ကြက်သွန်သီးနှံအာဟာရလမ်းညွှန်

ကြက်သွန်နီ သီးနှံ စိုက်ပျိုးရာတွင် အပင်ကြီးထွား ဖွံ့ဖြိုးပြီး အရည်အသွေး ကောင်းမွန်သော အထွက်နှုန်း ရရှိရန်အတွက် အာဟာရဓာတ် စီမံခန့်ခွဲမှု သည် အလွန် အရေးကြီးပါသည်။ ကြက်သွန်နီသည် အမြစ်စနစ် တိမ်ပြီး (အမြစ်တို) ကျယ်ပြန့်မှု အားနည်း သောကြောင့်) မြေဆီလွှာတွင်းရှိ အာဟာရဓာတ်များကို ထိရောက်စွာ စုပ်ယူနိုင်ရန် အာဟာရနှင့် မြေဩဇာကို နည်းစနစ်တကျ ကျွေးပေးရန် လိုအပ်ပါသည်။
မြေဆီလွှာ ပြုပြင်ခြင်းနှင့် သဘာဝမြေဩဇာ ထည့်သွင်းခြင်း
ကြက်သွန်နီ၏ အမြစ်စနစ်သည် ဇီဝကမ္မဗေဒအရ မြေဆီလွှာ မျက်နှာပြင် အထက်ပိုင်း၌သာ အဓိက သက်ဝင် လှုပ်ရှားသဖြင့် အပေါ်ယံမြေဆီလွှာသည် သီးနှံ ဖြစ်ထွန်းမှုအတွက် အဆုံးအဖြတ် ဖြစ်ပါသည်။
မြေဆီလွှာ အချဉ်အငန်ဓာတ် (Soil pH): ကြက်သွန်နီသည် pH 6 မှ 6.8 အတွင်းရှိသော မြေဆီလွှာတွင် အာဟာရဓာတ်များကို အကောင်းဆုံး စုပ်ယူနိုင်ပါသည်။ မြေအလွန်ချဉ်ပါက (pH 5.5အောက်) ကယ်လ်ဆီယမ်၊ ဖော့စဖရပ်နှင့် မဂ္ဂနီဆီယမ်ဓာတ် စုပ်ယူနိုင်စွမ်း သိသိသာသာ ကျဆင်းသွားတတ်ပါသည်။
သဘာဝမြေဩဇာ (Organic Matter): နွားချေးမြေဆွေး သို့မဟုတ် သစ်စိမ်းမြေဩဇာများကို မြေပြင်ချိန်တွင် ကြိုတင်ထည့်သွင်းပေးခြင်းဖြင့် မြေကြီး၏ အစိုဓာတ် ထိန်းသိမ်းနိုင်စွမ်းကို တိုးတက်စေပြီး အမြစ်များ အာဟာရ စုပ်ယူရလွယ်ကူအောင် ကူညီပေးပါသည်။
(က) အဓိကလိုအပ်သောအာဟာရဓာတ်များ (Macronutrients)
နိုက်ထရိုဂျင် (N – Nitrogen):
အရွက် ကြီးထွားမှုကို အဓိက အားပေးပြီး အပင် စိမ်းစိုစေရန်နှင့် ကြက်သွန်ပင်သက်တမ်းအစောပိုင်း အပင် ဖြစ်ထွန်းမှုကို အထောက်အကူပြုသည်။ သို့သော် ပန်းပွင့်ချိန်နှင့် ဥစတင်ဖြစ်ပေါ်ချိန်တွင် နိုက်ထရိုဂျင် ပိုလျှံပါက အရွက်သာ အလွန်အမင်း ကြီးထွားပြီး ဥဆင်းချိန် နောက်ကျခြင်း၊ ဥအရည်အသွေး ညံ့ခြင်းနှင့် မှိုရောဂါ ကျလွယ်ခြင်းတို့ ဖြစ်စေနိုင်သည်။
ဖော့စဖရပ် (P – Phosphorus):
အမြစ်စနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးရန်၊ ပန်းပွင့်နှင့် ဥစတင်ဖြစ်ထွန်းမှုကို အားပေးသည်။ အပင်ငယ်စဉ် အမြစ်တွယ်အား ကောင်းမွန်စေရန်အတွက် ဖော့စဖရပ်ဓာတ် လုံလောက်စွာ လိုအပ်သည်။
ပိုတက်ဆီယမ် (K – Potassium):
ကြက်သွန်နီ သီးနှံအတွက် အရေးအကြီးဆုံး အာဟာရဓာတ် ဖြစ်သည်။ ဥအရွယ်အစား ကြီးထွားခြင်း၊ အလေးချိန် ပြည့်ဝခြင်း၊ အခွံမာခြင်း၊ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ် (ရေငတ်ဒဏ်၊ အပူဒဏ်) ခံနိုင်ရည်ရှိခြင်းတို့ကို ဖြစ်စေသည်။
(ခ) ဒုတိယမြောက် လိုအပ်သော အာဟာရဓာတ်များ (Secondary Nutrients)
ဆာလဖာ (S – Sulfur):
ကြက်သွန်တွင် အထူးအရေးပါသော ဓာတ်တစ်မျိုးဖြစ်သည်။ ဆာလဖာသည် ကြက်သွန်၏ ထူးခြားသော အနံ့အရသာ (Allicin ကဲ့သို့သော ဓာတ်များ) ကို ဖြစ်ပေါ်စေပြီး ဥအရည်အသွေးနှင့် အခွံအရောင် တောက်ပြောင်မှုကို အားပေးသည်။
ကယ်လ်ဆီယမ် (Ca – Calcium):
ဆဲလ်နံရံများကို ကြံ့ခိုင်စေပြီး ဥပုပ်ခြင်းနှင့် ဥပျော့သွားခြင်းတို့ကို ကာကွယ်ပေးသည်။
မဂ္ဂနီဆီယမ် (Mg – Magnesium):
ကလောရိုဖီးလ် (ရွက်စိမ်းဓာတ်) ဖြစ်ပေါ်ရေးအတွက် မရှိမဖြစ် လိုအပ်ပြီး အလင်းမှီစု အာဟာရဖြစ်စဉ်ကို အဓိက အထောက်အကူပြုသည်။ မဂ္ဂနီဆီယမ် လျော့နည်းပါက ရွက်ရင့်များ၏ ကြောကြားများ အဝါရောင်ပြောင်းကာ အထွက်နှုန်း ထိခိုက်နိုင်သည်။
(ဂ) အနည်းလို အာဟာရဓာတ်များ (Micronutrients)
ဘိုရွန် (B – Boron) နှင့် ဇင့် (Zn – Zinc): ဥအတွင်းပိုင်း အရည်အသွေး ကောင်းမွန်စေရန်၊ အာဟာရ စုပ်ယူမှုကို အထောက်အကူပြုရန်နှင့် အပင် ကြီးထွားမှု ပုံမှန်ဖြစ်စေရန် နည်းပါးသော ပမာဏမျှ လိုအပ်ပါသည်။

