ပေါင်းမြက်အကြောင်းသိကောင်းစရာများ
ပေါင်းမြက်တွေဟာ သီးနှံပင်အတွက် အဓိက လိုအပ်တဲ့ နေရောင်ခြည်၊ ရေ၊ အာဟာရတို့ကို လုယူစားသောက်ပြီး စိုက်ခင်းတွေရဲ့ အထွက်နှုန်းကို ဆိုးဝါးစွာ ထိခိုက်လျှက်ရှိနေပါတယ်။
ဒါကြောင့် မည်သည့်သီးနှံတွင်မဆို ပေါင်းပင်များကို အပင်သက်တမ်း (၁)လအတွင်း အချိန်မှီ နှိမ်နင်းနိုင်မှသာ အထွက်နှုန်းမြင့်မားစွာ ရရှိနိုင်မှာဖြစ်ပါတယ်။
ပေါင်းမြက်မှာ မြက်အုပ်စု၊ မုန်ညင်းအုပ်စုနှင့် ရွက်ပြန့်ပေါင်းအုပ်စုဆိုပြီး အဓိက ပေါင်းအုပ်စု (၃) မျိုးရှိပါတယ်။
မြက်အုပ်စုမှာ ဆင်ငိုမြက်၊ ဝမ်းဘဲစာ၊ မြက်သီး၊ ဒေါင်းမြီးပျံ၊ မြေစာ၊ မြက်ကြိမ်၊ မြက်ခါး၊ လက်သည်းခွ၊ လက်သည်းကွဲ၊ တက်ကွက်၊ ငသယောင်၊ ရေမချိုးရေမဆွတ် စသည်တို့ပါဝင်ပါတယ်
မုန်ညင်းအုပ်စုတွင် မုန်ညင်းစိမ်း၊ မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး၊ ဝက်လာ၊ မုန်ညင်းဥနက်၊ စသည်တို့ ပါဝင်ပြီး
ရွက်ပြန့်ပေါင်းအုပ်စုမှာတော့ ကတောက်ဆက်၊ မှိုနတို၊ လယ်ပတူ၊ ဆေးပုလဲ၊ ကြိတ်မှန်၊ ကျွဲကြောင်မင်၊ လေးညှင်း၊ လိပ်ရင်ဘက်၊ ဟင်းနုနွယ်၊ ဗေဒါ စသည်တို့ ပါဝင်ပါတယ်
၎င်းပေါင်းပင်တို့သည် ရှင်သန်နိုင်မှုပေါ် မူတည်၍ တစ်နှစ်ခံမြက်များရှိသလို နှစ်ရှည်မြက်ပေါင်းများလည်း ရှိပါတယ်။
တစ်နှစ်ခံပေါင်းဆိုသည်မှာ တစ်နှစ်အတွင်း ရှင်သန်ကြီးထွား၊ မျိုးပွားပြီး သေဆုံးသွားတဲ့ ပေါင်းကို ဆိုလိုပါတယ်။ အစေ့မှ ရှင်သန်ကြီးထွားကြသလို နောက်နှစ်တွင် အပင်သစ်များ ထွက်လာအောင် အစေ့များစွာကို ပွားများနိုင်သည်။
နှစ်ရှည်ခံပေါင်းများသည် နှစ်နှစ်နှင့် အထက် ရှင်သန်ကြီးထွားနိုင်သော ပေါင်းများကို ဆိုလိုပါတယ်။ အစေ့မှတစ်ဆင့်လည်း ရှင်သန်ပွားများနိုင်သလို အမြစ်မှတစ်ဆင့်လည်း ပွားများနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း တူညီသော အမြစ်တစ်ခုတည်းမှ ပွားများနိုင်သည်။
ပေါင်းအုပ်စုများကိုကောင်းစွာ သိရှိနားလည်ထားမှသာ မိမိစိုက်ခင်းအတွင်း ပေါက်ရောက်သော ပေါင်းအမျိုးအစားအလိုက် မှန်ကန်သော ပေါင်းသတ်ဆေး အမျိုးအစားများကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ရွေးချယ်မှု မကိုက်ညီပါက (သို့) သတ်မှတ်ထားသော တစ်ဧက နှုန်းထား၊ ဆေးပုံးနှုန်းထားထက် ပိုမိုသုံးစွဲပါက စိုက်ပျိုးထားသော သီးနှံပင်များ လောင်ကျွမ်းဆုံးရှုံးနိုင်သည့်အတွက် ဆေးဗူးတွင် ပါသော အညွှန်းအတိုင်းသာ သုံးစွဲရမှာဖြစ်ကြောင်း သတိပေးလိုက်ရပါတယ်ခင်ဗျာ...