ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-11-11
Share to
နိုဝင်ဘာ ၅ မှ နိုဝင်ဘာ ၁၁ ရက်နေ့ အထိ ဈေးကွက်သုံးသပ်ချက်

 

အကျဈေးနဲ့ ရှိနေဆဲ မတ်ပဲ နဲ့ အကျဈေးနဲ့ ငြိမ်နေတဲ့ ပဲစင်းငုံ

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကလိုပဲ ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းပါတယ်။ ဈေးကွက်အတွင်း ငွေကြေးလဲလှယ်ဈေးနှုန်းတွေ ကျဆင်းသွားတဲ့အတွက် ပဲဈေးက ကျဆင်းနေတာ ဖြစ်ပြီး FOB ဈေးကတော့ မြင့်တက်ပါတယ်။ ဈေးကွက်အတွင်းမှာတော့ ပြည်တွင်း ပဲလက်ကျန် နည်းတာ ငွေကြေးဈေး တည်ငြိမ်မှု မရှိတာ တွေကြောင့် အရောင်းအဝယ်ကတော့ အေးဆဲ အခြေအနေလို့ ကုန်သည်အချို့က ဆိုပါတယ်။

အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၄-၂၀၂၅ မိုးစိုက်သီးနှံအထွက်နှုန်း ခန့်မှန်းချက် မှာ ပဲမျိုးစုံ ထုတ်လုပ်နိုင်မှုက ၆.၉၅ သန်းသာ ရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် လျော့ကျတယ်လို့ ဆိုပါတယ်။ ပဲ မျိုးစုံ ထဲကမှ မတ်ပဲ ထွက်နှုန်းက အနည်းဆုံးလို့ ဖော်ပြထားချက် အရ သိရပါတယ်။လက်ရှိအခြေအနေ မှာ တောင် အိန္ဒိယမတ်ပဲ လိုအပ်ချက် ကြောင့် မြန်မာနိုင်ငံ အပါအဝင် အခြား နိုင်ငံတွေကပါ ဝယ်ယူဖို့ စီစဉ်နေကြတဲ့အတွက် မတ်ပဲကတော့ ရေရှည် အခြေအနေ အရ အမြင့် ဈေးနဲ့ ဆက်ရှိနိုင်သေးတယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ ( FAQ )က တစ်တန်ကို ၃၆၈၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပိဿာ ၆၀ ဝင် တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေး ကျဆင်းပါတယ်။FOB ဈေးနှုန်းကတော့ တစ်တန်ကို ၉၄၀ မှ ၉၅၀ ဒေါ်လာ ရှိပြီး ၁၀ ဒေါ်လာ ဈေးမြင့်တက်လာပါတယ်။

ပဲစင်းငုံနီကတော့ FOB ဈေးနှုန်း မြင့်တက်ပေမယ့် ကျဆင်းသွားတဲ့ ငွေကြေးလဲလှယ်ဈေးနှုန်းကြောင့် ဈေးက ကျဆင်းသွားတာမျိုးမရှိပဲ အကျဈေးနဲ့ ငြိမ်နေတဲ့အခြေအနေ ရှိပါတယ်။ပြည်တွင်း ပဲ လက် ကျန် မရှိသလောက် နည်းနေတာ ဖြစ်တဲ့အတွက် အရောင်းအဝယ်ကတော့ သိပ်မရှိဘူးလို့ ဆိုပါတယ်။

 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၀၅၇၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၇၀၀၀ ကျပ်ဈေးတက်ပါတယ်။ FOB ဈေးကတော့ တစ်တန်ကို ၁၀၄၀ မှ ၁၀၅၀ ရှိပြီး တစ်တန်ကို ဒေါ်လာ ၁၀ တက်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်ပေမယ့် ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် ငွေလဲလှယ်နှုန်းတွေ ကျဆင်းပြီး ပဲ ဈေးလည်း မတက်ပဲ ရှိနေတာ ဖြစ်ပါတယ်။

စံချိန်တင် မြင့်တက်နေတဲ့ မန်ကျည်းသီးမှည့်

မန်ကျည်းသီးက ပြီးခဲ့တဲ့ လ ကတည်းက မြင့်တက်နေတာဖြစ်ပြီး စံချိန်တင် မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အသားလက်ကျန် နည်းနေပြီး လက်ရှိ ပေါ်ချိန် မဟုတ်တဲ့အတွက် ဈေးမြင့်တက်နေတာလို့ ကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မန်ကျည်းသီး အသားတစ်ပိဿာကို ၉၀၀၀ မှ ၁၁၅၀၀ပေါက်ဈေး ရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးတက်ပါတယ်။မန်ကျည်းသီးပွင့်ကပ်ကတော့ တစ်ပိဿာကို ၃၃၀၀ မှ ၃၆၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။

တစ်လအတွင်း မန်ကျည်းသီးအသား တစ်ပိဿာကို ၃၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ဆက်တိုက်တက်နေတဲ့ အာလူး

အာလူးကလည်း ဈေးဆက်တိုက် တက်ပါတယ်။ ဈေးကွက်ထဲ တရုတ်အာလူး က နေ့စဉ် ကားအစီးရေ ၃ စီးလောက်သာ အဝင်ရှိနေပြီး ဝယ်လိုအား နဲ့ ရောင်းလိုအား ကွာနေတဲ့အတွက်ဈေးမြင့်တက်လာလို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်ဈေးကွက်ထဲကို တရုတ်အာလူးသာ အဝင်ရှိပြီး ရှမ်းအာလူးကတော့ အဝင်မရှိတာတွေ့ရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တရုတ်အာလူးက တစ်ပိဿာကို ၇၆၀၀ ရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။ တစ်လအတွင်း တစ်ပိဿာကို ၂၀၀၀ နီးပါးတက်လာပါတယ်။


အောင်ပန်းဈေးကွက်မှာလည်း ရှမ်းအာလူးတွေ ဈေးမြင့်တက်လာပြီး လုပ်ငန်းသုံး အကြော်သီးဆိုဒ်တွေက ပစ္စည်းပြတ်တဲ့အထိ ဖြစ်နေတယ်လို့ အောင်ပန်းဈေးကွက်ကနေ သိရပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ မျက်နီ S1/ OK က ၇၀၀၀ ကျပ်၊မျက်နီ OK က ၆၈၀၀ ကျပ်၊မျက်နီ A1 က ၅၅၀၀ ကျပ်၊A1ဆွဲမျက်နီက ၅၂၀၀ ကျပ် ရှိလာပြီးလုပ်ငန်းသုံး အကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၈၂၀၀ မှ ၈၅၀၀ ကျပ်စျေးပေါက်ပေမယ့်ပစ္စည်းအဝင်မရှိဘဲဖြစ်နေပါတယ်။

မေမီမောင်(AMIA)

 

News

ဆက်စပ်သတင်းများ

December 10, 2024

Myanma Awba App

Install
×