ဂရုပြုရမည့် အချက်များ

နိုက်ထရိုဂျင် လွန်ကဲမှု အန္တရာယ်: ကြက်သွန် ဥကြီးထွားချိန်တွင် နိုက်ထရိုဂျင် လွန်ကဲစွာ ပေးမိပါက “လည်ပင်းတုတ်/လည်ပင်းတို”သောဥများ (Thick-necked bulbs) ဖြစ်ပေါ်ပြီး အရွက်များ အရမ်းသန်ကာ ဥဆင်းချိန် နောက်ကျတတ်ပါသည်။ ထို့ပြင် သိမ်းဆည်းထားစဉ်အတွင်း အလွယ်တကူ ပုပ်သိုး ပျက်စီးတတ်ပါသည်။
ရေသွင်းရေထုတ်နှင့် အာဟာရ စုပ်ယူမှု သက်ရောက်မှု: မြေကြီး ရေဝပ်ပါက အမြစ်များ အောက်ဆီဂျင် ပြတ်လပ်၍ ပုပ်ကာ အာဟာရ မစုပ်ယူနိုင်တော့ပါ။ တစ်ဖက်တွင်လည်း မြေကြီး လွန်ကဲစွာ ရေငတ်ပါက ပိုတက်ဆီယမ်နှင့် ဘိုရွန်ဓာတ် စုပ်ယူမှု ရပ်ဆိုင်းသွားသဖြင့် ရေသွင်းရလွယ်ကူပြီး ရေထုတ် ကောင်းမွန်သော စနစ်ကို ကျင့်သုံးရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။