ဆားရည်စိမ်၍ မျိုးစပါးရွေးချယ်နည်း

ဆားရည်စိမ်၍ မျိုးစပါးရွေးချယ်နည်း

မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်ရန် ပေါင်းမျိုးစေ့များ၊ အဖျင်းအမှော်များကို ဖယ်ရှားရန်အတွက် မစိုက်ခင်တွင် မျိုးစေ့ ဆားရည်စိမ်ခြင်းကို ပြုလုပ်ပေးသင့်ပါသည်။ အောက်ဖော်ပြပါ စပါးစေ့ရေမြုပ်စစ်ဆေးနည်းသည် မျိုးကောင်းနှင့် မျိုးညံ့ကို ခွဲခြားပေးရန်အတွက် အလွန်အထောက်အကူဖြစ်စေသည်။

မျိုးစေ့ရေစိမ် စစ်ဆေးနည်းကိုသုံးပြီး မျိုးစေ့ကောင်းရွေးချယ်နည်း
ပထမဆုံး ပုံးတစ်ခုထဲသို့ သန့်စင်သောရေကို ထည့်ပါ။

ရေကို သိပ်သည်းဆ များစေရန်အတွက် ဆားထည့်ပေးပါ။ (ရေ ၁ဂါလံအတွက် ဆား ၅၀ ကျပ်သား ထည့်ပေးပါ)

ကြက်ဥတစ်လုံး ရေပေါ်တွင် ပေါ်နိုင်သည့်အထိ ဆားထည့်ပေးရန် လိုအပ်ပါသည်။

ရေထဲသို့ စပါးမျိုးစေ့များထည့်ပြီး လက်နဲ့သမအောင် မွှေပါ။ ခဏကြာတဲ့အခါ အနာအဆာပါသည့် အဖျင်းအမှော် မျိုးစေ့များဟာ ရေပေါ်တွင် ပေါ်လာမည်ဖြစ်သည်။

ကောင်းမွန်သည့် မျိုးစေ့များသည် ရေပုံး၏အောက်ခြေတွင် စုနေပါလိမ့်မည်။

အနာအဆာရှိတဲ့ မျိုးစေ့များကို ဖယ်ရှားပြီးတဲ့အခါ မျိုးစေ့အကောင်းများကို ရေအသန့်နဲ့ ၃ထပ် ၄ထပ်လောက် ပြန်ဆေးပေးဖို့ လိုအပ်ပါသည်။

အကျိုးကျေးဇူးများ
စပါးအပင်ပေါက်နှုန်း ကောင်းမွန်ပြီး အပင်ပေါက်စုံစေခြင်း၊

အပင်ပေါက်ညီကာ လေဝင်လေထွက်ပိုမိုကောင်းမွန်ခြင်း၊

မျိုးစေ့ဆောင်ရောဂါဖြစ်ပွားမှုကို လျော့ချနိုင်ခြင်း၊

ပျိုးပင်သန်မာခြင်းကြောင့် ပိုးမွှားရောဂါဒဏ် ပိုမိုခံနိုင်ရှိလာခြင်း၊

ပေါင်းမျိုးစေ့များ ဖယ်ရှားနိုင်သောကြောင့် စပါးပျိုးပင်များ အာဟာရဓာတ် ပိုမိုရရှိနိုင်ပြီး စပါးအထွက်နှုန်းကို သိသာစွာ တိုးစေပါသည်။