ငမြောင်တောင်သည် အဆိုးဝါးဆုံးသောဖျက်ပိုးတစ်မျိုးဖြစ်ပြီး တောင်သူကြီးများ၏ ပဲမျိုးစုံသီးနှံစိုက်ခင်းအထွက်ကို သိသာစွာလျော့နည်းစေပါသည်။ ပိုးမကျခင်အချိန်မီ ကာကွယ်နှိမ်နင်းခြင်းမပြုလုပ်ခဲ့ပါလျှင် တစ်ပင်မှ တစ်ပင်၊ တစ်ခင်းမှတစ်ခင်း ကူးစက်ပြန့်ပွားကာ မိမိသီးနှံအထွက်နှုန်း ရာနှုန်းပြည့်နီးပါးပျက်စီးသွားနိုင်ပါသည်။
ဖျက်ဆီးမှုလက္ခဏာများမှာ ပဲပင်တစ်ပင်လုံးကို နွားစားထားသကဲ့သို့ ငုတ်တိုရိုးပြတ်များဖြစ်အောင် ဆိုးဝါးစွာဖျက်ဆီးသည်။ အပင်ကြီးတွင်ကျပါက ဥမြုံတစ်ခုမှ ပေါက်သည့် လောက်ကောင်ငယ်များသည် အရွက်၏အစိမ်းရောင်အပိုင်းကို ခြစ်၍စားသောက်သည်။ လောက်ကောင်ကြီးလာပါက အရွက်၊ အပွင့်၊ အသီး၊ အစေ့များကို ကိုက်ဖြတ်စားသောက်သည်ကိုတွေ့ရသည်။
သီးလုံးဖောက်ပိုး (ပွင့်ထွေးပိုး ) သည် အပွင့်အဖူးတွေမှာ ချဉ်မျှင်ရက်ပြီး ဖျက်ဆီးသည်။
ပင်စည် ၊ အညွန့်ထိပ်၊ သီးတောင့်များကို ထိုးဖောက်စားသည်။ ပန်းစပွင့်ကတည်းက ဖျက်ဆီးမှုကြောင့် သီးတောင့်တွေပုံပျက်နေခြင်း၊ အစေ့အဆံ အရည်အသွေးကျဆင်းခြင်း၊ အပင်ပေါ်တွင်အညစ်အကြေးများကို တွေ့ရှိရမည်။
ကာကွယ်နှိမ်နင်းနည်း
• ဖျက်ပိုးများမခိုအောင်းနိုင်စေရန် စိုက်ခင်းအတွင်း ပေါင်းများရှင်းပေးခြင်း၊
• စိုက်ချိန်စောစွာ စိုက်ပျိုးခြင်း၊
• သက်တမ်းတူသောမျိုးများကို တစ်ပြိုင်နက်စိုက်ပျိုးခြင်း၊
• သီးလှည့်စိုက်ခြင်း၊
• အလင်းထောင်ချောက်များ ပြုလုပ်ခြင်း၊
• ဥမြုံများနှင့်လောက်ကောင်များအားလက်ဖြင့်ကောက်ယူဖျက်ဆီးခြင်း၊
• အရမ်းဆိုးရွားပါက မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခြင်း နှင့် ပိုးသတ်ဆေးဖြင့် နှိမ်နင်းခြင်း တို့ကိုပြုလုပ်ရပါမည်။
ပိုးသတ်ဆေးသုံး၍ နှိမ်နင်းမည်ဆိုပါက
၁) အလန်း ပိုးသတ်ဆေးကို ဆေးတစ်ပုံးတွင် ၂၀ ဂရမ်ထည့်၍ ဝမ်းဒါးစွဲကပ်ပြန့်ဆေး ၁၀စီစီဖြင့်ရောကာ တစ်ဧက ၅ပုံနှုန်းဖြင့်နှံ့စပ်စွာဖျန်းပေးပါ။
၂) ပိုးအရမ်းဆိုးပါက ငှက်ကြီးတောင် ၂၀ စီစီကို ဝမ်းဒါးစွဲကပ်ပြန့်ဆေး ၁၀စီစီဖြင့်ရောပြီး တစ်ဧက ၅ပုံးနှုန်းဖြင့်နှံ့စပ်စွာဖျန်းပေးပါ။
ပိုးသတ်ဆေးတစ်မျိုးတည်းကို ဆက်တိုက်အသုံးပြုခြင်းသည် ဆေးယဉ်ပါးမှုကိုဖြစ်စေသောကြောင့် ဆေးအုပ်စုမတူသော ဆေးများကိုအလှည့်ကျ ပက်ဖျန်းပေးပါ။