မြေပဲ ဘာ့ကြောင့် ဥအုနည်းရခြင်း အကြောင်းအရင်းများ
မြေပဲ အထွက်ကောင်းဖို့ နုန်းမြေနဲ့နုန်းဆန်တဲ့ မြေစေး ကိုပိုကြိုက်ပါတယ်။ မိုးရေချိန် ၃၀၀-၄၀၀ မီလီမီတာ ရွာသွန်းတဲ့ ဒေသဆိုရင် အထွက်ကောင်းတယ်။
မြေပဲမြစ်ဟာ မြေအစို ဓာတ်နည်းရင် မြေထဲကို နက်နက် ဆင်းလေ့ရှိတယ်။
ပင်ပြန့်မြေပဲဟာ အနက် ၂၈၀ စင်တီမီတာဆင်းနိုင်ပြီး ပင်ထောင် မြေပဲဟာ ၁၇၀ စင်တီမီတာ ဆင်းနိုင်ပါတယ်။
ပန်း ပွင့်ချိန်၊ အပင်ပိုင်း ကြီးထွားချိန်၊ အစေ့တည်ချိန်တို့မှာ မြေတွင်း အစိုဓာတ်ပြတ်ရင် ပန်းပွင့်မှု နည်းပြီး အထွက်ကျ စေတယ်။
မြေပဲဟာ သာမန် အားဖြင့် အမြစ်မှ အုတယ်လို့ ထင်ရပါတယ်။ သို့သော် မြေပေါ်မှာ မြေပဲ အဆစ်တွေကနေ ပန်းပွင့်ပြီး သန္ဓေ အောင်တယ်။
နောက်ပွင့်တန်မှတစ်ဆင့် မြေပဲစွယ်ဖြစ်လာ တယ်။
ထိုစွယ်ဟာ မြေပဲတောင့်ဖြစ်ဖို့ မြေအစိုဓာတ် နဲ့ အမှောင်ထုလိုအပ်တဲ့အတွက် မြေကြီးထဲ တိုးဝင်တယ်။
မြေကြီးထဲကို ၁ ဒသမ ၅ စင်တီမီတာ တိုးဝင်ပြီး ပါကမြေပဲတောင့်စဖြစ်တယ်။
မြေပဲစွယ်ချ ချိန်မှ မြေတွင်းအစိုဓာတ်မရှိရင် မြေပဲစွယ်နဲ့မြေကြီးနဲ့ မထိရင်အဲဒီစွယ်ဟာ ကန်းသွားပြီးမြေပဲကောင်း မဖြစ်လာနိုင်တော့ပါ။
မြေပဲသည် ၂၅-၃၀ ရက် သားတွင် စပွင့်ပါတယ်။ ၆-၁၁ ပတ်အတွင်း အများဆုံးပွင့် တယ်။
မြေပဲပန်းဝတ်မှုန်များဟာ နံနက် ၃နာရီမှ စတင်နိုး ကြားပြီး နံနက် ၅ နာရီမှ ၇ နာရီအတွင်း ဝတ်မှုန်ကူးတယ်။ သန္ဓေအောင်ပြီး မြေပဲစွယ် ဖြစ်တယ်။
မြေပဲ ပွင့်သမျှ အပွင့်များအနက် ၅၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းသာ စွယ်ဖြစ်တယ်။
ပင်ပြန့်မြေပဲမှာ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသာ စွယ်ဖြစ်တယ်။
ဖြစ်လာသော စွယ်များထဲမှ ၇ ရာခိုင်နှုန်းမှ ၁၄ရာခိုင်နှုန်းသာ မြေပဲတောင့်ဖြစ်လာတယ်။
ဖြစ်လာတဲ့ မြေပဲတောင့်များအနက် ၆၆ ရာခိုင်နှုန်းသာ အောင်တောင့်ဖြစ်တာတွေ့ရတယ်။
ဒါ့ကြောင့် မြေပဲဟာ သူ့သဘာဝကိုက မြေပဲအောင်တောင့်ရဖို့အခွင့် အလမ်းနည်းတာကို တွေ့ရတယ်။
ဒါကြောင့် မြေပဲအောင် တောင့်များများရရှိစေဖို့ အခြေအနေတွေ ကို လူတို့က ဖန်တီးလုပ်ဆောင်စီမံပေးဖို့ လိုအပ်ပါတယ်။
မြေပဲကို ကနဦး စိုက်ချိန်မှန် အောင် ဂရုစိုက်ပြီး စိုက်ပျိုးရမယ်။
