ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-10-23
Share to
အိန္ဒိယက မြန်မာ့မတ်ပဲကို တန်ချိန် ၅ သိန်းအထိတိုးပြီးဝယ်ယူမယ်

အောက်တိုဘာ ၂၃


အိန္ဒိယက လာမယ့်နှစ်ကစပြီး မြန်မာ့မတ်ပဲကို တန်ချိန် ၅ သိန်းအထိတိုးမြှင့်ဝယ်ယူသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကသိရပါတယ်။


ယခင်ချုပ်ဆိုထားတဲ့ အိန္ဒိယ - မြန်မာမတ်ပဲကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာက လာမယ့် ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အဆိုပါစာချုပ်မှာ မတ်ပဲတန်ချိန် ၂.၅သိန်းသာဝယ်ယူဖို့ချုပ်ဆိုထားတာပါ။ 


၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ အသစ်ထပ်ချုပ်မယ့် MOU မှာတော့ အိန္ဒိယကမြန်မာ မတ်ပဲကို တန်ချိန်၂. ၅ သိန်းထပ်မံတိုးပြီး ဝယ်ယူမှာဖြစ်လို့ တန်ချိန် ၅သိန်း အထိအခွန်ကင်းလွတ်နဲ့တင်ပို့ခွင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။


အိန္ဒိယနိုင်ငံရဲ့ လူဦးရေများပြားမှုနဲ့အတူ မတ်ပဲနဲ့ပဲစဥ်းငုံ စိုက်ပျိုးမှု လျော့ကျတာ 
ကြောင့် စားနပ်ရိက္ခာလိုအပ်ချက်များတဲ့အတွက် မြန်မာနိုင်ငံကနေ မတ်ပဲကို တန်ချိန်တိုးမြှင့်ဝယ်ယူလာတာဖြစ်တယ်လို့သိရပါတယ်။


" အိန္ဒိယမှာခုနှစ်လည်းရေတွေကြီးလို့ ပဲစိုက်ခင်းတွေပျက်စီးမှုများတော့မြန်မာကနေ တန်ချိန်တိုးဝယ်တဲ့သဘောပါ။သူတို့ရဲ့စားနပ်ရိက္ခာလိုအပ်ချက်အရ လိုအပ်လာရင်စျေးကိုမြှင့်ပြီးတောင်တိုးဝယ်တတ်တယ်။လိုအပ်ချက်ပြည့်သွားရင် လည်းစျေးကိုချ ပြီးအဝယ်ရပ်တဲ့အကျင့်ရှိတယ်။စာချုပ်ကတော့ထပ်မချုပ်ရသေးပေမယ့် ဝယ်မယ့်ပမာဏတိုးတာတော့ အတည်ပြုပြီးပြီ" လို့ ပဲ၊ပြောင်းကုန်သည်တစ်ဦးကပြောပါတယ်။


ခုလိုမတ်ပဲကို တန်ချိန်သိန်းဂဏန်းအထိထပ်တိုးဝယ်ယူမယ့်အခြေအနေ ကြောင့် လာမယ့်နှစ် မတ်ပဲအသစ်တွေပေါ်ပါကလည်း မတ်ပဲစျေးကွက်ကလက်ရှိစျေးနှုန်း ထက်ကျဆင်းသွားနိုင်တဲ့အခြေအနေမရှိဘူးလို့ကုန်သည်တွေကသုံးသပ် ပါတယ်။


လက်ရှိမှာ မတ်ပဲစျေးက ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲFAQ တစ်တန်ကို ၃၈၀၀၀၀၀ ရှိပြီး နယ်ကုန်စည်ဒိုင်တွေမှာပိဿာ ၂၀ တစ်တင်းကို ၁၂၃၅၀၀ ကျပ်စျေးတန်းရှိနေပါတယ်။


" မတ်ပဲက ၁၂၀၀၀၀ အောက်တော့မကျနိုင်ဘူး။အခုကလက်ကျန်လည်းနည်းသလောက်ဖြစ်နေပြီလေ။တောင်သူကြီးတွေနဲ့သိုလှောင်သူတွေလက်ထဲရှိမယ်။မျိုးရောင်းတာရှိမယ်။အဝယ်ကတော့ရှိတယ်။ခုသီတင်းကျွတ်အပြီး နည်းနည်းပြန်တက်လာတယ်" လို့ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။


လက်ရှိမှာ ယာမြေသမားတွေက မတ်ပဲတွေစတင်စိုက်နေသလို မိုးစပါးအခင်းပျက်စီးသွားတဲ့လယ်တွေနဲ့ စပါးရိတ်သိမ်းပြီး တောင်သူတွေထဲလည်း မတ်ပဲတွေစတင်စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။


လက်ရှိမှာ အိန္ဒိယ- မြန်မာကုန်သွယ်ရေးကဏ္ဍ ငွေပေးချေမှုစနစ်ကိုအမေရိကန် ဒေါ်လာအပြင် ရူပီးတိုက်ရိုက်ပေးချေနိုင်ကြောင်း စီးပွားကူးသန်း ကအသိပေးထားပါတယ်။


မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံကသာအဓိကဝယ်ယူပြီး တင်ပို့ရတာဖြစ်ကြောင်း ၊ မတ်ပဲစျေးအတက်အကျဟာ အိန္ဒိယနိုင်ငံရဲ့ဝယ်လိုအားနဲ့နိုင်ငံခြားငွေကြေးစျေးကွက်အတက်အကျပေါ်လည်းမူတည်တယ်လို့သိရပါတယ်။


ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

Myanma Awba App

Install
×