ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-11
Share to
နှင်းဆီပန်းခင်းကို ဖျက်ဆီးနိုင်တဲ့ လှေးပိုး

စိုက်သမျှ နှင်းဆီခင်းမှာ ပိုးမွှားကင်းစင်ပြီး ပန်းပွင့်လေးများ ငွားငွားစွင့်စွင့်နဲ့ အရောင်အသွေးလှလှ ဖူးပွင့်နေတာကို မြင်ချင်တာ ကျွန်တော်တို့ တောင်သူကြီးတွေရဲ့ အိပ်မက်ပါပဲ...

ဒါပေမယ့် ပန်းပွင့်လေးတွေကို အရောင်အသွေး ပျက်ပြားအောင် လုပ်နေတဲ့ အရာတစ်ခုက ရှိနေပါတယ်။ တောင်သူကြီးတိုင်း ကြောက်ကြရတဲ့ အတော်ဆိုးဝါးလှတဲ့ လှေးပိုးပေါ့ဗျာ....

လှေးပိုးဟာဆိုရင် ပင်ရည်ကို စုပ်စားတဲ့ ပိုးမျိုးဖြစ်တာကြောင့် အရွက်၊ အညွှန့်၊ အဖူး၊ ပွင့်ဖက်များကို ပုံမမှန်၊ အရောင်မလှတွေ ဖြစ်စေပြီး ရောင်းပန်းကျစေတာပေါ့။

လှေးပိုးတွေဟာ အများအားဖြင့် ပန်းပွင့်အထဲ (သို့မဟုတ်) အရွက်ရဲ့ အောက်ဘက်မျက်နှာပြင်မှာ နေထိုင်ကြပြီး ရုပ်ဖုံးအဆင့်ရောက်ပြီဆိုရင် မြေကြီးနှင့် အောက်ပိုင်းအရွက်များတွင် နေထိုင်လျက်ရှိကြပါတယ်။

လက္ခဏာအနေဖြင့် အရွက်ကြောများ၊ ပွင့်ဖတ်များနှင့် အဖူးများတွင် ထင်ရှားသော အညိုရောင် ဒဏ်ရာများ ပေါ်လာပြီး အရွက်ပေါ်တွင် အညိုဖျော့ရောင် အစက်ပြောက်များ ပေါ်လာတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် အရွက်များတွန့်ခြင်း၊ ခြောက်ခြင်း၊ အညွန့်နှင့် ပန်းပွင့်များ ပုံမမှန်ဖြစ်ခြင်းတို့လည်း ဖြစ်စေပါတယ်။

လှေးပိုးရဲ့ ဘဝစက်ဝန်းကို ကြည့်မယ်ဆိုရင် အခြားလှေးပိုးများကဲ့သို့ အပူချိန်မြင့်သောအချိန်တွင် ပိုမို ကျရောက်လေ့ရှိပြီး ဥမှအကောင်ကြီးအဆင့်ထိ (၁၅) ရက်မှ (၁) လအထိ သက်တမ်းကြာမြင့်နိုင်ပါတယ်။ ရာသီဥတုအခြေအနေပေါ်မူတည်၍ တစ်နှစ်ပတ်လုံး အကြိမ်ပေါင်းများစွာ ပေါက်ပွားနိုင်တဲ့ ပိုးကောင်ဖြစ်ပါတယ်။ ကိုင်တွယ်ဖြေရှင်းထိန်းချုပ်ဖို့ ခက်ခဲတဲ့ ပိုးထဲမှာ လှေးပိုးဟာလည်း အပါအဝင်ပေါ့ဗျာ...

ဒါကြောင့် ဆေးသုံးတဲ့အခါမှာဆိုရင် သက်ဆိုင်ရာမှ ညွှန်ကြားပေးသော ဆေးများကို လိပ်ပတ်လည်အောင် သုံးစွဲပေးဖို့ လိုအပ်ပါတယ်။

အရောင်အသွေးလှပသော ပန်းခင်းများ ပိုင်ဆိုင်ကြဖို့ရာ အခြားသော ကာကွယ်နှိမ်နင်းများကို ဆက်လက်လေ့လာကြည့်ရင်း လှေးပိုးအန္တရာယ်ကို ကာကွယ်ကြစို့လားဗျာ...

ကာကွယ်နှိမ်နင်းနည်း

● ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးပါ။

● အပင်၏ အနီးနားတွင် အဝါရောင်စေးကပ်သော ထောင်ချောက်များထား၍ လှေးပိုးကျရောက်မှု ရှိမရှိ စစ်ဆေးနိုင်သည်။

● လှေးပိုးခိုအောင်းမှုများ မရှိစေရန် စိုက်ခင်းအတွင်းနှင့် အနီးတစ်ဝိုက်ရှိ ပေါင်းမြက်များ၊ ချုံပုတ်များ ရှင်းလင်းပေးပါ။

● ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပေးပါ။

● နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ပါ။

● ပိုးသတ်ဆေးအသုံးပြုလိုပါက တော်ပီဒို၊ ဘလိတ်၊ ဘက်တား ဆေးများကို တစ်လှည့်စီ အသုံးပြုနိုင်ပါသည်။

News

ဆက်စပ်သတင်းများ