ဝင်ဘာ ၊၄ ၊၂၀၂၄
ယခုနှစ် ၂၀၂၄ - ၂၀၂၅ ခုနှစ် ကြံရာသီမှာ ရှမ်းပြည်နယ်ရှိ သကြားစက်ရုံတစ်ခုကသာ ကြံတစ်တန်ကို ၂၀၀၀၀၀ ကျပ်နဲ့ စျေးစဖွင့်ပြီး ကျန်တဲ့ သကြား စက်ရုံတွေ ကတော့ စျေးတန်းဖွင့်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ရှမ်းပြည်နယ် ရွှေညောင်မြို့ရှိ မြဘုရင်သကြားစက်က စက်ရုံအရောက်စျေး ကြံတစ်တန်ကို ၂၀၀၀၀၀ ကျပ်အဖြစ် နိုဝင်ဘာလ ၂ ရက်နေ့မှာစျေးစဖွင့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ထက် ၅၀၀၀၀ ကျပ်တိုးမြှင့်ကာ စျေးဖွင့်လာတာဖြစ်ပါတယ်။
"အခုတော့ဒီစက်ရုံတစ်ခုပဲစျေးဖွင့်သေးတယ်။မနှစ်ကလည်းမြဘုရင်ကအရင်စျေးဖွင့်တာပဲ။ခုနှစ်က
သကြားစျေးလည်းတော်တော်တက်နေတာလေ ကြံတစ်တန်၂ သိန်းကနေ ၂သိန်းခွဲရမှပြေမှာကိုအခု ၂သိန်းဆိုတော့ မဆိုးဘူးပေါ့" လို့ ကြံစိုက်တောင်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာပြည်တွင်း သကြားစျေးမြင့်တက်လာတာကြောင့် စက်ရုံတွေကလည်း ကြံဝယ်ယူရတဲ့စျေးကို မြင့်တက်ပေးလာတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကြံတစ်တန်ကို ၂၀၀၀၀၀ သိန်း ကျပ်ဆိုတဲ့နှုန်း ထားသည် စက်ရုံအ ရောက်ပို့ဆောင်ရတာဖြစ်ပြီး ကြံစိုက်တောင်သူတွေမှာ ကားခ၊ အလုပ်သမားခအပါအထွေထွေ ကုန်ကျစရိတ် နှုန်း ထားအပါဖြစ်တာကြောင့် ကြံစိုက်တောင်သူအတွက် ကြံတစ်တန်ရောင်းပြီး ကျန်ငွေ က ၁၅၀၀၀၀ ဝန်းကျင်သာရရှိနိုင်တယ်လို့ သိရပါတယ်။
သကြားစက်ရုံ တွေက ကြံဝယ်ယူတဲ့စျေးနှုန်း ဟာစက်ရုံတစ်ခုနဲ့တစ်ခု ပေးတဲ့နှုန်း ထားခြင်းမတူညီ ပေမယ့် စက်ရုံအရောက်ပို့ရတဲ့စနစ်ခြင်းတော့ အတူတူပဲလို့သိရပါတယ်။
ကြံတစ်တန် စျေးမတူတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်းဒုတိယဥက္ကဖြစ်သူဦးဝင်းဌေး ကတော့ "သကြားစက်ရုံတွေပေးတဲ့နှုန်း မတူတာကတော့ သူတို့သကြားကြိတ်ဝါးစွမ်းအားက တစ်ရက်ကိုတန် ၂၀၀၀ နဲ့ ၂၅၀၀ ထွက်တဲ့စက်ရုံအသေးလေးတွေ ကျထုတ်လုပ်မှုကုန်ကျစရိတ်များတော့ တောင်သူကို ပေးတဲ့နူန်းနည်းတယ်။တန်၈၀၀၀နဲ့၁၀၀၀၀ ထွက်တဲ့စက်ရုံကြီးတွေကတော့ထုတ်လုပ်မှုကုန်ကျစရိတ်နည်းတော့ပိုပေးနိုင်တယ်၊ဒီတော့စက်ရုံဧရိယာခြင်းမတူလို့စျေးနှုန်း ကလည်းမတူဘူးဖြစ်နေတာပေါ့ " လို့ဆိုပါတယ်။
မနှစ်ကကြံရာသီမှာ သကြားတစ်ပိဿာကို ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တစ်ပိဿာကို ၃၈၂၀ မှ ၃၈၅၀ ကျပ်ရှိပြီး အခုနှစ်ကြံရာသီမှာတော့တစ်ပိဿာကို ၄၈၀၀ မှ ၅၁၀၀ ကျပ်အထိစျေး တန်းရှိနေ ပါတယ်။
မြန်မာနိုင်ငံမှာ သကြားစက်ပေါင်း ၂၃ ရုံရှိပြီး နှစ်စဥ် ကြံဝယ်ယူတဲ့နှုန်း ထားမတူညီပါဘူး။ ပြီးခဲ့တဲ့နှစ်ကြံ ရာသီမှာ စက်ရုံအချို့က ၁၂၅၀၀၀ မှ ၁၃၀၀၀၀ ကျပ်ပေးပြီး စက်ရုံအချို့က အမြင့် ဆုံး ၁၅၀၀၀၀ကျပ် အထိ စျေးဖွင့်ဝယ်ယူခဲ့ပါတယ်။
ကြံစိုက်တောင်သူတွေအနေနဲ့ကတော့ စက်ရုံတွေဘက်က ကြံဝယ်ယူတဲ့အခါ စျေးနှိမ်ဝယ်ယူ ပါကလည်း ရွေးချယ်ခွင့်မရှိဘဲ ရောင်းချနေရတာကြောင့် ဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။
ချစ်ခွန်းချို(AMIA)