၂၀၂၄ခုနှစ်နွေစပါးစိုက်ရာသီမှာ လယ်ဧက ၁၀ ဧကအထက်ရှိတဲ့ တောင်သူတွေကိုချေးငွေထုတ်ချေးခြင်းအား ယခုဖေဖော်ဝါရီလအတွင်း ချေးငွေများထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF မှသိရပါတယ်။
ချေးငွေထုတ်ချေးဖို့အတွက် ရန်ကုန် ၊ ပဲခူး ၊ နေပြည်တော် ၊ဧရာဝတီတိုင်းမှ တောင်သူဦးရေ ၁ သိန်းကို ကနဦးစိစစ်ရွေးချယ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။
" လာမယ့်အပတ်ထဲမှာ ထုတ်ချေးဖို့စီစဉ်ထားပါတယ်၊အခုလ ၁၅ ရက်အတွင်း ထုတ်ချေးပေးမှာပါ ၊ အဓိက တောင်သူတွေ စိုက်ပျိုးစရိတ်အတွက် စိတ်မပူရအောင် ကာလတိုထုတ်ချေးပေးတဲ့သဘောပါ " လို့ MRF မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ချေးငွေထုတ်ချေးဖို့ရွေးချယ်ခံရတဲ့တောင်သူတွေအနေနဲ့ လယ်တစ်ဧကို ငွေကျပ် ၄ သိန်း ထုတ်ချေးပေးမှာဖြစ်ပြီး ချေးငွေကာလက စပါးသီးနှံတစ်ရာသီ (၄)လမှ (၅)လ အထိ ဖြစ်ပြီး အတိုးနှုန်းက (၁) နှစ်ကို (၁၀)ရာခိုင်နှုန်း ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ချေးငွေကို MRF နဲ့ ပုဂလိကဘဏ်တွေပူးပေါင်းပြီးဆောင်ရွက်ခြင်းဖြစ်ပြီး ချေးငွေကို ပုဂ္ဂလိက ဘဏ်တွေကနေ ထုတ်ချေးပေးမှာဖြစ်ပါတယ်။
" နွေစပါးကစိုက်တယ် ၊ ကျွန်တော်တို့ ဘက်တော့ အဲ့ဒီချေးငွေဘာသံမှမကြားရဘူး။ ရပ်ကျေးဥက္ကဋ္ဌလည်းပြောသံမကြားရဘူး။ ခုထိတော့ဘာမှမသိရဘူး ၊ ရရင်တော့ကောင်းတာပေါ့ " လို့ လယ် ၁၀ ဧကအထက်ပိုင်တဲ့ ပဲခူးအနောက် ခြမ်းကတောင်သူတစ်ဦးကပြောပါတယ်။
MRF ကတော့ ချေးငွေ ရယူလိုတဲ့ တောင်သူတွေကို ချေးငွေလျှောက်ထားခြင်းကို ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက်ကစပြီး ခွင့်ပြုခဲ့တယ်လို့ဆိုထားပါတယ်။
ချေးငွေရယူလိုတဲ့တောင်သူတွေဟာ လျှောက်ထားသူအမည်၊ အဘအမည်၊ နိုင်ငံသားကတ်အမှတ်၊ ပုံစံ (၇)အရ - အမည်ပေါက်( တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်၊ကျေးရွာအုပ်စု/ကျေးရွာ၊ကွင်း/ ဦးပိုင်)၊ ဧရိယာဧက စုစုပေါင်း၊ ဖွံ့ဖြိုးရေးချေးငွေရယူလိုတဲ့ဧက၊ ဖွံ့ဖြိုးရေးချေးငွေလျှောက်ထားလိုတဲ့ စပါးရာသီ - ၂၀၂၃ ခုနှစ် နွေစပါး / ၂၀၂၄ ခုနှစ် မိုးစပါး၊ ဖွံ့ဖြိုးရေးချေးငွေရယူလိုတဲ့(လ/ခုနှစ်)၊လျှောက်ထားသူရဲ့ နေရပ်လိပ်စာအပြည့်အစုံအပါအဝင် ဆက်သွယ်ရန် ဖုန်းနံပါတ်၊လျှောက်ထားသူလက်မှတ် တွေ ကိုဖြည့်သွင်းပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကို Email နဲ့ဖြစ်စေ Viber Phone No (09400067240) ဖြစ်စေ၊ တခြားနည်းလမ်းအရဖြစ်စေ ပေးပို့လျှောက်ထားဖို့ အသိပေးပြီး ရွေးချယ်ခဲ့တာဖြစ်တယ်လို့်သိရပါတယ်။
လက်ရှိမှာတော့ ဧရာဝတီတိုင်း အပါအဝင် နေရာအစုံမှာ နွေစပါးကို စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။
ချစ်ခွန်းချို(AMIA)