မြေပဲစိုက်ဖို့ ထယ်ရေးပြုပြင် တဲ့အခါမှာ ထယ်ရေးကို ညက်နေအောင် ပြုပြင်ဖို့လိုပါတယ်။
ထယ်ရေးမကောင်းရင် မြေပဲစွယ်များဟာ မြေတွင်းသို့ လွယ်လွယ် ထိုးဖောက်ပြီး မဆင်းနိုင်လျင် မြေပဲ မဥနိုင်ပါဘူး။
မြေပဲစိုက်တဲ့အခါမှာ မျိုးစေ့နှုန်းထားမှန်အောင် စိုက်ဖို့လိုတယ်။ မျိုးစေ့နှုန်းထား နည်းရင် အပင်ပေါက်နည်းမယ်။
မျိုးစေ့နှုန်းထားများရင်အပင်ကြပ်ပြီးမြေပဲစွယ် မဆင်းနိုင်တော့ဘူး။
မြေပဲမျိုးစေ့ချတဲ့အခါမှာလည်း တစ်ကျင်းနဲ့တစ်ကျင်း၊ တစ်တန်းနဲ့တစ်တန်း၊ ပင်
ကြားတန်းကြားမှန်ဖို့လိုတယ်။
ပင်ကြား တန်းကြား မမှန်ရင် မြေပဲ စွယ်ဆင်းမှုကို ထိခိုက်စေမယ်။
ပြီးရင် ပေါင်းမြက်ကို မှန်မှန်ရှင်းပေးရမယ်။
ပေါင်းမြက် ထူနေရင် အပင်ကြပ်ပြီး စွယ်ဆင်းဖို့ အနှောင့်အယှက် ဖြစ်မယ်။
စွယ်တွေမြေတွင်း ထိုးဆင်းမယ့်အချိန်နဲ့ မြေပဲ ပင်ခြေကို ပေါင်းတင်ပေးဖို့ အချိန်ကိုက်ဖြစ်ဖို့ လိုပါတယ်။
မြေပဲစွယ်မဆင်းမီ တစ်ပတ်လောက်ကတည်း က ပေါင်းမြက်ရှင်းရင်း မြေပဲပင်ခြေကို မြေပဲ စွယ် အတွက် ဘောင်တင်ပေးဖို့လိုပါတယ်။
ဘောင်ထပ်မပေးရင် စွယ်ကန်းသွားမှာဖြစ်ပါတယ်။
သိပ်နောက် ကျမှထွက်တဲ့ မြေပဲစွယ်တွေအောင်မြင်ဖို့ ရည်ရွယ်ပြီး ဘောင်ထပ်ခြင်း မပြုလုပ်ဖို့လိုပါတယ်။
ဘာ့ကြောင့် လည်းဆိုတော့ ရှေ့ကထွက်ပြီး အောင်မြင်နေတဲ့စွယ်တွေကို ထိခိုက်မှာစိုးတဲ့အတွက်ပါဘဲ
မြေပဲစွယ်ဟာ မြေတွင်းထိုးဝင်ပြီး လိုအပ်တဲ့ အနက်ရောက်ရင် ထိုးဝင်မှု ရပ်ဆိုင်းသွားပါတယ်။ စွယ်ထိပ်မှာ မြေပဲ တောင့် စတင်ဖြစ်ပေါ်ပါတယ်
မြေပဲတောင့် စတင်ကြီးထွားဖို့အတွက် ကယ်လ်စီယမ်ဓာတ် လိုအပ်ပါ တယ်။
မြေပဲတောင့်ဟာ သူကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကို မြေထဲကနေ တိုက်ရိုက်စုပ်ယူပါတယ်။
ကယ်လ်စီယမ်ဓာတ် နည်းရင်တော့ မြေပဲအောင်တောင့်ဖြစ်မှု နည်းစေပါတယ်။
ဒါ့ကြောင့် မြေပဲစိုက်ခင်း မြေပြင်ချိန်မှာ တစ်ကြိမ်၊ ပေါင်းမြက်ရှင်း ဘောင်ထပ်ချိန်မှာတစ်ကြိမ် ကယ်လ်စီယမ်ပါတဲ့ မြေသြဇာ၊ သို့မဟုတ် ဂျစ်ပဆန် ကျောက်မှုန့်မြေသြဇာကို အစုံအပေါက် ထည့်ပေးဖို့ လိုပါတယ်။ အဓိက သတိပြုရမှာကတော့ စွယ်ဆင်း ချိန်မှာ မြေတွင်းအစို ဓာတ်အလုံအလောက်ရှိဖို့ အရေးကြီးပါတယ်။
အောင်ဆန်း (စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်
