးကွက်မှာ ဂွတ်သီးကတစ်ပိဿာကို ၄၀၀၀ ကျပ်၊ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၃၅၀၀ ကျပ်နဲ့ခရမ်းချဥ်သီးတစ်ပိဿာ ၃၂၀၀ ကျပ်အထိမြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ပထမပတ်တုန်းက ရှမ်းပြည်နယ်မှာ ခရမ်းချဥ်သီး စျေးကွက် က ခရမ်းချဥ်သီး အမှည့်အရဲ ၊အစိမ်း၊သံယောင် အားလုံး တစ်ပိဿာကို ၅၀၀ ကျပ် မှ ၈၀၀ ကျပ်သာစျေးရှိခဲ့လို့ တစ်ပိဿာကို ၃၂၀၀ လောက်အထိမြင့်တက်လာတာဖြစ်ပါတယ်။
ခရမ်းချဥ်သီးစျေးကွက်ကျဆင်းချိန်တုန်းက ခရမ်းချဥ် စိုက်တောင်သူတွေမှာလွှင့်ပစ်ရတဲ့အထိဖြစ်ကာ အရှုံးပေါ်ခဲ့ကြရပေမယ့် လက်ရှိမှာတော့ ရေနစ်မြုပ်ပြီးပျက်စီးမှုထဲမပါခဲ့တဲ့ ခရမ်းချဥ်သီး စိုက်ခင်းပိုင်တောင်သူတွေကတော့ အတက်စျေးနဲ့ရောင်းချရတဲ့အပြင် ဝယ်လိုအားလည်း ကောင်းတာ ကြောင့် အဆင်ပြေတယ်လို့သိရပါတယ်။
"ရေနစ်ပျက်စီးသူတွေအတွက်တော့စိတ်မကောင်းဘူး။ရေဘေးကြောင့်တချို့ဒုက္ခရောက်ပြီးကျန်ခဲ့တဲ့အခင်းတွေက အခုစျေးကောင်းရပြီး အဆင်ပြေသွားတာပေါ့။အခုက အဝင်ကိုအရမ်း နည်းသွားပြီ။ အင်းလေးဘက်ဆိုရင်လည်းခရမ်းချဥ်သီးအခင်းတွေတော်တော်လေးပျက်စီးကုန်တယ်။"ဟုသူကထပ်မံပြောပါတယ်။
ခရမ်းချဥ်သီးက လက်ရှိမှာ ကုန်အဝင်နည်းပြီး စျေးမြင့်တက်သွားပေမယ့် စျေးကွက်ကယခု အောက်တိုဘာလ ကုန်လောက်အထိသာစျေးတက်နိုင်ပြီး နိုဝင်ဘာလမှာ ခရမ်းချဥ်သီး တွေခူးဆွတ်ချိန် ရောက်ရင်စျေးတန်းပြန်ကျသွားနိုင်တယ်လို့ကုန်သည်တွေကသုံးသပ်ပါတယ်။
ခရမ်းချဥ်သီးကို လက်ရှိမှာ ထိုင်း ဘက်ကိုတင်ပို့မရှိဘဲ ပြည်တွင်းစားသုံးမှုသာ ရှိတယ်လို့ သိရပါ တယ်။
ချစ်ခွန်းချို(AMIA)