ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-11-06
Share to
ခရမ်းချဥ်သီးစျေးဆက်တိုက်မြင့်တက်လာပြီးလက်ကားတစ်ပိဿာကိုပင် ၆၀၀၀ ကျပ်ရှိလာ

ပြည်တွင်း ကုန်စိမ်းသီးနှံ စျေးကွက်မှာ  ခရမ်းချဥ်သီးစျေးကွက်က ဆက်တိုက်မြင့်တက်လာပြီး လက်ကားစျေးကွက်မှာပင် အမြင့်ဆုံး  တစ်ပိဿာကို ၆၀၀၀ ကျပ်အထိ စျေးတန်းရှိလာတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

 

ကုန်စိမ်းပွဲရုံတွေကို ခရမ်းချဥ်သီးအဝင်နည်းပြီး ရောင်းလိုအားကျနေပေမယ့် ဝယ်လိုအားများ နေတာကြောင့် ခရမ်းချဥ်သီးစျေးကွက်က မြင့်တက်နေတာဖြစ်တယ်လို့သိရပါတယ်။

 

ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ရေကြီးနစ်မြုပ်မှုတွေ​ကြောင့် ရှမ်းပြည်နယ်က ခရမ်းချဥ်သီး စိုက်ခင်းတွေ ဧကထောင်နဲ့ချီရေလွှမ်းမိုးခံရပြီး ပျက်စီးခဲ့တဲ့ အတွက် ကုန်စိမ်းပွဲရုံတွေကို ကုန်အဝင်နည်း နေတာဖြစ်ပါတယ်။

 

" ခရမ်းချဥ်က အဝယ်လိုက်တယ်။စျေးလည်းတက်တယ်။အရင်၅၀၀၀ လောက်ကနေအခု ၆၀၀၀ပေါ့။ ၆၀၀၀မှာတန့်နေတယ်။အဲဒီထက်တော့ထပ်မတက်လောက်ဘူးလို့ခန့်မှန်းတယ်။မိုးခရမ်းချဥ်အသစ်တွေ လည်း မကြာခင်ပေါ်တော့မှာဆိုတော့ အဝင်များရင်တော့ စျေးကပြန်ကျတာထုံးစံပဲ။" လို့ အောင်ပန်း ခရမ်းချဥ်သီး ကုန်သည်တစ်ဦးက ပြောပါတယ် ။

 

ခရမ်းချဥ်သီး စျေးနှုန်း က ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီး တစ်ပိဿာကို ၆၀၀၀ ကျပ်၊ရှယ်သီးကတစ်ပိဿာကို ၅၈၀၀ ကျပ်  နဲ့ ရိုးရိုးက တစ်ပိဿာ ၅၀၀၀ ကျပ်အထိမြင့်ရှိပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ် ရေကြီးရေလျှံ မှုမဖြစ်ခင် ရှမ်းပြည်နယ်မှာ ခရမ်းချဥ်သီးအမှည့်အရဲ ၊အစိမ်း၊သံယောင် အားလုံး တစ်ပိဿာကို  ၅၀၀ ကျပ် မှ ၈၀၀ ကျပ်သာစျေးရှိခဲ့ပြီး ယခု စျေးကွက်နဲ့ယှဥ်ရင် တစ်ပိဿာကို ၅၂၀၀ လောက်အထိမြင့်တက်လာတာဖြစ်ပါတယ်။

 

"ရေမကြီးခင်တုန်းကခရမ်းချဥ်သီးစျေးကျလို့ လွှင့်ပစ်ရတဲ့အထိ တောင်ပြန်ဖြစ် သေးတယ်။ရေကြီးပြီး မှစျေးကွက်ကဆက်တိုက်တက်လာတာ။ အလုံးချောအသန့်က ၈၀၀၀ စျေးရောင်းတယ်။ စျေးတွေ ကတော့အဆင့်ဆင့်ရောင်းကြတာဆိုတော့ မတူကြဘူး။လက်လီကတော့ စျေးမြင့်လို့ ရောင်းအား သိပ် မရှိဘူး"လို့ ကုန်စိမ်းရောင်းချသူတစ်ဦးကပြောပါတယ်။

 

ခရမ်းချဥ်သီးကလက်ကားစျေးမြင့်တက်မှုနဲ့အတူ လက်လီစျေးကွက်မှာလည်းတစ်ပိဿာကို အနိမ့်ဆုံး ၆၀၀၀ ကနေ ၁၀၀၀၀ ကျပ်ကျော်အထိစျေးတန်းရှိပြီး စားသုံးနှုန်း လျော့ကျပါတယ်။

 

ကုန်ပစ္စည်း  သယ်ယူပို့ဆောင်ရေးအတွက် ကားငှားခတွေမြင့်တက်ခြင်း၊ စက်သုံးဆီဝယ်ယူရခက်ခြင်း၊ ကားတွေသွားလာဖို့မလွယ်ကူခြင်း ၊လမ်းခရီးပိုင်းမှာ ဂိတ်ကြေးကောက်ခံတဲ့ဂိတ်တွေများခြင်းကြောင့် ခရမ်းချဥ်သီး စျေးကလက်လီစျေးကွက်မှာ ပိုပြီးမြင့်တက်နေတာဖြစ်တယ်လို့သိရပါတယ်။

 

ခရမ်းချဥ်သီး စျေးကွက်မြင့်နေတာကြောင့်အိမ်ရှင်မတွေအများစုလည်း ခရမ်းချဥ်သီး ချက်ပြုတ်ရာမှာ သုံးစွဲမှုလျှော့ချလာပါတယ်။

 

မစံပယ်(AMIA)

News

ဆက်စပ်သတင်းများ

December 10, 2024

Myanma Awba App

Install
×