ကွမ်း ဆီစွန်း၊ ရိုးမဲ၊ ဆစ်ပြုတ်ရောဂါ
ကွမ်းပင်၏ ကိုင်းများမှ စတင်၍ ကျရောက်သော ကွမ်း ဆီစွန်း၊ ရိုးမဲ ၊ ဆစ်ပြုတ် (Piper betle L.) ရောဂါသည် Colletotrichum species ကြောင့် အဓိက ဖြစ်ပွားသောရောဂါ ဖြစ်ပြီး အရွက်တွင် အစက်အပြောက်များကိုဖြစ်စေကာ အရွက်များခြောက်သွေ့ပြီး အရိုးများထိ မဲနက်ကာ အဆစ်မှ ပြုတ်ကြွေသည်အထိ ဖြစ်စေသော ရောဂါဖြစ်သည်။
ရောဂါလက္ခဏာများ
အရွက်ပေါ်တွင် အဝါရောင်ဆီစွန်းပြောက်၊ အကွက်အဖြစ် စတင်တွေ့ရသည်။ အနာကွက်ကျယ်ပြန့်လာ၍ ပုံသဏ္ဍာန်မမှန်သည့် အနာကွက်ကြီးဖြစ်လာပြီး အညိုရင့်ရောင်ပြောင်းကာ ခြောက်သွားသည်။
အညိုရောင်အနာကွက်ဘေးတွင် အဝါရောင်အရစ်ဖြင့် ဝန်းရံထားခြင်းမှာ ကွမ်းဆီစွန်းရောဂါ၏ လက္ခဏာဖြစ်သည်။
မိုးရာသီတွင် ရောဂါကူးစက်ပြန့်နှံ့မှု လျှင်မြန်၍ ပြင်းထန်လေ့ရှိသည်။
ကြာပါက အနာကွက် အလယ်သားကြွေကျ၍ အပေါက်ဖြစ်သွားသည်။ အဆစ်ကြားပိုင်းအရိုးပေါ်နှင့် အဆစ်နေရာတွင် အညိုရင့်ရောင် (သို့မဟုတ်) အနက်ရောင်အနာကွက်အဖြစ် တွေ့ရသဖြင့် ရိုးမဲဟုခေါ်သည်။ အဆစ်နေရာတွင်ဆွေး၍ အလွယ်တကူပြုတ်ထွက်သဖြင့် ဆစ်ပြုတ်ရောဂါဟုလည်းခေါ်သည်။
ရောဂါသည် အပင်ခြေသို့ရောက်ပါက တစ်ပင်လုံးရုတ်တရက် ညှိုးသေသွားနိုင်သည်။ နိုက်ထရိုဂျင်များသည့် ဓာတ်မြေသြဇာ သုံးပါက ပိုမိုဆိုးရွားလေ့ရှိသည်။
ကာကွယ်နှိမ်နင်းနည်း
ဈေးကွက်တင်ရန်အတွက် ကွမ်းရွက်များကို စီထပ်ရာတွင် ဆီစွန်းရောဂါရအရွက်များပါမသွားအောင် ဂရုတစိုက်ရွေးချယ်ဖယ်ရှားပါ။
ရောင်းတန်းဝင်အရွက်များခူးစဉ် ဆီစွန်းရောဂါရအရွက်များခူးခြင်းကို ရှောင်ပါ။ ရောဂါရအရွက်များကိုသီးခြားခူး၍ ခြံနှင့်ဝေးရာတွင် မြေနက်နက် (၃ပေ) တူးမြှုပ်ပါ။
နိုက်ထရိုဂျင်များများကျွေးခြင်းမပြုရ။
ပိုတက်မြေသြဇာကို မကြာခဏကျွေးပါ။
အပင်ခြေရေမဝပ်အောင်ရေနုတ်စနစ် သေချာစွာပြုပြင်၍ ချက်ချင်းထုတ်ပေးပါ။
ဤရောဂါဖြစ်ပွားတတ်ပါက အပင်ပေါ်မှ ရေဖျန်းစနစ် အသုံးမပြုပါနှင့်။ မိုးများသည့်အရပ်တွင် တန်းကြားနှင့် ပင်ကြားကျဲကျဲထားပါ။ အလင်းရောင်ရအောင် အမိုးအကာများကို လှပ်ပေးပါ။
မိမိတို့ ကြုံတွေ့နေရတဲ့ သီးနှံပြဿနာတွေကို Myanma Awba Facebook Page Messengerမှ စိုက်ပျိုးရေးပညာရှင်ထံ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
