ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-04-02
Share to
ချေးငွေမရရှိသေးတဲ့ ဆီစက်ပိုင်တွေကို ငွေကျပ်သိန်း ၃၀၀၀ အထိ ထုတ်ချေးသွားမယ်

ဧပြီ ၁


ဆီကြိတ်ခွဲထုတ်လုပ်ဖို့အတွက်ငွေကြေးအရင်းအနှီးလို အပ်ပြီး ချေးငွေမရရှိသေး တဲ့ ဆီစက်လုပ်ငန်းရှင်တွေကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအဖြစ် တစ်ဦးကို အများဆုံးကျပ်သိန်း ၃၀၀၀ အထိ ထပ်မံထုတ်ချေးပေးသွားမယ်လို့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က သိရပါတယ်။

ဆီစက်လုက်ငန်းရှင်တွေကို ထုတ်ချေးပေးမယ့် ချေးငွေပမာဏကတော့ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ working capital အတွက် ကျပ်သိန်း ၁၀၀ ကနေ ကျပ် သိန်း ၃၀၀၀ အထိ၊မတည်ရင်းနှီးငွေ (Fixed Capital)အတွက် ကျပ် သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိဖြစ်တယ်လို့သိရပါတယ်။

ချေးငွေသက်တမ်းနဲ့ ပြန်ဆပ်ရမယ့်ကာလက လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေ ချေးငွေက သက်တမ်း(၁)နှစ်၊ မတည်ရင်းနှီးငွေ ချေးငွေကသက်တမ်း (၃) နှစ်ကို ၃ ကြိမ်အ ရစ်ကျဆပ်ရမှာဖြစ်ပြီး ချေးငွေအတိုးနှုန်းကတော့ ၁ နှစ်ကို ၅% ဖြစ်ပါတယ်။

" ပုံစံ ၇ ပေးထားရမယ်၊နောက်ပြီး ချေးငွေထုတ်ချေးမယ့်ဘဏ်မှာ ချေးငွေယူထားတာရှိသူဆိုရင် သီးခြားအာမခံတင်သွင်းနိုင်မှ လျှောက်လို့ရမယ်၊ စည်းကမ်းသတ်မှတ်ချက်တွေကတော့များတယ်။ဆီစက်ပိုင်ရှင်တွေထဲကမှ အသင်းဝင်တွေကိုဦးစားပေးမယ်သိရတယ် "လို့ ပဲခူးတိုင်းမှ ဆီစက်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို လျှောက်မယ်ဆိုရင် လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက် ဖြစ်ရပြီး လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ)ရရှိသူဖြစ်ရမယ့်အပြင် ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း၊ လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ လက်ရှိ ချေးငွေရယူထားသူတွေ အနေနဲ့ ဆီစက်ဖွံ့ဖြိုးရေးချေးငွေ ရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ပြီး FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက် လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်ကိုသာ ဦးစားပေးစဉ်းစားမှာဖြစ်တယ်လို့သိရပါတယ်။

ချေးငွေလျှောက်ထားလိုတဲ့ ဆီစက်လုပ်ငန်းရှင်တွေအနေနဲ့ ဆီစက်လုပ်ငန်းရှင်များအသင်းရုံးတွေ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးတွေ၊ တိုင်းနဲ့ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးတွေ၊ မြန်မာ့ စီးပွားရေးဘဏ်ခွဲတွေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွေမှာ ချေးငွေအဆိုပြုလွှာယူပြီး လျှောက်ထားနိုင် တယ်လို့ သိရပါတယ်။

ကျပ်သိန်း ၃၀၀၀ နဲ့အထက် ချေးငွေရယူလိုတဲ့ ဆီစက်လုပ်ငန်းရှင်တွေကတော့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)ကို တိုက်ရိုက် ပေးပို့လျှောက်ထားရမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၇) ခုတို့မှ ဆီစက်ပိုင်လုပ်ငန်းရှင် (၂၁) ဦး ဆီစက်ချေးငွေအဖြစ် ငွေ ကျပ် (၁၇၇၃) သန်း ထုတ်ချေးခဲ့ပါတယ်။

ချစ်ခွန်းချို (AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024