ကြက်သွန်တွင်ကျရောက်တတ်သော အဖြစ်များသည့် ရောဂါများမှာ ဂျိုလိန်ရောဂါ၊ ဥပုတ်ရောဂါ (ခေါင်းပုတ်) ၊ဘတ်တီးရီးယားဥပုတ်ရောဂါ၊ တောက်တဲ့မြီးရောဂါ၊ ဒေါင်းနီးရောဂါ တို့ဖြစ်ကြပါသည်။ ထိုရောဂါများထဲမှ ကြက်သွန်တောက်တဲ့မြီးရောဂါ (Purple Blotch) အကြောင်းကိုပြောပြသွားပါမည်။
ရောဂါဖြစ်ပွားပုံ
တောက်တဲ့မြီးရောဂါသည် Alternaria porri မှိုကြောင့်ဖြစ်ပြီး ကြက်သွန်စေ့နှင့် ရောဂါရသောအစိတ်အပိုင်းများတွင် မှိုမျှင်စုအဖြစ်ခိုအောင်းလေ့ရှိသည်။
အင်းဆက်များ၊ လေနှင့် သွင်းရေများမှတစ်ဆင့် မှိုစပိုးများပြန့်နှံ့ပြီး ကြက်သွန်ပျိုးခင်းနှင့် စိုက်ခင်းရှိကြက်သွန်ပင်များပေါ်သို့ရောက်ရှိသွားသည်။
ထင်ရှားသောရောဂါလက္ခဏာများ
ကြက်သွန်မြိတ်ပေါ်တွင် အဝါဖျော့ရောင် ဘဲဥပုံ ရှည်မျောမျောအနာကွက်အဖြစ် စတင်တွေ့ရှိခြင်း၊ အနာကွက် တဖြည်းဖြည်းကျယ်ပြန့်လာပြီး မကြာမီအနာကွက်လယ်တွင် ပန်းရောင်ပြောင်းသွားခြင်း၊ ကြက်သွန်မြိတ်ကျိုးကျခြင်းနှင့် အနာကွက်များပေါင်းပြီး အမြိတ်ခြောက်သွားခြင်း၊
ဥကြီးထွားမှုကို ထိခိုက်လျော့နည်းစေခြင်း၊
အစေ့ထုတ်ကြက်သွန်ခင်းရှိ ပွင့်ခံတိုင်တွင်ကျပါက အစေ့မတည်မီ ပွင့်ခံတိုင်ကျိုးကျမှုကြောင့် အစေ့မတည်ဘဲ မျိုးစေ့အထွက် သိသာစွာလျော့နည်းစေခြင်း စသည့်လက္ခဏာများကိုတွေ့ရှိနိုင်သည်။
ကာကွယ်နှိမ်နင်းနည်းများ
ရောဂါရအခင်းရှိ အပင်အကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပါ။
စိုက်ခင်းကို ရေသွင်း၊ ရေထုတ်လုပ်ပေးပြီး ရေမဝပ်စေရန် ဂရုစိုက်ပါ။
မှိုသတ်ဆေးသုံးလိုပါက ယူနတီ၊ ပရိုဝမ်း၊ သြဘာစွယ်စုံကို (၇-၁၀)ရက်ခြားတစ်ကြိမ်ဖြင့် တစ်လှည့်စီ ကြိုတင် ပက်ဖျန်းကာကွယ်နိုင်သည်။
တောင်သူဦးကြီးတို့ရဲ့ ကြက်သွန်စိုက်ခင်းများ ရောဂါကင်းရှင်းပြီး အထွက်တိုးကြပါစေ။