အာလူးနှောင်းပင်ကျနာ (လောင်မဲ) ရောဂါ
ရောဂါဖြစ်ပွားလေ့ရှိသည့် ဒေသ
မိုးတွင်းအာလူးစိုက်ပျိုးသည့် တောင်ပေါ်ဒေသများတွင် နှစ်စဉ် အာလူးနှောင်းပင်နာကျ လောင်မည်းရောဂါ ပုံမှန်ကျရောက်လေ့ရှိပါသည်။
မိုးများသည့်နှစ်များ၌ ခင်းလုံးကျွတ်သေကြေပျက်စီးနိုင်ပါသည်။ မြေပြန့်ဒေသတွင်မူ အချိန်အခါမဲ့ မိုးရွာသွန်းလျှင်သော်လည်းကောင်း၊ စိုထိုင်းဆများသည့်ကာလတွင်လည်းကောင်း ဤရောဂါဖြစ်ပေါ်တတ်ပါသည်။
ရောဂါပင်ပြလက္ခဏာ
ရောဂါဖြစ်စေသက်ရှိမှာ Phytophthora infestans ဖြစ်ပြီးအာလူးပင်မြေပေါ် အစိတ်အပိုင်းအားလုံးနှင့် မြေအောက်အာလူးသီးတွင်လည်း ရောဂါလက္ခဏာတွေ့ရ သည်။
အောက်ရွက်၏အနား (သို့မဟုတ်) အဖျားတွင် ရေစိုနာကွက်စတင်ဖြစ်ပေါ်ပြီး ရက်အနည်းငယ်အတွင်းညိုမည်း (သို့မဟုတ်) အမည်း (သို့မဟုတ်) ခရမ်းမည်းရောင်အကွက်ကြီး ဖြစ်ပေါ်လာသည်။
အနာကွက်ပတ်လည်တွင် စိမ်းဖျော့ (သို့မဟုတ်) အဝါရောင်တွေ့ရှိရပြီး ရာသီဥတုစွတ်စိုအေးမြပါက အနာကွက်ပတ်လည် တွင် အဖြူရောင်မှိုမျှင်နုများကို တွေ့ရသည်။ အထူးသဖြင့် အရွက်အောက်မျက်နှာပြင်ရှိ အနာကွက်ပတ်လည် တွင် မြင်သာပြီး စွတ်စိုအေးမြမှု အချိန်ကြာမြင့်ပါက အပေါ်မျက်နှာပြင်၏ အနာကွက်ပတ်လည်တွင်လည်း မြင်တွေ့နိုင်သည်။
စွတ်စိုမှု အချိန်ကြာသည်နှင့်အမျှ အနာကွက်သည်တစ်ရွက်လုံးသို့ ပျံ့နှံ့သွားပြီး ရွက်ညှာမှ တဆင့် အကိုင်း၊ ပင်စည်သို့ ကူးစက်ပျံ့နှံ့ကာ တစ်ပင်လုံးအမည်းရောင်ပြောင်းကာ သေဆုံးသွားသည်။ ၎င်းမှတစ်ဆင့် အာလူးသီးသို့ ရောဂါကူးစက်သွားပြီး အညိုရောင်အနာချိုင့်ခွက်များ ဖြစ်ပေါ်ကာ ပုပ်ဆွေးသွားသည်။
ကာကွယ်နှိမ်နင်းနည်းများ
- ခံနိုင်ရည်ရှိမျိုးများ ပြောင်းလဲစိုက်ပျိုးပါ။
- မှိုသတ်ဆေးကိုအာလူးစိုက်ပြီး မိုးဖြိုင်ဖြိုင်စရွာသည့်ကာလတွင် (မိုးမရွာသည့် မနက်ပိုင်း၌ အချိန်လု၍) စတင်ပက်ဖျန်းပါ။မိုးအုံ့မှိုင်းခြင်း၊ မိုးဆက်တိုက်ရွာခြင်းများ ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေပါက မိုး အခြေအနေကို ကြည့်၍ ၅ ရက်ခြားမှ ၁၀ရက်ခြားထပ်မံဖျန်းပါ။ နေပူသည့် နေ့များဆက်တိုက်ဖြစ်ပေါ်နေပါ က ဆေးဖျန်းရက်ကို သင့်တော်သလို ခြားနိုင်ပါသည်။
- မတ်-ဧပြီလတွင် စိုက်သည့် ကုန်းအာလူးသည် နောက်ပိုင်းကာလအနည်းငယ်သာ ရောဂါကျတတ်ပြီး ဧပြီ-မေတွင် စိုက်သည့် မိုးအာလူးသည် စိုက်ချိန်အလယ်ပိုင်းခန့်တွင် ရောဂါကျတတ်ပါသည်။ သြဂုတ်လ စိုက် အာလူးတွင်မူ အပင်ပေါက်ကတည်းကမိုးများသဖြင့် ရောဂါစကျနိုင်ပြီး ဆေးကြိုတင်ပက်ဖျန်းရန် လိုအပ်ပါသည်။
- မည်သည့်အချိန်တွင် စိုက်သည်ဖြစ်စေကာမူ မိုးစွေသော ကာလများရှိလာပါက ဆေးစတင်ပက်ဖျန်းသင့်ပါသည်။ ရောဂါမြင်ရမှ ဆေးစဖျန်းလျှင် နိုင်ရန်မလွယ်ပါ။
ကျမ်းကိုး- သီးနှံပင် ရောဂါများ(စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)
အာလူးတွင် ကျရောက်တတ်သော ရောဂါများနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ဩဘာ- Facebook Page တွင် လာရောက်မေးမြန်းနိုင်ပါသည်ခင်ဗျာ
