အောက်တိုဘာ ၂၁
ကြက်သွန်နီကို ဝယ်လက်အစုံကနေ ဝယ်လိုအားကောင်းနေတာကြောင့် နယ်ရော ရန်ကုန်မှာပါ ကြက်သွန်နီ စျေးကွက်မြင့်လာတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။
ကြက်သွန်နီကို ပြည်ပကလည်း ဝယ်လိုအားကောင်းတဲ့အတွက် Export အရည်အသွေးမှီတဲ့ အရည် အသွေး ကောင်းကြက်သွန်နီတွေကစျေးကောင်းပိုရပြီး ပြည်တွင်း သုံးအရည်အသွေး ရှိကြက်သွန် နဲ့အညံ့စ တွေလည်း အရောင်းအဝယ်ဖြစ်ပြီးစျေးမြင့်တက်လာတယ်လို့သိရပါတယ်။
"ပစ္စည်း ညံ့တာကတောင်အရင်နေ့က ဈေးနှုန်း ထက် တက်ရောင်းရတယ်။ ပစ္စည်းကောင်းတာ ကစျေးပိုရတယ်။ ပစ္စည်းအရည်အသွေးအလိုက်စျေးနှုန်းကွာဟတယ်။ ဒီအချိန်မှာ Export quality မှီ တဲ့ ပစ္စည်းတွေကိုဈေး ကောင်းကောင်း ပေးပြီး အမိအရ ဝယ်ကြတယ်။ နွေကြက်သွန်က အလုအယက်ကို ဝယ်ကြတယ်။"လို့မြင်းခြံမှကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူကပြောပါတယ်။
မြင်းခြံမြို့ပေါ် ရှိ ကြက်သွန်သိုလှောင်ရုံတွေမှာ ကြက်သွန်လက်ကျန်နည်းလာနေသလို ပခုက္ကူမြို့က သိုလှောင်ရုံတွေမှာလည်း လက်ကျန်ကြက်သွန်နီကုန်ချိန်ပိဿာ ၈ သိန်းလောက်သာရှိ တော့တဲ့အတွက် ကြောင့် လည်း ကြက်သွန်စျေးက မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိပခုက္ကူပွဲရုံစျေးကွက် ဆိုရင် ကြက်သွန်နီကအမြင့်ဆုံး တစ်ပိဿာကို ၃၁၀၀ ကျပ်အထိ စျေးမြင့်တက်လာနေသလို မြင်းခြံမှာဆိုရင်လည်း ကြက်သွန်နီက ၂၄၀၀ ကနေ ၃၀၀၀ ကျပ်အထိ စျေးတန်းရှိ လာတယ်လို့သိရပါတယ်။
" တောင်သူတွေကလည်း စျေးကိုထပ်စောင့်နေတဲ့သဘောရှိတယ်။ကုန်စည်ဒိုင်ကို ကြက်သွန်အဝင်က ထောင်ဂဏန်းနဲ့ တစ်သောင်းကျော် လောက်ပဲရှိတယ်။ဝင်သမျှအကုန်ပြတ်တယ်။အရင်ရက်က ရက်ဆိုင်းနဲ့ ကို ၃၀၀၀ စျေးရှိတယ်။ဒီနေ့တော့၃၁၀၀ ထိပေါက်တယ်။ပြည်ပပို့ဖို့က အရောင်နဲ့ အရည် အသွေး ကောင်းမှရတယ်" လို့ ပခုက္ကူမြို့နယ် ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦး ကပြော ပါတယ်။
နယ်ကုန်စည်ဒိုင်တွေမှာ ကြက်သွန်ကားတွေအဝင်နည်းသလို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကိုလည်း ကြက်သွန်ကားအဝင်နည်းပြီး စျေးကတက်ရိပ်ပြပေမယ့် မိုးသည်းနေတဲ့အခြေအနေတွေနဲ့ ကားတွေ ထွက်ဖို့ခက် တဲ့အခြေနေတွေကြောင့် အရောင်းအဝယ်အေးတယ်လို့သိရပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အောက်တိုဘာ ၂၁ ရက်နေ့က ဆိပ်ဖြူနဲ့မြင်းခြံကြက်သွန်ကို သာစျေးတန်းဖွင့်ထား ပြီး ဆိပ်ဖြူက ၁၅၀၀ မှ ၃၀၀၀ ကျပ်၊မြင်းခြံကြက်သွန်က ၁၆၀၀ မှ ၃၁၀၀ ကျပ်ရှိနေပါတယ်။
လက်ရှိမှာတော့ကုန်စည်ဒိုင်တွေကို နွေကြက်သွန်နီတွေသာ ဝင်ရောက်မှုအများဆုံးရှိပြီး မိုးကြက်သွန်နီ ဝင်ရောက် မှုက အလွန်နည်းကြောင်း ၊စျေးတန်းအနေနဲ့က၁၃၀၀ မှ ၁၅၀၀ ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။
ချစ်ခွန်းချို(AMIA)