ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
ပေါင်းမြက်ရှင်းမှ သီးနှံထွက်မည်

မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံစိုက်လျှင်ဖြစ်စေ၊ ကြက်သွန်၊ ငရုတ်နှင့် ပဲမျိုးစုံသီးနှံ စိုက်လျှင်ဖြစ်စေ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးကို မဖြစ်မနေ အသုံးပြုနေကြသော်လည်း ပေါင်းရှင်းမှုကို အလေးထားလုပ်ကိုင်မှု နည်းပါးလျက်ရှိသည်။

ဖျက်ပိုးနှင့် အပင်ရောဂါဆိုလျှင် ဂရုတစိုက်ကာကွယ်နှိမ်နင်းကြပြီး ပေါင်းပင်ဆိုလျှင် အများစုသည် မြက်ကိုသာမြင်ကြ၊ သိကြသည်။ မိမိစိုက်ခင်း၌ ကိုယ်စိုက်ပျိုးသော သီးနှံမှလွဲလျှင် ကျန်သည့်အပင်မှန်သမျှ စိုက်ခင်းထဲရှိနေလျှင် ပေါင်းပင်ဖြစ်သည်။ မြက်မှာလည်း မြက်သီး၊ ကတောက်ဆတ်၊ မြက်မုန်ညင်း၊ ဝက်လာစသည် မြက်မျိုးပေါင်းများစွာရှိသည်။ တစ်နှစ်ခံပင်၊ နှစ်နှစ်ခံပင် ဆိုပြီးရှိကာ ပင်ပျော့များသည် တစ်နှစ်ခံပင်ဖြစ်ကြသည်ကများသည်။ တစ်နှစ်ခံပေါင်းပင်များသည် နှိမ်နင်းမှုလွယ်သော်လည်း နှစ်ရှည်ခံပေါင်းပင်သည် သန်မာ၊ မြန်ဆန်၊ ကြီးထွား၊ ပြန့်နှံ့သဖြင့် မျိုးပွားမှုကောင်းသည်။ အမြစ်များမြေကြီးနက်နက်အထိ ဆင်းနိုင်ကြသည်။ နှစ်ရှည်ပေါင်းပင်ကို ဆွဲနှုတ်လျှင် မြေပေါ်ပိုင်းဖြတ်တောက်၍ ရှင်းလင်းသွားသော်လည်း မြေကြီးထဲ၌ အမြစ်ဇုံများ ကျန်ရစ်ခဲ့သည်။ လွယ်လွယ်နှင့်ရှင်းရန်မရနိုင်ပေ။

ပေါင်းရှင်းပေါင်းနှိမ်ရာတွင် စိုက်ပျိုးပြီးတစ်လအတွင်း အပြောင်ရှင်းရသည်။ စိုက်ပျိုးသီးနှံပန်းမပွင့်မီ ပြုလုပ်ရသည်။ အကြောင်းကြောင်းကြောင့် သီးနှံပင်အစောပိုင်းကာလ ပေါင်းမရှင်းနိုင်ကြသဖြင့် ပန်းပွင့်၊ အနှံ၊ အဆံထွက်မှ ပေါင်းရှင်းနိင်ကြလျှင် သီးနှံအအထွက် သိသိသာသာကျသွားသည်။

ထို့ကြောင့် မဖြစ်မနေ စိုက်ပြီးတစ်လအတွင်း ပေါင်းရှင်းသင့်သည်။ ဥပမာ မြေပဲပင်သည် အောက်ကိုင်းမှအပွင့်ကို အတောင့်အသီးဖြစ်ရန် အားထားရသဖြင့် အစောပိုင်းကာလမြေပဲပန်းမပွင့်မီ ပေါင်းရှင်းပေးမှ အထွက်ကောင်းသည်မှာ အခြားသောသီးနှံများထက် ပို၍ဂရုစိုက်ရသည်။

ယခုအချိန်တွင် လုပ်သားရှားပါးလာသောကြောင့် ကောက်စိုက်၊ ကောက်ရိတ် သီးနှံခူးဆွတ်၊ နုတ်ဖော်ချိန်များ နောက်ကျကုန်သည်။ ပေါင်းရှင်းလုပ်သားများခက်ခဲလာမှုကြောင့်လည်း ပေါင်းမနှိမ်နင်းနိုင်ကြသည်များလည်းရှိသည်။ ရိတ်သိမ်းလိုက်သော သီးနှံစေ့များတွင် ပေါင်းစေ့မြက်သီးပါလာ၍ ဈေးလဲမရ၊ ပေါင်းလဲပို၍ ပျံ့ပွားစေသည်။

ပေါင်းသတ်ဆေးများသည် ပိုးသတ်ဆေး၊ အပင်ရောဂါမှိုသတ်ဆေးတို့ကဲ့သို့မဟုတ်သောကြောင့် ရွေးချယ်ရှိနှင့် ရွေးချယ်မဲ့ပေါင်းသတ်ဆေးကို ခွဲခြားသိသင့်သည်။ တစ်ချို့သောပေါင်းသတ်ဆေးသည် သီးနှံမစိုက်မီဖျန်းရသည်။ ပေါင်းသတ်ဆေးကို တစ်မျိုးတည်းသုံးခြင်းထက် နှစ်မျိုးသုံးမျိုး လှည့်ပတ်သုံးစွဲခြင်းက ပိုထိရောက်မှုရှိသည်။ ပေါင်းရှင်းမှုခက်ခဲလာပြီး လုပ်သားမရသည်ကို ပေါင်းသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။ သို့သော် ပေါင်းသတ်ဆေးအကြောင်းနှင့် အမျိုးအစား၊ အသုံးပြုနည်းကို သေချာသိဖို့လိုအပ်သည်။ မသိပါက နီးစပ်ရာစိုက်ပျိုးရေးဝန်ထမ်းများကို မေးမြန်းနိုင်သည်။

News

ဆက်စပ်သတင်းများ

September 20, 2024