စပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါ (Bacterial Leaf Blight) ကာကွယ်နှိမ်နင်းနည်း
စပါးစိုက်ပျိုးရာတွင် Xanthomonas oryzae pv. oryzae ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည့် “ရွက်ခြောက်ရောဂါ” သည် အထွက်နှုန်းကို သိသိသာသာ လျော့ကျစေသည့် ရောဂါတစ်ခုဖြစ်သည်။ စပါးပင်၏ အစာကြောနှင့် ရေကြောများကို ပိတ်ဆို့ဖျက်ဆီးတတ်သဖြင့် စနစ်တကျ ကြိုတင်ကာကွယ်ရန် အလွန်အရေးကြီးသည်။
၁။ ရောဂါဖြစ်ပွားမှု လက္ခဏာများ
စပါးခင်းတွင် အောက်ပါလက္ခဏာများကို သတိပြုစစ်ဆေးပါ –
-
ရွှေ့စိုက်ပြီး ၂-၄ ပတ်အတွင်း အပင်ရိခြင်း၊ အရွက်ဖျားနှင့် ရွက်နားများတွင် ရေစိုနာကွက်များ ဖြစ်ပေါ်ကာ အရွက်များ ဝါခြောက်သွားခြင်း။
-
အရွက်ဖျားမှ ရွက်လယ်ကြောဆီသို့ V- ပုံသဏ္ဍာန် လှိုင်းတွန့်များ ဖြစ်ပေါ်ပြီး ကောက်ရိုးခြောက်ရောင် ဖြစ်လာခြင်း။
-
အပေါ်ရွက်များတွင် ရောဂါပိုမိုတွေ့ရပြီး ဘက်တီးရီးယားက အပင်၏ အစာကြော၊ ရေကြောများကို ပိတ်ဆို့လိုက်သည့်အတွက် အပင်တစ်ခုလုံး ဝါညှိုးသွားတတ်သည်။
ရောဂါပိုမိုဖြစ်ပွားစေသော အကြောင်းရင်းများ:
-
စပါးအရွက်များတွင် ဒဏ်ရာရခြင်း (ဥပမာ – ရေသွင်းရေထုတ် လုပ်ရာတွင် ထိခိုက်ခြင်း)။
-
နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာကို အလွန်အကျွံ သုံးစွဲခြင်း။
-
အပင်အာဟာရ ချို့တဲ့ခြင်း။
၂။ ကာကွယ်နှိမ်နင်းနည်းလမ်းများ
(က) စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်ခြင်း (Cultural Control)
-
ဘက်တီးရီးယား ရွက်ခြောက်ရောဂါဒဏ် ခံနိုင်သော စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးပါ။
-
ရောဂါကျဖူးသည့် စိုက်ခင်းများတွင် သီးလှည့်စိုက်ပျိုးခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ကို လုပ်ဆောင်ပါ။
-
စပါးမစိုက်မီ တမန်းပြင်ချိန်တွင် ပိုတက်စီယမ်ဓာတ်မြေဩဇာ၊ စက်ဖွဲပြာ၊ တီစူပါ တို့ကို အသုံးပြုပါ။ နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာကို လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
-
ကောက်ကွက်များကို လိုအပ်သည်ထက် ပို၍ စိပ်စိပ်မစိုက်ပါနှင့်။
(ခ) ဓာတုနည်းလမ်းဖြင့် ကာကွယ်ခြင်း (Chemical Control)
-
ရောဂါဖြစ်မှ ဆေးသုံးခြင်းထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါသည်။
-
ဘက်တီးရီးယားရောဂါများအတွက် ထိရောက်သော ဘီလီယံ (Billion)၊ ကာဆူဂါ (Kasuga)၊ သို့မဟုတ် ကျူပရောက်ဆက် (Cuproset) ကဲ့သို့သော ဆေးများကို စနစ်တကျ အသုံးပြုနိုင်ပါသည်။
နိဂုံးချုပ်
စပါးရွက်ခြောက်ရောဂါသည် ကြိုတင်ကာကွယ်ခြင်းဖြင့် ထိန်းချုပ်နိုင်သည့် ရောဂါဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုနှင့် လိုအပ်သည့် မြေဩဇာများ အချိုးကျထည့်သွင်းခြင်းသည် ရောဂါဒဏ်ခံနိုင်ရည်ရှိစေရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
မိမိစိုက်ခင်းတွင် ရောဂါလက္ခဏာများ တွေ့ရှိနေပါက စနစ်တကျ ဆေးဝါးသုံးစွဲနည်းများနှင့် အသေးစိတ် အကြံဉာဏ်များရယူရန် Myanma Awba Facebook Page သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ။
