အပင်ပေါက်လေးတွေရဲ့ ရန်သူ – ခါးရိရောဂါ

 သီးနှံစိုက်ပျိုးသူ တောင်သူဦးကြီးများအနေနဲ့  အစေ့လေးတွေ အညှောက်ပေါက်လာလို့ ဝမ်းသာနေချိန်မှာပဲ ရုတ်တရက် အပင်လေးတွေ ပျော့ခွေပြီး သေဆုံးသွားတာမျိုး ကြုံဖူးကြပါသလား။

အဲဒါကတော့ ဥယျာဉ်စိုက်ပျိုးသူတိုင်း အလွန်ကြောက်ရသည့် “Damping Off” လို့ခေါ်တဲ့ ခါးရိရောဂါ ပဲ ဖြစ်ပါတယ်။

ခါးရိရောဂါ ဆိုတာ ဘာလဲ?

၎င်းသည် မြေကြီးထဲတွင် ပုန်းကွယ်နေတတ်သည့် ဖိုက်သီရမ်, ဖျူစေရီယမ် သို့မဟုတ် ရိုင်ဇိုတိုးနီးရား ကဲ့သို့သော မှိုမျိုးစိတ်များကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အပင်၏ ထွက်ပေါ်ကာစ ပင်စည်ပျော့လေးသည် မြေကြီးနှင့် ထိစပ်နေသည့်နေရာတွင် ရုတ်တရက် ပျော့ပျောင်းသွားပြီး အပင်လေးသည် အောက်ကို ငိုက်ကျသွားတတ်သည်။ အပင်အပေါ်ပိုင်းက စိမ်းနေသော်လည်း ပင်စည်မှာ အာဟာရစုပ်ယူမှု ပြတ်တောက်သွားသည့်အတွက် အသက်ရှင်ရန် မဖြစ်နိုင်တော့ပါ။

ဘာကြောင့် ဖြစ်ပွားရတာလဲ?

 အစိုဓာတ်များလွန်းခြင်း၊ လေဝင်လေထွက် မကောင်းခြင်း အပင်ကြပ်ခြင်းနှင့် ရာသီဥတု မမှန်ခြင်းတို့ကြောင့် ဖြစ်ပွားရတာ ဖြစ်ပါတယ်။

အထူးသဖြင့် ပျိုးဗန်းများအတွင်း အပင်များ ကျပ်သိပ်နေခြင်းနှင့် ရေလောင်းလွန်းခြင်းသည် မှိုရောဂါအတွက် အကောင်းဆုံး ပေါက်ဖွားရာနေရာ ဖြစ်လာတတ်ပါတယ်။

ဘယ်လို ကာကွယ်မလဲ?

စိုက်ပျိုးရေးပညာရှင်တစ်ယောက်အနေဖြင့် အောက်ပါနည်းလမ်းများကို အကြံပြုလိုပါတယ် –

၁။ ပျိုးဗန်း/ ပျိုးထုပ်များကို အသုံးပြုပြီးတိုင်း ပစ္စည်းကိရိယာများကို သေချာဆေးကြောသန့်စင်ပါ။

၂။ ပျိုးထုပ်စီးရာတွင် မြေကြီးဟောင်းများကို မသုံးပါနှင့်။ ရောဂါကင်းစင်သော ပျိုးမြေ ကိုသာ သုံးစွဲခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။

၃။  အပင်လေးများ အညှောက်ပေါက်လာသည်နှင့်  အပင်ပေါက်လေးများကို ပတ်လည် လေဝင်လေထွက်ရှိအောင် ပြုလုပ်ပေးပါ။

၄။ အပင် အပေါ်မှ ရေလောင်းမည့်အစား  အောက်ခြေအနားကပ်၍ ရေလောင်းပေးပါ

နိဂုံးချုပ်အနေဖြင့်… ခါးရိရောဂါ ဖြစ်ပွားသွားပြီဆိုလျှင် ထိုအပင်လေးများကို ကယ်တင်ရန် အလွန်ခက်ခဲပါသည်။

ထို့ကြောင့် ကုသခြင်းထက် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

သင်၏ ပျိုးပင်လေးများကို စနစ်တကျ ပြုစုပေးခြင်းဖြင့် ကျန်းမာသန်စွမ်းသည့် အပင်များကို ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာဖြစ်ပါသည်။